Reuters သတင်းဌာနမှ သတင်းထောက် ၂ ဦးကို ပြည်ထဲရေး ဝန်ကြီးဌာနမှ အစိုးရ လျှိုဝှက်အက် ဥပဒေ ပုဒ်မ ၃ ဖြင့် အရေးယူထားခြင်းအပေါ် မည်သို့ ဆက်လက်ဆောင်ရွက်နေသည်ကို သေချာ မသိသေးကြောင်း၊ ယနေ့ နေပြည်တော် တွင် ကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနား၌ ပြန်ကြားရေးဝန်ကြီး ဒေါက်တာ ဖေမြင့်က ပြောသည်။
“ဒီဟာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဘယ်လို ဆက်ပြီး ဆောင်ရွက်နေလဲဆိုတာ သေချာ မသိရ သေးဘူး။ သေချာသိမယ့် အချိန်ကျမှပဲ ကျနော်တို့ လုပ်နိုင်တာလေးတွေ ပြောလို့ရမှာပါ။ သတင်း သမားတွေမှာ ပြဿနာ အခက်အခဲရှိရင်တော့ တတ်နိုင်သရွေ့ ကူညီဆောင်ရွက်ပေးပါ တယ်”ဟု၎င်းကဆိုသည်။
ယခင်က သတင်းထောက်များ ဖမ်းဆီး အရေးယူခံရခြင်းများကိုလည်း ကူညီဆောင်ရွက်ခဲ့ကြောင်း၊ ယခု Reuters ဖြစ် စဉ်တွင်လည်း အခြေအနေများကို ပြည့်ပြည့်စုံစုံ တိတိကျကျ သိရသည့်အခါ ယင်းအချက်အပေါ် မူတည်၍ လိုအပ်သလို လုပ်ကိုင်ဆောင်ရွက်သင့်သည့် ကိစ္စများကို ဆောင်ရွက်ပေးသွားမည်ဟု ဦးဖေမြင့်က ပြောသည်။
Reuters သတင်းထောက်များဖြစ်သည့် ဦးသက်ဦးမောင် ခေါ် ဝလုံးနှင့် မိုးအောင် ခေါ် ဦးကျော်စိုးဦး တို့ကို ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသတွင်း အကြမ်းဖက်မှုများနှင့် ပတ်သက်သည့် အစီအရင်ခံစာ စာရွက်စာတမ်းများ လက်ဝယ်တွေ့ရှိသည်ဆိုကာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ရက်နေ့ ည ၁၁ နာရီ မိနစ် ၃၀ တွင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် ရဲစခန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က “မူအရပြောရ ရင် ဒီလို ဖမ်းတာဆီးတာကို ကျနော်တို့ လက်မခံဘူး။ လူ့အခွင့်အရေး ကြေညာချက် Article 19 အရ ဒီလို လုပ်လို့ မရဘူး။ ပြည်သူလူထုဟာ Right to Know (သိပိုင်ခွင့်) ရှိရမယ်။ Access to Information (သတင်း ရယူပိုင်ခွင့်) ရှိရမယ်။ မီဒီယာတွေ အကုန်လုံးက ဒီအခြေခံတွေ အပေါ်မှာ အလုပ်လုပ်နေကြတာလေ။ အဲဒါကြောင့် မူအရ လက်မခံဘူး”ဟု ပြောသည်။
ထို့ကြောင့် အဖြစ်အပျက်များကို ဆက်လက် လေ့လာရဦးမည် ဖြစ်ပြီး မီဒီယာများက ယခုကိစ္စကို အသင်းအဖွဲ့မှ တဆင့် တောင်းဆိုခြင်း၊ ပြန်ကြားရေး ဝန်ကြီးဌာန၏ အကူအညီဖြင့် ပြည်ထဲရေးသို့ ဆက်သွယ်ဆောင်ရွက်ခြင်းတို့ ပြုလုပ်သင့် ကြောင်း၊ နောက်ဆုံး မရရှိပါက သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံသို့ အကူအညီ တောင်းရမည် ဖြစ်ကြောင်း မုံရွာ အောင်ရှင်က ဆက်ပြောသည်။
