သတင်း

ချင်းပြည်နယ်တွင် JMC ရုံး ဖွင့်စရာ မလိုဟု တပ်မတော်သဘောထားပေး

Want create site? Find Free WordPress Themes and plugins.

ချင်းပြည်နယ်အတွင်း ချင်းအမျိုးသားတပ်ဦး -CNF နှင့် တပ်မတော် အကြား တိုက်ပွဲ ဖြစ်ပွားမှု မရှိသည့်အတွက် အပစ်ရပ်စောင့်ကြည့်ရေးကော်မတီ (JMC)ကို ဖွင့်စရာမလိုဟု တပ်မတော်က သဘောထားရှိနေကြောင်း ချင်းအမျိုးသားတပ်ဦး (CNF)မှ တွဲဖက် အတွင်းရေးမှူး လည်းဖြစ် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-U)မှ အတွင်းရေးမှူး(၁) ဒေါက်တာရွှေခါးရ်က ပြောသည်။

တွဲဖက်အတွင်းရေးမှူး ဒေါက်တာရွှေခါးရ်က ” အခုထိ ညှိနှိုင်းနေတုန်းပဲ၊ အစိုးရဘက်က ဖွင့်ဖို့ သဘောမတူဘူး ။ ကျနော်တို့ဘက်က ဖွင့်ပေးဖို့ တင်ပြထားတယ်။ ဘာကြောင့် သဘောမတူတာလဲ ဆိုတော့ တပ်မတော်ဘက်က CNF နဲ့ သူတို့ကြားမှာ ပစ်ခတ်မှု မရှိလို့ JMC ရုံး ဖွင့်ဖို့မလိုဘူး ဆိုပြီးတော့ ပြောတယ်။ ဒါကြောင့် မဖွင့်နိုင်သေးတာပါ”ဟု ပြောသည်။

CNF သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သော်လည်း တပ်မတော်ဘက်က ထိုသို့ သဘောထားရှိနေသဖြင့် ပြည်နယ်အတွင်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ(JMC) ရုံးအား မဖွင့်နိုင်ပဲဖြစ်နေဟု သိရသည်။

NCA စာချုပ် အရ တပ်ပိုင်းဆိုင်ရာနှင့် စစ်သည် ကျင့်ဝတ်ပိုင်း ဆိုင်ရာ ချိုးဖောက်မှုများ မဖြစ်ပေါ်ရေးအတွက် JMC များကို ဖွဲ့စည်း၍ စောင့်ကြည့်သွားရန်ဟု ပါရှိသော်လည်း ချင်းပြည်နယ်တွင် ဖွင့်လှစ်ခွင့် မရရှိသေးပါ။

“ပဋိပက္ခဖြစ်တဲ့ နေရာတွေမှာတော့ JMC  ရုံးတွေ ဖွင့်လှစ်ပေးထားတာ ရှိပါတယ်။ အခု ချင်းပြည်နယ်မှာ JMC ရုံးဖွင့်ဖို့ ကျနော်တို့မှာ Mandate မရှိပါဘူးဗျ။ ဒါက JICM ကပဲ ဆုံးဖြတ်တာပါ။ သူတို့လည်း တင်ပြသွားဖို့ ရှိတယ်လို့ သိရပါတယ်။ ကျနော်တို့ တပ်မတော်ဘက်က ပဋိပက္ခဖြစ်တဲ့ အပေါ်မှာ မူတည်ပြီးတော့ ဖွင့်ဖို့ လိုအပ်တယ်၊ မလိုအပ်ဘူး မှတ်ယူပါတယ်။ CNF နဲ့က ပဋိပက္ခ မရှိတော့ မလိုအပ်သေးဘူးလို့ မှတ်ယူထားလို့ ဒီသဘောထားကို ဆိုတာပါ” ဟု JMC-U မှ အတွင်းရေးမှူး ၂ တပ်မတော်သား ကိုယ်စားလှယ်  ဗိုလ်မှူးကြီး ဝဏ္ဍအောင်က ပြောသည်။

JMC သည် NCA လက်မှတ်ထိုးထားသော အဖွဲ့များနှင့် တပ်မတော်ကြား တိုက်ပွဲများ မဖြစ်ပွားရေး စောင့်ကြည့် ရသော အပစ်ရပ်စောင့်ကြည့်ရေးကော်မတီဖြစ်သကဲ့သို့ ပြည်သူလူထု လူ့အခွင့်အရေး ချိုးဖောက်မခံရရေးနှင့် နစ်နာမှုများရှိပါက တိုင်ကြားစာများ လက်ခံ၍ ကြားဝင် စေ့စပ် ညှိနှိုင်းပေးရန် စသည့် တာဝန်များရှိသည်။

NCA လက်မှတ်ထိုးထားသော လက်နက်ကိုင်အဖွဲ့ အနေဖြင့် သက်ဆိုင်ရာ ပြည်နယ်အတွင်း JMC ရုံး ဖွင့်လှစ်ရန် JICM သို့ တင်ပြ ဆွေးနွေးရပြီး JICM မှ သဘောတူညီမှု မရသေးလျှင် ဖွင့်လှစ်ခွင့်မရှိကြောင်း သိရသည်။

ထို့ကြောင့် CNF သည် NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး(JICM)ထံ  ချင်းပြည်နယ် အတွင်း JMC ရုံး ဖွင့်လှစ်ပေးရန် တင်ပြ တောင်းဆိုထားသော်လည်း နိုဝင်ဘာ ၆ ရက်က ၆ ကြိမ်မြောက်ကျင်းပသည့် JICM အစည်းအဝေးတွင်လည်း သဘောတူညီမှု မရရှိခဲ့ကြောင်း၊ ထို့ပြင် ယနေ့ချိန်ထိ ဖွင့်လှစ်ခွင့် မရသေးပဲ ဖြစ်နေကြောင်း သိရသည်။

လက်ရှိတွင် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-U) အပါအဝင် ပြည်နယ်အဆင့် JMC-S ရုံးများကို ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီးတို့တွင် ဖွင့်လှစ်ထားပြီး ဒေသန္တရအဆင့် JMC-L ကိုလည်း ကရင်ပြည်နယ် အပြင် ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

NCA စာချုပ်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် မွန်ပြည်သစ်ပါတီ(NMSP) မှာ ပြည်နယ်တွင်း JMC-S ကို ဖွင့်လှစ်ထားသည်။

CNF နှင့် အစိုးရအကြား ပြည်နယ်အဆင့်- ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်များ တွင် ချင်းပြည်နယ်အတွင်း တပ်မတော် ၂ ရပ်သာ (တပ်မတော်နှင့် CNF တပ်) ထားရှိရန် ပါဝင်သော်လည်း ရက္ခိုင့် တပ်မတော်(AA) လည်း လှုပ်ရှားလျက်ရှိသည်။

ချင်းပြည်နယ်အတွင်း AA လှုပ်ရှားနေခြင်းကြောင့် ၂၀၁၅ ခုနှစ်၊ မတ်လမှ စတင်ကာ တပ်မတော်နှင့် AA အကြား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်းတွင် မကြာခဏတိုက်ပွဲများ ဖြစ်ပွားနေသည်။ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာလဆန်းအထိ တပ်မတော်နှင့် AA အကြား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲကြောင့် ပြည်သူထောင်ချီ တိမ်းရှောင်နေကြရသည်။

အလားတူ အရပ်သားများ သေဆုံးမှု ရှိခဲ့သလို မိုင်းနင်းမှုများကြောင့်လည်း တောင်သူ တဦးသေဆုံးခဲ့ရ ချင်းပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading