သတင်း

ပင်လုံ၌ ကျင်းပမည့် CSSU ၏ အကြို လူထုတွေ့ဆုံပွဲ တားဆီးခံရ

Want create site? Find Free WordPress Themes and plugins.

ရှမ်းလူမျိုးများ အလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကျင်းပသည့်အခါ လူထု၏အသံကို တင်ပြနိုင်ရေး ရှမ်းပြည် ညီညွတ်ရေးကော်မတီ(CSSU) က ဦးဆောင်၍ ပင်လုံမြို့၌ အကြိုလူထု တွေဆုံပွဲ ကျင်းပရန် ပြင်ဆင်နေစဉ် တပ်မတော်က ခွင့်မပြုဟုဆိုကာ တားဆီးလာကြောင်း သတင်း ရသည်။

CSSU သည် ယနေ့ ဒီဇင်ဘာ ၁၇ ရက်၌ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့တွင် ဒေသခံများနှင့် အကြို လူထုတွေ့ဆုံပွဲ ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်ကြောင်း၊ တပ်မတော်မှ အရှေ့အလယ်ပိုင်း စစ်ဌာနချုပ် တိုင်းမှူးက ခွင့်မပြုဟု ဆိုကာ အင်အား ၆၀ ဝန်းကျင်ခန့်ဖြင့် လာရောက် တားဆီး ခြင်းဖြစ်ကြောင်း ရှမ်းပြည် ပြန်လည်ထူ ထောင်ရေး ကောင်စီ(RCSS/SSA)၏ လူမှုရေး ကိုယ်စားလှယ် နန်းယိင်းက ပြောသည်။

“အရှေ့အလယ်ပိုင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက တားတာလို့ ပြောတယ်၊ ခွင့်မပြုနိုင်ဘူးဆိုပြီးတော့ ပင်လုံ-အမှတ် ၂ (ဝန်တင်)တပ်ရင်းက တပ်ရင်းမှူး ကိုယ်တိုင်ပါတယ်။ ပြီးတော့ လွိုင်လင်တပ်လည်းပါ တယ်။ အင်အားက ၆၀ ဝန်းကျင်လောက်ရှိတယ်။ ရှမ်းပြည်နယ်အစိုးရကို ကျမတို့ စာတင်ထားသလို UPDJC က လည်း ခွင့်ပြုထားတယ်။ အခုလို တားတာက မကောင်းဘူး။ ရှမ်းလူမျိုးများအလိုက် ဆွေးနွေးပွဲ လုပ်ဖို့ လူထုနဲ့တွေဆုံတာ လူထုအသံကို လာနားထောင်တာပါ။ ဒါကို တားတာတော့ ငြိမ်းချမ်းရေး အတွက် မကောင်းဘူး။ ဒီလိုဆို မလွယ်လောက်ဘူး။ ဒီနေ့ညနေ ၄နာရီမှာ လုပ်ဖို့ ပြင်ထားတာ ဒီက ဒေသခံတွေကို ခွင့်မပြုဘူး ဆိုပြီး လက်နက်အပြည့်အစုံနဲ့ဝင်လာပြီး တားတယ်။ လက်နက်တွေနဲ့တော့ မဝင်လာသင့်ပါဘူး” နန်းယိင်းကဆိုသည်။

ရှမ်းလူမျိုးများ အလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို RCSS က ဦးဆောင်၍ လင်ခေးမြို့ ၌ ကျင်းပခွင့်ပြုကြောင်း ၂၀၁၇ ခုနှစ်၊နိုဝင်ဘာလက ကျင်းပခဲ့သော JICM အစည်းအဝေးမှာ ချမှတ်ခဲ့ ပြီးဖြစ်သည်။

ရှမ်းပြည် ညီညွတ်ရေးကော်မတီ(CSSU)တွင် RCSSက ပါဝင်ကာ ဥက္ကဋ္ဌ နေရာကို ရယူထားပြီး ရှမ်းလူမျိုးများ၏ အသံကို ရယူနိုင်ရေးအတွက် အကြိုလူထု တွေ့ဆုံပွဲများ ပြုလုပ်နေရာ မကြာသေးမီ ကလည်း တောင်ကြီးမြို့၌ တွေ့ဆုံပွဲကျင်းပခဲ့သေးသည်။

ယခု ပင်လုံမြို့၌ ကျင်းပမည့် အကြို လူထုတွေ့ဆုံပွဲနှင့် ပတ်သက်၍လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ဒီဇင်ဘာ ၁၀ ရက်က အသိပေး အကြောင်းကြားထားကြောင်း၊ သို့သော် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်က ခွင့်မပြုဟု ယခုလာရောက် တားမြစ်လာခြင်းဖြစ်ကြောင်း နန်းယိင်းက ဆက်လက် ရှင်းပြသည်။

၂၀၁၇ နိုဝင်ဘာ ၁၇ရက်နေ့ ပင်လုံတွင် ကျင်းပမည့် CSSU၏ အကြိုလူထုတွေ့ဆုံပွဲ ကို တပ်မတော်မှ လာရောက်တားဆီးစဉ်(ဓာတ်ပုံ – နန်းယိင်း)

အလားတူူ ပြီးခဲ့သည် ဒုတိယ ပင်လုံညီလာခံ မတိုင်မီ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ရှိ ရှမ်းလူမျိုးများနှင့်တွေ့ဆုံကာ ဆွေးနွေးမှုများ ပြုလုပ်ထားပြီဖြစ်သည်။

ထိုသို့ အကြို လူထု တွေဆုံပွဲများကို တားဆီးနေခြင်းကြောင့် ယုံကြည်မှုများ ပျက်သွားမည်ကို စိုးရိမ် ကြောင်း RCSS ၏ လူမှုရေး ကိုယ်စားလှယ် နန်းယိင်းက ပြောသည်။

အဆိုပါ တားဆီးမှုနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင်ကို ဧရာဝတီက ဆက်သွယ်သော်လည်း ဖုန်းပိတ်ထားသည့် အတွက် တစုံတရာ မသိရှိရပေ။

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို လာမည့် ဇန်နဝါရီလထဲမှာ ကျင်းပ သွားရန် RCSS အပါအဝင် ရှမ်းနိုင်ငံရေး ပါတီများက ပြင်ဆင်နေခြင်းဖြစ်ပြီး၊ ယင်းဆွေးနွေးပွဲများမှ ထွက်ပေါ်လာမည့် ရှမ်းလူထု၏ အသံကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးအပတ်၌ ကျင်းပမည့် ၂၁ ရာစု ပင်လုံ ညီလာခံတွင် တင်ပြဆွေးနွေးသွားမည်ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading