နိုင်ငံရေးပါတီတခုအဖြစ် “၈ လေးလုံး” အမည် ရယူထားခြင်းအပေါ် ဝေဖန်ကန့်ကွက်မှုများ ရှိနေသော်လည်း နာမည်မှာ ရိုးရှင်းပြီး ပြည်သူများကြားတွင် လေးလေးနက်နက် ခံယူထားသည့် နာမည်တခု ဖြစ်သောကြောင့် သုံးစွဲရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ၈၈ ပါတီ တည်ထောင်သူများထံမှ သိရသည်။
“ပြီးခဲ့တဲ့ကာလ တလျှောက်လုံးမှာလည်း ဆွေးနွေးတိုင်ပင်မှုတွေရှိတော့ ဒီနာမည်ဟာ ကိန်းဂဏန်း အမှတ်အသား သက်သက်တင် မဟုတ်ဘဲ တခြားလေးနက်တဲ့ အဓိပ္ပါယ်တွေ ပါပါတယ်။ ဒီနာမည်ကို ဆုံးဖြတ်လိုက်ခြင်းဟာ သာမာန်ကိန်းဂဏန်း အမှတ်အသားတခု ထက် လေးနက်တဲ့ နိုင်ငံရေး အဓိပ္ပါယ်တွေပါတယ်”ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးကိုကိုကြီးက ပြောသည်။
ယခု နာမည်ကို ရရှိရန် ဥပဒေနည်းလမ်းအရ ဆောင်ရွက်သွားမည် ဖြစ်ပြီး ယခု ရှစ်လေးလုံး ပါတီနာမည်ဖြင့် ရွေးကောက်ပွဲ ကော်မရှင် (UEC) ထံတွင် မှတ်ပုံတင်လိုက်ပြီး ဖြစ်ရာ UEC က ကန့်ကွက်လိုသူများကို အကြောင်းကြားမှုများ ပြုလုပ်လိမ့်မည် ဖြစ်ကြောင်း၊ ယခု ပါတီအသစ်ကို ထူထောင်နိုင်ရေး ကြိုးစားရာတွင် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များစွာ ပါဝင်နိုင်ရန် အချိန် ၁ နှစ်ခွဲခန့် ယူခဲ့ရကြောင်း သိရသည်။
ဦးကိုကိုကြီးက “ကျနော်တို့ အဲဒီနေ့ကဆိုရင် နာမည်ရွေးချယ်ပြီးတဲ့အခါမှာ အားလုံးတော်တော်ကို စိတ်လှုပ်ရှားပြီး ၈ လေးလုံးတုန်းကလို စိတ်ဓာတ်မျိုး တွေပြန်ပြီး တက်ကြွခံစားလာရပါတယ်”ဟု ယနေ့ နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
ယခု ပါတီအသစ် ထူထောင်စဉ် စတင်စုစည်းခဲ့သည့်အချိန် ရန်ကုန်မြို့ UMFCCI ရှိ တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သော်လည်း ပါတီ နာမည်ကို ၈၈ အမည် သုံးစွဲခြင်းကြောင့် နောက်ပိုင်းတွင် နောက်ဆုတ်ခဲ့ရကြောင်း၊ ပါတီတရပ် ထူထောင်ခြင်းကို လက်ခံသော်လည်း ယခုအမည် ကို ပြည်တွင်း၊ ပြည်ပရှိ ၈၈ မျိုးဆက်များက ကန့်ကွက်လျက်ရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း ဦးသက်ဦးက ဧရာဝတီသို့ ပြောသည်။
“ရှစ် လေးလုံးဆိုတာက ရဟန်းရှင်လူ ပြည်သူတရပ်လုံးပါဝင်ခဲ့တဲ့ အရေးတော်ပုံကြီး။ လူတစု ကျောင်းသား တစုတည်းက လုပ်ပြီး ပေါ်လာတဲ့ဟာ မဟုတ်ဘူး။ ဒီအပေါ်မှာ ကောင်းခြင်းဆိုးခြင်းထက် ဆိုးခြင်း ဖြစ်ပေါ်လာရင် ကျနော်တို့အားလုံး ခံစားရမယ့်ကိစ္စမိုလို့ ပါတီတရပ် ဖြစ်လာရင် ရှောင်စေချင်တဲ့အတွက် ၈၈ ဆိုတဲ့အမည်ကို ထည့်မသုံးစေချင်တာ”ဟု ၎င်းက ဆိုသည်။
နိုင်ငံရေး အကျဉ်းသားဟောင်းတဦး ဖြစ်သည့် သတင်းစာဆရာ ဦးဇော်သက်ထွေးက လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)သည် နှစ်ပေါင်း ၃၀ နီးပါး အာဏာရှင် စနစ်ကို တိုက်ထုတ်ခဲ့သော်လည်း မျိုးဆက်သစ် နိုင်ငံရေးသမားများကို မမွေးဖွားနိုင်ခဲ့၍ ၈၈ မျိုးဆက်များ ပါတီ ထူထောင်မှုကို လက်ခံကြောင်း ပြောသည်။
“သူတို့အတွက် ဒီမိုကရေစီ ပတ်ဝန်းကျင်မှ ရှင်သန်နိုင်ဖို့ နိုင်ငံရေးပလက်ဖောင်းတခုအတွက် နိုင်ငံရေး မဟာဗျူဟာအရ လိုအပ်တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ၈ လေးလုံး နာမည်ရွေးတာကတော့ အများကြီး ငြင်းခုံရလိမ့်မယ်။ လူတန်းစားမျိုးစုံ ပါဝင်ခဲ့တာကို ဒီနာမည် ယူတဲ့အတွက် ဝေဖန်စရာတွေ ရှိနိုင်တယ်”ဟု ဦးဇော်သက်ထွေးက သုံးသပ်သည်။
မြန်မာနိုင်ငံသည် ရှစ်လေးလုံး အရေးတော်ပုံကြီးကို အကြောင်းပြု၍ လက်ရှိ ရှိနေသည့် နိုင်ငံရေး၊ စီးပွားရေး အပြောင်းအလဲများ ဖြစ်ပေါ်နေခြင်းဖြစ်ရာ ၈ လေးလုံးတွင် ကိုယ်တိုင် ပါဝင်ခဲ့သူတယောက် အနေဖြင့် လည်းကောင်း၊ ၈၈ ကို တန်ဖိုးထားသည့် ရဲဘော်များအတွက် လည်းကောင်း ယခုအမည်ကို ရွေးချယ်ရခြင်း ဖြစ်သည်ဟု ဦးကိုကိုကြီးက ရှင်းပြသည်။
၎င်းတို့ အနေဖြင့် နိုင်ငံရေးပါတီ တရပ်ပေါ်ပေါက်ရေး ပေါ်ပေါက်လာနိုင်ရေးအတွက် ပါတီတခု၏ အမည်၊ အလံ၊ တံဆိပ်၊ သကေင်္တနှင့် ဖွဲ့စည်းပုံများကို စုံညီအစည်းအဝေးဖြင့် ဆုံးဖြတ်နိုင်ခဲ့ပြီး ပါတီကို ၂၀၁၇ ဒီဇင်ဘာလ မကုန်မီ မှတ်ပုံတင်နိုင်ရေးကိုလည်း သဘောတူညီခဲ့သည်ဟု သိရသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ပါတီတရပ် တည်ထောင်ပါက အာဏာလိုချင်၍ဟု နားလည်မှု လွဲနေကြရာ ၎င်းတို့အနေဖြင့် ပါတီတရပ် ထူထောင်ရခြင်းမှာ အာဏာလိုချင်၍ မဟုတ်ဘဲ တာဝန်ယူချင်၍ တာဝန်သိစိတ်ဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်းလည်း ယင်းပါတီ တည်ထောင်သူများက ပြောသည်။
ဦးကိုကိုကြီးက “အဓိကက တာဝန်ယူချင်လို့ နိုင်ငံရေး လုပ်တာ။ တာဝန်သိစိတ်နဲ့ တာဝန်ယူချင်လို့ နိုင်ငံရေးလုပ်တာ။ ဘယ်သူက ခိုင်းလို့၊ ဘယ်သူကမှ တာဝန်ပေးလို့ ကျနော်တို့ လုပ်ခဲ့ကြတာ မဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့ဟာ နိုင်ငံရေးအပေါ်မှာ ယုံကြည်မှု တကယ့်ကို ခိုင်ခိုင်မာမာနဲ့ ကျနော်တို့ခေတ်မှာ ကျနော်တို့ ပခုံးပေါ်ကျတဲ့တာဝန်ကို ငါတို့ယူမယ်။ ငါတို့ထမ်းမယ်ဆိုတဲ့ ခံယူချက်နဲ့ နိုင်ငံရေး လုပ်ခဲ့တာ”ဟု ပြောသည်။
နိုင်ငံရေးပါတီတရပ် ထူထောင်တော့မည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ သို့လည်း အသိပေးခဲ့ပြီး ပါတီ နိုင်ငံရေးတွင် မပါဝင်သေးသည့် ကျန် ၈၈ မျိုးဆက်ကျောင်းသားများကိုလည်း ကြိုဆိုဖိတ်ခေါ်သွားမည်ဟုလည်း သိရသည်။