သတင်း

ထိုင်းရောက် မြန်မာ အလုပ်သမားများ ဘန်ကောက် မြန်မာသံရုံးရှေ့ ဆန္ဒထုတ်ဖော်

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့တွင် မြန်မာသံရုံး ဦးဆောင်သော အလုပ်သမား ကူညီ စောင့်ရှောက်ရေး ကော်မတီ ဖွဲ့စည်းပေးရန်အတွက် မြန်မာ အလုပ်သမား ၈၀၀ ကျော်က ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းတွင် ဆန္ဒဖော်ထုတ်ကြသည်။

ထိုင်းနိုင်ငံရှိ မြန်မာ အလုပ်သမားများ အနေဖြင့် အလုပ်ခွင်တွင် ၎င်းတို့ကြုံတွေ့နေရသော အလုပ်သမား အခွင့် အရေး ချိုးဖောက်ခံရမှုများကို ရင်ဆိုင်ဖြေရှင်းပေးရန် အတွက် မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက် ရေး အဖွဲ့ ဖွဲ့စည်းပေးရန် တောင်းဆိုခြင်း ဖြစ်ကြောင်း မြန်မာ အလုပ်သမားအရေး ဆောင်ရွက်သူ ဦးရဲမင်း က ပြောပြသည်။

ဦးရဲမင်း က “မြန်မာသံရုံးက ကော်မတီက ဘာတွေ အကျိုးရလဒ်တွေရှိလဲဆိုတော့ ထိုင်းအာဏာပိုင်တွေနဲ့ ဝင်ရောက် စကားပြောတဲ့ အခါမှာ ပိုပြီးတော့ ထိရောက်တယ်။ သံရုံးရဲ့ ကိုယ်စားလှယ် ဖြစ်တဲ့ အတွက် အလုပ် သမားအရေးကို ကူညီတဲ့အခါမှာလည်း ထိရောက်တယ်။ ဒါကြောင့် ကော်မတီပြန်ဖွဲ့ပေးဖို့ အလုပ်သမားတွေက တောင်းဆိုကြတာပါ”ဟု ဧရာဝတီသို့ ပြောသည်။

အဆိုပါ အလုပ်သမားများ၏ တောင်းဆိုချက်များကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက လက်ခံခဲ့သလို မြန်မာသံ အမတ်ကြီး ဦးမျိုးမြင့်သန်းကလည်း ဆန္ဒဖော်ထုတ်သည့် မြန်မာ အလုပ်သမားအဖွဲ့ ဦးဆောင်သူများနှင့်လည်း သီးသန့် တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း သိရသည်။

“သံရုံးဘက်က ပေးပို့တဲ့စာကိုလည်း လက်ခံတယ်။ သွားပို့တဲ့ အလုပ်သမား ခေါင်းဆောင်တွေကိုလည်း လက်ခံ စကားပြောပြီးတော့ သူတို့ဘက်ကနေပြီးတော့ အဆင်ပြေအောင် ဆောင်ရွက်ပေးမယ် ဆိုတဲ့ အကြောင်းကို ပြန်ပြီးတော့ အကြောင်းပြန်ပါတယ်”ဟု ဦးရဲမင်း က ပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဧရာဝတီက ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမား သံအရာရှိ များကို ဆက်သွယ်ခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပါ။

မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သံအမတ်ကြီး ဟောင်း ဦးဝင်းမောင် လက်ထက်တွင် ဖွဲ့စည်းခဲ့ပြီး ထိုကော်မတီတွင် မြန်မာသံရုံး အလုပ်သမား သံအရာရှိများ အပါအဝင် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများလည်း ပါဝင် သည်။

ထိုကော်မတီအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများ အခွင့်အရေး ချိုးဖောက်ခံရမှုများကို ဥပဒေ အရ လိုက်လံ ဆောင်ရွက်နိုင်ခဲ့သော်လည်း သံအမတ် အပြောင်းအလဲ ဖြစ်ပြီးနောက် ၂၀၁၆ ခုနှစ်တွင် ကော်မတီ ဖျက်သိမ်း ခဲ့လိုက် သဖြင့် အလုပ်သမားများရင်ဆိုင် ကြုံတွေ့နေရသည့် ခေါင်းပုံဖြတ်ခံရမှုများကို တရားဝင် ဖြေရှင်းနိုင်ခြင်း မရှိတော့ပေ။

ယနေ့ မြန်မာ သံရုံးရှေ့ ဆန္ဒဖော်ထုတ်သည့် အလုပ်သမားများ၏ တောင်းဆိုချက်ထဲတွင် ယခုလ ၁၁ ရက်နေ့ က ပိတ်သိမ်းခြင်း ခံလိုက်ရသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (AAC) ကို ပြန်လည် ဖွဲ့စည်းခွင့်ပေးပြီး အလုပ်သမားအရေးများကို ပြန်လည် ဆောင်ရွက်ခွင့်ပေးရန်လည်း တောင်းဆိုကြ ကြောင်း သိရသည်။

ဦးရဲမင်း က “AAC ဖျက်သိမ်းရတဲ့ အကြောင်းကတော့ ကျနော်တို့ အလုပ်သမား ကူညီမှုတွေမှာ ထိုင်းအာဏာ ပိုင် တွေဘက်က ဖိအားတွေများလာသလို ကျနော်တို့နောက်ကို သံရုံးက ရပ်တည်မပေးဘူးဆိုတာ သိလာတော့ အကျင့်ပျက် အလုပ်သမား အေဂျင်စီတွေ၊ ပွဲစားတွေ၊ သူတို့နဲ့ပူးပေါင်းတဲ့ အကျင့်ပျက် အာဏာပိုင်တွေ ပူးပေါင်း လုပ်ဆောင်တဲ့ အတွက် ကျနော်တို့ ဖျက်သိမ်းလိုက်ရတာပါ”ဟု ပြောဆိုသည်။

မြန်မာ သံရုံးထံ အလုပ်သမားများ၏ တောင်းဆိုသည့် မြန်မာသံရုံး အလုပ်သမား ကူညီစောင့်ရှောက်ရေး ကော်မတီ၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ (AAC) ပြန်လည် ဖွဲ့စည်းပေးရေး စသည့် အချက်များကို မြန်မာသံရုံး အနေဖြင့် နေပြည်တော်သို့ တင်ပြပေးသွားမည်ဖြစ်ပြီး ထိုမှတဆင့် ပြန်ပို့ လာမည့် ခွင့်ပြုချက်ကို စောင့်ရမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတဝန်း နေရာအနှံ့အပြားတွင် မြန်မာ အလုပ်သမား စုစုပေါင်း ၄ သန်း ဝန်းကျင် ရှိကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက ခန့်မှန်းထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading