အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရလိုလျှင် လွှတ်တော် ထဲတွင် ရောက်ရှိနေကြသော ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များ ကောင်းမွန်နေရန် လိုအပ်ကြောင်း NLD ဗဟိုအလုပ် အမှုဆောင် အတွင်းရေးမှူး ဦးဝင်းထိန်က သတိပေးပြောဆိုလိုက်သည်။
နေပြည်တော် ပျဉ်းမနားမြို့ရှိ သာသနာ့ဗိမ္မာန် ခန်းမတွင် ဒီဇင်ဘာလ ၁၈ ရက်နေ့က ကျင်းပခဲ့သော NLD ဗဟို အလုပ်အမှုဆောင် အတွင်းရေးမှူးများ အဖွဲ့ဝင်များနှင့် နေပြည်တော် ခရိုင် ၈ မြို့နယ် အလုပ်အမှုဆောင်များ တွေ့ဆုံပွဲသို့ တက်ရောက်လာသော ဦးဝင်းထိန် က သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးဝင်းထိန် က “၂၀၁၅ ရွေးကောက်ပွဲတုန်းကတော့ အမေစုပြောသလို၊ လူကိုမကြည့်ပါနဲ့ ပါတီကိုကြည့်ပါ။ မူကိုကြည့်ပါ။ အခု ၂၀၂၀ မှာတော့ ပါတီကြည့်ရုံနဲ့ မရဘူး။ မူကိုကြည့်ရုံနဲ့ မရဘူး။ အဲ့ဒီ လွှတ်တော်ကိုယ်စားလှယ်တွေက ကိုယ့်လွှတ်တော် မဲဆန္ဒနယ်မှာ ပြည်သူ လူထုအတွက် ဘယ်လောက် လုပ်ပေးခဲ့သလဲ။ ပြည်သူလူထု က သူတို့အတွက် ဘယ်လောက် အားကိုးမှု ရှိသလဲ။ ယုံကြည်မှုရှိသလဲပေါ့” ဟု ပြောသည်။
NLD ပါတီအနေဖြင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးမှုနှင့်အတူ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။
NLD အစိုးရဖြစ်လာပြီးနောက်ပိုင်း ဆောင်ရွက်မှုများနှင့် ပတ်သက်၍ တိုင်းနှင့် ပြည်နယ်အသီးသီး၌ ကွင်းဆင်း၍ လူထု၊ ပါတီဝင်များနှင့် တွေ့ဆုံ မေးမြန်းမှုများ ပြုလုပ်ရာတွင် ၎င်းတို့၏ မျှော်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ပေးမှု အားနည်းနေသည့် အပေါ် လူထုက အားမလို အားမရ ဖြစ်နေသည့် အသံများ ကြားခဲ့ရသည်ဟုဆိုသည်။
သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုထောက်ခံမှုကတော့ ကျဆင်းသွားခြင်း မရှိသေးကြောင်း ဦးဝင်းထိန် က ဆိုသည်။
တပ်ကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်တင့် က “၂၀၁၅ တုန်းက ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက် အများကြီး မပြနိုင်ခဲ့ဘူး။ ကြားဖြတ်မှာလည်း ဝင်ရတယ်။ အတိုက်ခံပါတီ အနေနဲ့လည်း နေရတယ်ဆိုတော့ အခုကတော့ ဦးဆောင် အစိုးရဖွ့ဲနိုင်တဲ့ ပါတီတဖွဲ့ အနေနဲ့တော့ ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက် ချက်နဲ့ ဘယ်လောက် ပေးနိုင်လဲဆိုတာ ကြည့်လာတော့မှာ ဖြစ်ပါတယ်” ဟု ဧရာဝတီ သို့ပြောသည်။
ပြည်သူလူထု ဆန္ဒမဲဖြင့် လွှတ်တော်ထဲရောက်ရှိနေသည့် NLD အမတ်အချို့၏ ဆောင်ရွက်များအပေါ် ဦးဝင်းထိန် က ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ပြီး လူထုအတွက် လုပ်ခွင့်ရရှိချိန်၌ မဆောင်ရွက်လျှင် အဘက်ဘက်တွင် ထိခိုက်မှုများ ရှိလာနိုင်သည်ဟု ထောက်ပြပြောဆိုသည်။
“တချို့လွှတ်တော် ကိုယ်စားလှယ်တွေက ရှင်းရှင်းပြောရရင် တာဝန်မကျေဘူး။ တာဝန်မကျေလို့လည်း ကိုယ်တို့က ခေါ်ပြီး ဆွေးနွေးတယ်။ ကျေအောင် ကြိုးစားဖို့တိုက်တွန်းတယ်။ သို့သော် ဘယ်လောက်ပဲ တိုက်တွန်းတိုက်တွန်း သူတို့က စိတ်မပါရင် ကိုယ့်မဲဆန္ဒရဲ့ ပြည်သူတွေ ထောက်ခံမဲကိုအပြည့် အ၀ မရဘူးဆိုရင် သူ့အတွက် အန္တရာယ် ရှိတယ်။ သူ့ အတွက် အန္တရာယ် ရှိသလို NLD အတွက်လည်း အန္တရာယ် ရှိတယ်” ဟု ဦးဝင်းထိန် က ဆိုသည်။
ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်း က “ ပြည်သူရဲ့ အဆုံးအဖြတ်ကိုခံရမှာပဲလေ၊ ကိုယ်ဘယ်လောက်တာဝန်ကျေလဲ အပေါ်မှာပဲ ပြည်သူကဆုံးဖြတ်မှာဘဲ၊ ကိုယ့်ဘက်က အကောင်းဆုံးလုပ်ပြနိုင်ဖို့ပဲ လိုတာပါ” ဟု ပြောသည်။
ပျဉ်းမနားမြို့မှ စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်သည့် ဦးထွန်းမြင့် က “စစ်မှန်တဲ့ ဒီမိုကရေစီရဖို့ ဆိုတာ အချိန်တိုအတွင်းမှာ ဘယ်လို ဖြစ်နိုင်မလဲ၊ ခေါက်ရိုးကျိုးနေတဲ့ ဒီနိုင်ငံကလူတွေ တယောက်ချင်းဆီရဲ့ အကျင့်ကိုပဲအရင် ပြင်ကြည့်ပါဦး” ဟု ဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲကာလတွင် NLD ပါတီ အနေဖြင့် ပြည်သူ့လွှတ်တော်တွင်၂၅၅ နေရာ၊ အမျိုးသား လွှတ်တော်တွင် ၁၃၅ နေရာ၊ စုစုပေါင်း ၃၉၀ နေရာဖြင့် ဆန္ဒမဲ အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။