ရန်ကုန်မြို့၏ မြို့နယ်အလိုက် အဆောက်အအုံ အထပ်မြင့် ကန့်သတ်ခြင်းများကို လုပ်ဆောင်ရာတွင် မြို့တွင်း ၆ မြို့နယ် (Down Town) ကို အဓိက လုပ်ဆောင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (YCDC) မှ သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး လွတ်တော်ကိုယ် စားလှယ် ဦးသန်းနိုင်ဦးက“Down Town မှာ သတ်မှတ်ဖို့က Review ပြန် လုပ်ရမယ်။ လောလောဆယ်ကတော့ မြို့တွင်းမှာ ဆိုရင် ပန်းပဲတန်းန့ဲ ကျောက်တံတား မြို့နယ် အတွက်တော့ ကျနော် တို့က အထပ်မြင့်ကို ၆ ထပ် အထိပဲ လက်ခံသေးတယ်။ ဒါပေမယ့် တခုရှိတယ်။ လောလောဆယ် ၈ ထပ်တို့ ဘာတို့ ဆောက်ထားတဲ့ အိမ်တွေကို ဖျက်ပြီး ပြန်ဆောက်ရင် ဘယ်လိုပုံစံနဲ့ ပြန်ပေးမလဲပေါ့။ ဒါတွေ ဆွေးနွေးဖို့ ကျန် သေးတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အကယ်၍ အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ရာတွင် သတ်မှတ်ချက်များကို လုပ်ဆောင်လျှင် ရန်ကုန်မြို့တွင်း ၆ မြို့နယ်ကို အဓိက လုပ်ဆောင်သွားမည် ဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်း လုပ်ဆောင်နိုင်ရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ နှင့် လွတ်တော် ကိုယ်စားလှယ်များ အမြန်ဆုံး ဆွေးနွေးညိုနိူင်း နေကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ ၎င်းက“ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲပြီးရင် လွတ်တော် ကိုယ်စားလှယ်တွေနဲ့ အစည်းဝေး တရပ်ခေါ်ပြီးတော့ ဆွေးနွေးဖို့ရှိတယ်။ Down Town မြို့နယ်တွေက ပုံစံချင်း တူတော့ ဒီမြို့နယ်က ကိုယ်စားလှယ်တွေ စုပြီးတော့ အရင်ဆုံး ထွက်နိုင်အောင် လုပ်မှာဖြစ်ပါတယ်။ အဒိဲတော့ ၂၀၁၈ ခုနှစ်ထဲ သေချာပေါက် ထွက်နိုင်အောင် လုပ်မှာပါ”ဟု လည်း ပြောဆိုသည်။
မြို့နယ်အလိုက် ဘယ်မြို့နယ်မှာ အဆောက်အအုံ ဘယ်နှစ်ထပ်က အမြင့်ဆုံး ဆောက်လုုပ်ရမည်နှင့် အဆောက်အအုံ များ ဆောက်လုပ်လျှင် မြေ၏ ဘေးပတ်လည် အကျယ်မည်မျှ ချန်ရမည် စသည့် သတ်မှတ်ချက်များကို ညိုနိူင်း ဆွေးနွေး နေခြင်း ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဒေါ်လိူင်မော်ဦိးက“စနစ်တကျ၊ မြန်မြန်ဆန်ဆန်နဲ့ အားလုံး က ပွင့်လင်းမြင်သာမှု ရှိစေချင်တယ် ဆိုရင် သတ်မှတ်ချက်ကို တိတိကျကျ ပြဌာန်းဖို့ လိုအပ်ပါတယ်။ ဆိုလို တာက ဒီတဦးကိုတမျိုး နောက်တဦးကို တမျိုး ပေးရတာမျိုး မဟုတ်ဘဲနဲ့ အားလုံးကို ပေးရတဲ့ အားလုံးက သဘောတူ ထားတဲ့ ဇုန်တွေ၊ အဆောက်အအုံနဲ့ ပတ်သတ်တဲ့ အချိုးတွေ မြေအသုံးချမှုတွေက တညီတညွှတ်တည်း ဖြစ်ဖို့လိုပါ တယ်”ဟု ပြောသည်။
