သတင်း

ပစ္စည်းခွန် စနစ် စီမံခန့်ခွဲမှု ပုံစံ ပြောင်းလဲရန် အကြံပြု စာတမ်း ထုတ်ပြန်

ပစ္စည်းခွန် ကောက်ခံရာတွင် စီမံခန့်ခွဲမှု အားနည်းချက်ကြောင့် ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေ ဆုံးရှုံးမှုနှင့် တရား မျှတမှု မရှိသည့် အခွန်စနစ် ဖြစ်နေသဖြင့် ပြောင်းလဲကျင့်သုံးရန် စီးပွားရေး သုတေသနအဖွဲ့ တဖွဲ့ ဖြစ်သည့် Renaissance Institute က မူဝါဒ စာတမ်း တစောင် ထုတ်ပြန်၍ အကြံပြုသည်။

အဆိုပါအဖွဲ့၏ လေ့လာမှုအရ မြန်မာနိုင်ငံတွင် အခြေခံကောင်းသည့် အခွန်စနစ် ရှိသော်လည်း စီမံခန့်ခွဲမှု အားနည်း သဖြင့် စည်ပင်ဘဏ္ဍာငွေ ရရှိမှု၏ ၅ ရာခိုင်နှုန်းခန့်သာ ရှိနေပြီး မြို့ပြနေ အိမ်ခြေ၏ သုံးပုံတပုံခန့်သည် အခွန်စာရင်း တွင် မပါဝင်ကြောင်း Renaissance Institute အဖွဲ့က ထုတ်ပြန်သည့် သုတေသန စာတမ်းတွင် ပါဝင်သည်။

ယင်းစာတမ်း မိတ်ဆက်ပွဲကို ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ပြုလုပ်ခြင်း ဖြစ်သည်။

“လက်ရှိ ပစ္စည်းခွန်စနစ်က တရားမျှတမှု မရှိပါဘူး။ အိမ်ခြေ သုံးပုံတပုံ အခွန်စာရင်းထဲမှာ မရှိဘဲ အများနည်းတူ ပေးသင့် ပေးထိုက်တဲ့ အခွန် မပေးသလိုဘဲ ချမ်းသာတဲ့သူနဲ့ ဆင်းရဲတဲ့သူတွေ ပေးဆောင်ရတဲ့ အခွန်ပမာဏ က တူနေပါတယ်”ဟု Renaissance Institute အဖွဲ့မှ ဥက္ကဌ ဦးမျိုးမြင့်က ပြောသည်။

ပစ္စည်းခွန် ကောက်ခံသည့် စနစ် စီမံခန့်ခွဲမှု ပိုမိုအားကောင်းလာသည်နှင့်အမျှ မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုများ ပြုလုပ် နိုင်ရန် ဖြစ်ပြီး အခွန်တိုးမြှင့် ကောက်ခံခြင်းမျိုး မဟုတ်ဘဲ အခွန်၏ အခန်းကဏ္ဍ မြင့်တက်လာရေး အတွက် ရည်ရွယ်ကြောင်း အဆိုပါစာတမ်းကို ပူးပေါင်းရေးသားသူ ကိုအာကာဟိန်းကလည်း ပြောသည်။

ကိုအာကာဟိန်းက “ကျနော်တို့က ဒီမိုကရေစီ နိုင်ငံ တည်ဆောက်နေတာ ဖြစ်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတွေ မှာ ပြည်သူ့ ငွေရေးကြေးရေး ကဏ္ဍဟာ ပွင့်လင်းမြင်သာမှုရှိပြီး ယုံကြည်မှု တည်ဆောက်နိုင်ဖို့ အတွက် အခွန်ရဲ့ အခန်း ကဏ္ဍက အရေးကြီးပါတယ်။ အစိုးရ အဆက်ဆက်က ပြည်သူ့ဘဏ္ဍာငွေ ရရှိဖို့အတွက် ဗရမ်းဗတာ လုပ်ဆောင်တာ တွေရှိပါတယ်။ အစိုးရက စီးပွားရေး လုပ်တာမျိုးတွေပါ။ ဒါက လူထုက အခွန်မပေးရပေမယ့် တရားမျှတမှု မရှိပါဘူး။ ဒီဗရမ်းဗတာ စနစ်ကို ဖျက်သိမ်းဖို့ အခွန်ရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်”ဟုလည်း ပြောဆိုသည်။

အခွန်ထမ်းဆောင်ရန် တာဝန်ရှိကြောင်း မသိကြခြင်း၊ ရာဖြတ်စနစ်ကြောင့် ဆင်းရဲချမ်းသာ အိမ်ထောင်စုများကို ခွဲခြား မမြင်ခြင်း၊ အခွန် မှတ်တမ်း မပြည့်စုံခြင်း၊ အခွန်ပြေစာ ရှုတ်ထွေးခြင်း၊ စည်းကျပ် ကောက်ခံမှုနှင့် အရေးယူမှု အပိုင်း အားနည်းခြင်းတို့ကြောင့် အခွန်ငွေရရှိမှု အားနည်းနေခြင်း ဖြစ်ကြောင်း သိရသည်။

ပစ္စည်းခွန်စနစ်သည် ရှိပြီးသား ဖြစ်သော်လည်း ပြည်သူလူထု အနေဖြင့် သဘောပေါက်မှု အားနည်းကြောင်း ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုး ကလည်း ပြောသည်။

“ရေဖိုး၊ မီတာဖိုး ဆိုတာတွေက ဝန်ဆောင်ခတွေ၊ ဝန်ဆောင်ခနဲ့ Properties Tax က မတူဘူး။ လူတွေက မကွဲကြဘူး။ ကောက်မှန်းတောင် မသိဘူး။ Properties Tax (ပစ္စည်းခွန်) ဆိုတာက မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်း အားလုံးပေါ်မှာ ကောက်တာ”ဟု ၎င်းက ပြောဆိုသည်။

ပစ္စည်းခွန် ဆိုသည်မှာ မြေဖြစ်စေ၊ အဆောက်အအုံ ဖြစ်စေ၊ မြေနှင့် အဆောက်အအုံ ဖြစ်စေ ၎င်းတို့၏ နှစ်စဉ် တန်ဖိုး အပေါ် သတ်မှတ်သော ရာခိုင်နှုန်းဖြင့် ကောက်ခံသည့် အခွန်ဖြစ်ပြီး အဆိုပါ ကောက်ခံမှုတွင် အထွေထွေခွန်၊ မီးခွန်၊ ရေခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန်တို့ ပါဝင်ကြောင်း  ၂၀၁၃ ခုနှစ်က ပြဌာန်းထားသော ရန်ကုန်မြို့တော် စည်ပင် သာယာရေး ဥပဒေတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

ယခု စာတမ်း ထုတ်ပြန်သော Renaissance Institute သည် ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော မြန်မာ့ စီးပွားရေးပြုပြင် ပြောင်းလဲ မှုကို အထောက်အကူပေးနိုင်ရန်အတွက် ပညာရှင်များဖြင့် ဖွဲ့စည်းထားသော အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး လက်ရှိ အစိုးရ၏ ဦးစားပေးမူဝါဒဖြစ်သော ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှု လျှော့ချရေးနှင့် ပြည်သူ့ ဘဏ္ဍာငွေ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေး တို့ကို ပံ့ပိုး ကူညီလျက်ရှိကြောင်း သိရသည်။

Loading