ပြန်ကြားရေး ဝန်ကြီးဌာနမှ ရခိုင်ပြည်နယ် မြောက်ပိုင်းအရေး သတင်းရေးသားရန် အားထုတ်နေသော Reuters သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ဖမ်းဆီးရခြင်းမှာ “အရေးကြီးလုံခြုံရေး စာရွက်စာတမ်း အထောက် အထားများကို ပြည်ပသတင်းဌာန များသို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမဝင် သတင်းရယူ ဆောင်ရွက်ခဲ့သည်”ဟု ဖော်ပြခဲ့သည်။
ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာန လူမှုကွန်ရက် စာမျက်နှာတွင် ရာဇဝတ်သားများသဖွယ် စာရွက် စာတမ်းများ၊ မိုဘိုင်းဖုန်း များနှင့် ပိုက်ဆံများ ခင်းကျင်းပြသထားသည့် စားပွဲတလုံး နောက်တွင် မတ်တပ်ရပ်ပြီး လက်ထိပ်ခတ်ခံထား ရသော သတင်းထောက် ၂ ဦး၏ ဓာတ်ပုံကို ဖော်ပြခဲ့ခြင်း ကိုလည်း သတင်း မီဒီယာ အသိုင်းအဝိုင်းတွင် ကန့်ကွက်မှုများ ရှိခဲ့သည်။
ထိုလုပ်ရပ်သည် ပြန်ကြားရေးဝန်ကြီးဌာနက ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး မီဒီယာကို နှိပ်ကွပ်သည့် သဘော ဖြစ်နေကြောင်း ၊ ပြန်ကြားရေး မီဒီယာ မကူညီသည့်အပြင် အဆင်းတွင် ဘီးတပ်ပေးလိုက်ပြီး ဖြစ်၍ ပြန်ကြားရေး ဝန်ကြီးဌာနမှ အကူအညီ ရနိုင်ရေး မျှော်လင့်စရာ မရှိတော့ကြောင်း သတင်းလွတ်လပ်ခွင့် ကော်မတီ (ရန်ကုန်)မှ ကို သာလွန်ဇောင်းထက်က ပြောသည်။
“ဘာမျှော်လင့်စရာ ရှိသေးလို့လဲ။ တကယ်ဆိုရင် ပြည်ထဲရေးက ထုတ်ပြန်ချက်မှာ မျက်နှာဖုံးမထား တာတွေ၊ လူသတ် တရားခံတောင် မျက်လုံးလေး ကွယ်ပေးထားတာပဲ။ အခု သတင်းထောက်တွေကို မဖုံးမကွယ်ဘဲ ဒီအတိုင်းကြီးထည့်ထား မှတော့ သူတို့ဆီက ကျနော်တို့က ဘာမျှော်လင့်နေဦးမှာလဲ”ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကမူ Reuters သတင်းထောက် ၂ ဦးကိစ္စ အစည်းအဝေးကို မနက်ဖြန် ရန်ကုန်မြို့တွင် ပြုလုပ်မည် ဖြစ်ကြောင်း၊ ကောင်စီ၏ လှုပ်ရှားဆောင်ရွက်မှုများကိုလည်း ပြန်ကြားရေး ဝန်ကြီးဌာနသို့ အသိပေးပြောကြား တော့မည် မဟုတ်ဘဲ လုပ်စရာ ရှိသည် လုပ်နိုင်သည်များကို ကိုယ့်နည်း ကိုယ့်ဟန်ဖြင့်သာ ဆောင်ရွက်သွားမည်ဟု သိရ သည်။
အဆိုပါ Reuters သတင်းထောက် ၂ ဦး ဖမ်းဆီးသည့်ကိစ္စမှာလည်း နိုင်ငံတော် သမ္မတရုံး၏ ခွင့်ပြုချက်အရ ပြည်ထဲရေးဝန်ကြီး ဌာနက ဆောင်ရွက်ခြင်း ဖြစ်သည်။