ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာ သုဿန်၌ အမည် မသိ ရုပ်အလောင်းများ တွေ့ရှိ ထားရာလုံခြုံရေး တပ်ဖွဲ့ဝင်များ ထိုဖြစ်စဉ်၌ တစုံတရာပါဝင် ပတ်သက်ကြောင်း စစ်ဆေးတွေ့ရှိပါက တရားဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မနေ့က သတင်းထုတ်ပြန်သည်။
အမည်မဖော်လိုသူတဦးက အင်းဒင်ကျေးရွာ သုဿန်၌ လူများကို သတ်ဖြတ်ပြီး မြှုပ်နှံထားကြောင်း သတင်းပေးတိုင်ကြား သည့်အတွက် လုံခြုံရေး တပ်ဖွဲ့များက သွားရောက် စုံစမ်းရှာဖွေရာမှ တွေ့ရှိခဲ့ ခြင်း ဖြစ်ကြောင်းထုတ်ပြန်ချက်က ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၅ရက်နေ့ ARSA အကြမ်းဖက်အဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ပြီး နောက်၊ ယင်းဖြစ်စဉ် များအတွင်း အင်းဒင်ကျေးရွာသားများ ပိတ်မိနေခဲ့ရာ လုံခြုံရေး တပ်ဖွဲ့များက အင်အားဖြည့်တင်းကာ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ရသည်။
ယင်းကျေးရွာသို့ မကြာသေးမီက အစိုးရလျှို့ဝှက် အက်ဥပဒေ ပုဒ်မ ၃ဖြင့် အဖမ်းခံထားရသည့် Reuters သတင်းထောက် ၂ ဦးမှာ အင်းဒင်ကျေးရွာသို့ နှစ်ကြိမ်ရောက်ရှိခဲ့ပြီး မောင်တောတိုက်ပွဲ ဖြစ်စဉ်အတွင်းက အခြေအနေကို စုံစမ်းလေ့လာခဲ့ ကြောင်း၊ ယင်းသတင်းထောက် ၂ဦးကို ဒီဇင်ဘာ ၁၂ရက်နေ့က မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် ရဲစခန်းက ဖမ်းဆီးခဲ့သည်။
အဆိုပါ သတင်းထောက် ၂ဦး ဖမ်းဆီးခံရပြီး နောက် ဒီဇင်ဘာ ၁၅ ရက်နေ့တွင် အင်းဒင်ရွာမှ ရွာသားတဦးနှင့် မောင်တော မြို့နယ် လက်ထောက် ပညာရေးမှူးအပါအဝင် ကျောင်းဆရာ ၄ဦးကို သက်ဆိုင်ရာက ခေါ်ဆောင်ကာ စစ်တွေ အမှတ် ၁ရဲ စခန်းတွင် စစ်ဆေးခဲ့သည်။
ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် လက်ထောက်ပညာရေးမှူးနှင့် ကျောင်းဆရာ ၁ ဦးကို ရဲတပ်ဖွဲ့ဝင်များ ပြန်လည် လွှတ်ပေးခဲ့သော်လည်း ရွာသား ၁ ဦးနှင့် ကျောင်းဆရာ ၂ ဦးကိုမူ ဆက်လက် စစ်ဆေးနေဆဲဖြစ်ပြီး၊ မည်သည့်အတွက် ခေါ်ယူစစ်ဆေးနေသည်ကို မသိရပေ။
မနေ့ ဒီဇင်ဘာလ ၁၈ ရက် ညနေပိုင်းအချိန်ကလည်း နောက်ထပ် အင်းဒင်ကျေးရွာသား ၁ ဦးကို ရဲတပ်ဖွဲ့ဝင်များ က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကျေးရွာသားများက ပြောသည်။
“ဒီနေ့ ညနေပိုင်းက ရွာသား ၁ ဦးကို ဖမ်းသွားတယ်။ ဘာကြောင့်လဲတော့ ကျနော်တို့လည်း မသိဘူး။ နေ့လည်ပိုင်း ကတည်းက အင်းဒင် ရဲစခန်းရှေ့မှာ လုံခြုံရေး ကားတွေ ရောက်နေတာကို တွေ့တယ်။ ရွာသားတွေ အဖမ်းခံရတယ် ဆိုတော့ လူတွေ စိုးရိမ်ပြီး ကြောက်ကြတာပေါ့ ” ဟု အင်းဒင်ကျေးရွာ သား တစ်ဦးက ဧရာဝတီသို့ပြောသည်။
ရုပ်အလောင်များတွေ့ရှိခြင်းနှင့်ပတ်သက်၍ တပ်မတော် သတင်းထုတ်ပြန်ချက်၌ အရေအတွက် အသေးစိတ်အချက် များကို ဖော်ပြထားခြင်း မရှိသော်လည်း ဖြစ်စဉ်အမှန်ပေါ်ပေါက်နိုင်ရေး အတွက် အသေးစိတ် စုံစမ်းစစ်ဆေး မှုများပြုလုပ်နေကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရုံးက ထုတ်ပြန်ထားသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်မှစ၍ ဘူးသီးတောင်၊ မောင်တောဒေသ၌ ARSA အစွန်းရောက် အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှုကြောင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားခဲ့ရသဖြင့် နယ်မြေဒေသ ပြန်လည်တည် ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ရ ကြောင်း တပ်မတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ ဆောင်ရွက်ရာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများ (Rules of Engagement) နှင့်အညီ ဆောင်ရွက်သွားရန်နှင့် ချိုးဖောက်မှုရှိပါက ဥပဒေနှင့်အညီ အရေးယူသွား မည်ဖြစ်ကြောင်းကို အောက်ခြေအဆင့် ထိ အသိပေးညွှန်ကြားခဲ့ပြီးဖြစ်သည့်အတွက် ယခုဖြစ်စဉ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် တစ်စုံတစ်ရာပါဝင် ပတ်သက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိ ရပါက တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံက ထုတ်ပြန်ထားသည်။