စည်ပင်သာယာ နယ်နိမိတ် ၃၃ မြို့နယ်အတွင်းရှိ မြို့တွင်း ၆ မြို့နယ်နှင့် စမ်းချောင်း၊ ဗဟန်း၊ ကမာရွတ်၊ ဒဂုံ၊ မင်္ဂလာ တောင်ညွှန့်၊ ရန်ကင်း၊ တာမွေ၊ ကြည့်မြင်တိုင်၊ အလုံနှင့် မရမ်းကုန်း စသည့် မြို့နယ် ၁၅ ခုတွင် စစ်တကျ စာရင်း ကောက် စိစစ်ထားသော လွတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးညိုနိူင်းခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောဆို သည်။
ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (JICA) ဦးဆောင်သူ တဦး ုဖြစ်သော Mr.Kuniomi က လည်း ရန်ကုန်မြို့သည် လက်ရှိအချိန်တွင် လျင်လျင်မြန်မြန်နှင့် စီမံကိန်းများမှာ တိုးတက်ဆောက်လုပ် လျက်ရှိသော ကြောင့့် အဆောက်အအုံ ကွန်ဒို၊ တိုက်ခန်းများကို တည်ဆောက်ရာတွင် အထပ်မြင့် သတ်မှတ်ချက်များကို ကန့်သတ် ပေးရန် လိုအပ်နေကြောင်း ပြောသည်။
“ဒါကြောင့် ကျနော်တို့က အနောက်ကနေပြီး အထောက်အကူပြုပေးတာ ဖြစ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီလို မျိုးသာ မလုပ်ခဲ့ဘူး ဆိုရင် ဒီမြို့ရဲ့ မြင်ကွင်းတွေက ပျက်စီးသွားမှာ ဖြစ်တယ်။ တဖြည်းဖြည်းနဲ့ အထပ်မြင့်တွေ အများကြီး ဆောက်လာတာနဲ့ အမျှ လူတွေအများကြီး ဖြစ်သွားတဲ့အတွက်ကြောင့် ကားတွေ ကျပ်လာတာတွေ ပိုပြီးဖြစ်လာမယ်”ဟုလည်း ၎င်းက ဆိုသည်။
ထိုသို့ယာဉ်ကြော ကျပ်တည်းသည့် အခြေအနေများကို လျော့ချရန်အတွက် Down Town ရှိ တိုးတက်မှုများကို စုစည်းပြီး မြို့တွင်းကဲ့သို့ အခြားသော မြို့နယ်များတွင်လည်း စီးပွားရေးလုပ်ငန်းများ ခွဲထွက် လုပ်ဆောင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် အထပ်မြင့် သတ်မှတ်ချက်များ လုပ်ဆောင်နိုင်ရန် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ထို အထပ်မြင့် သတ်မှတ်ချက်များကြောင့် မြေအသုံးချမှု ဇုန်များ ထွက်ပေါ်လာမည် ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။
အဆိုပါ မြေအသုံးချမှုဇုန်များ ထွက်ပေါ်လာလျှင် အဆောက်အအုံ ပါမစ်ပေးသည့် နေရာတွင် ဖြစ်စေ၊ အသစ်ဆောက် လုပ်ခြင်း ဖြစ်စေ စသည့် လုပ်ငန်းများ လုပ်ကိုင်ရာတွင် မည်သည့် နေရာများတွင် လုပ်ကိုင်ခွင့်ရှိသည်၊ မရှိသည်ကို ပွင့်လင်းမြင်သာစွာ ပြည်သူအားလုံးက သိရှိပြီး ခွင့်ပြုချက်များ ထုတ်ပေးရာတွင်လည်း လျင်မြန်လာမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
JICA သည် မြန်မာနိုင်ငံရှိ အခြေခံ အဆောက်အအုံ ဖွံံံ့ဖြိုးမှု အပိုင်းများ၊ ရေရရှိမှု လုပ်ဆောင်ချက်များ နှင့် လမ်း (မီးရထား) ကဲ့သို့ လုပ်ငန်းများတွင် ထောက်ပံ့ပေးနေပြီး အဓိက အားဖြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ပါမစ်များ နှင့် ပတ်သက်ပြီး အထောက်အကူ ပေးသွားမည် ဖြစ်သည်ဟု ဆိုသည်။
အဆောက်အအုံ သတ်မှတ်ချက်များ အပြင် ပွင့်လင်းမြင်သာမှု ရှိသော မြေအသုံးချမှု ပုံစံများနှင့် ဇုန်သတ်မှတ်မှုများ ကိုလည်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။