သတင်း

ဖားကန့်မြို့နယ် မော်တော်ယာဉ်ကြီးကြပ်ရေးဥက္ကဋ္ဌ သေနတ်ဖြင့် ပစ်သတ်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ ပုဂ္ဂလိက မော်တော်ယဉ်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်စိုးအား အမည်မသိ သေနတ်သမားများက ယနေ့ ဒီဇင်ဘာ ၁၉ ရက် နေ့လည် ၁၂ နာရီဝန်းကျင်က ပစ်သတ်ခံရကာ သေဆုံးသွားကြောင်း သိရသည်။

ဖားကန့်မြို့မ ရဲစခန်းမှ ” ကျနော်တို့ အဲဒီ သတင်း အပြည့်အစုံမရသေးဘူး။ ဘာကြောင့် ဖြစ်တယ်ဆိုတာ မပြောနိုင်သေး ပါဘူးဗျ။ အခုမှ ကျနော်တို့ သတင်းအချက်အလက် အပြည့်အစုံရအောင် လုပ်နေတယ်။ ဆုံးသွားတာတော့ မှန်ပါတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

ရဲစခန်းက သတင်းအချက်အလက်များ စုဆောင်းနေသည်ဟု ပြောဆိုရုံမှ အပ အခြားအချက်အလက်များကို အသေးစိတ် မသိရှိရသေးပါ။

သေနတ်ဖြင့်  ပစ်ခတ်ခံရသူ ဦးခင်စိုးသည် ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက် ဘေလီတံတားထိပ်ရှိ ၎င်းပိုင် မော်တော်ယာဉ်ဂိတ် (ချမ်းမြေ့စီကားဂိတ်)တွင် ထိုင်နေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် အမည်မသိ သေနတ်သမား ၄ ဦးက ပစ်ခတ် ခဲ့ရာ ဦးခေါင်းတွင် ၁ ချက်နှင့် ဝမ်းဗိုက်တွင် ၃ ချက် အပစ်ခံရ၍ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖားကန့်မြို့မှ ဒေသခံ ဦးခင်မောင်လွင်က ” သေသွားတာတော့ သေချာပါတယ်ဗျ။ သူက ရှမ်းနီလူမျိုးဖြစ်တယ်။ ပါတီနိုင်ငံရေးတော့ မလုပ်ဘူး။ မရှီကထောင်ရပ်ကွက်မှာ ရှိတဲ့ ကားဂိတ်မှာ ထိုင်နေတဲ့ အချိန် သေနတ်နဲ့ပစ်သွားတာ ခေါင်း ၁ ချက်၊ ဝမ်းဗိုက် ၃ ချက် မှန်သွားတယ်။ အခုတော့ သေသွားပြီ။ ဘယ်လိုကြောင့် ဖြစ်တယ်။ ဘာကြောင့် ပစ်ခတ်ခံရတယ်ဆိုတာတော့ ကျနော် လည်း မသိဘူး”ဟု ပြောသည်။

ဖားကန့်မြို့တွင် သေနတ်နှင့် ပစ်ခတ်ခံရမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိရာ ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ် ၊ဒီဇင်ဘာ ၁၉ ရက်အတွင်း သေနတ်ဖြင့် ပစ်သတ်ခံရသော ရှမ်းနီ လူမျိုး ၅ ဦးအထိ ရှိခဲ့ပြီး ဖြစ်သည်။ အဆိုပါ ပစ်သတ်ခံခဲ့ရသော ၅ ဦးထဲတွင် တချို့မှာ နိုင်ငံရေးပါတီ အဖွဲ့ဝင်များ ဖြစ်သကဲ့သို့ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သည်ဟု သိရသည်။

Loading