သတင်း

သတင်းထောက်များကို ကိုလိုနီခေတ် ဥပဒေဖြင့် အရေးယူနေသည့် မြန်မာ

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံက Reuters သတင်းဌာန၏ သတင်းထောက်များ ဖြစ်သည့် ကိုဝလုံး (အသက် ၃၁ နှစ်) နှင့် ကိုကျော်စိုးဦး (အသက် ၂၇နှစ်) တို့ကို အသုံးနည်းသည့် ကိုလိုနီအုပ်ချုပ်ရေး လက်ကျန် ဥပဒေတခု ဖြစ်သော နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေကို ချိုးဖောက်သည် ဟု စွပ်စွဲခဲ့သည်။

နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင် (International Commission of Jurists – ICJ) ၏ အထွေထွေ အတွင်းရေးမှူး Sam Zarifi က အဆိုပါ ဥပဒေသည် အလုပ် လုပ်နေသော ဂျာနယ်လစ်များကို မည်သည့် အချိန်တွင် မဆို ထောင်ချောက်ဆင် ဖမ်းဆီးနိုင်သည် ဟု ပြောသည်။

သတင်းထောက် ၂ ဦးသည် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြောက်ပိုင်း၌ ရဲအရာရှိများနှင့် တွေ့ဆုံ၍ ညစာ စားရန် ဖိတ်ကြားခဲ့ပြီးနောက် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

သူတို့ထံတွင် “နိုင်ငံခြားမီဒီယာတွင် ဝေမျှရန် အတွက် တရားမဝင် ရယူထားသည့် သတင်းအချက်အလက်များ ရှိနေခဲ့သည်” ဟု ပြန်ကြားရေးဝန်ကြီးဌာနက ပြောသည်။ စာရွက်စာတမ်းနှင့် ပစ္စည်းများ ခင်းကျင်းပြသထားသည့် စားပွဲတလုံး၏ နောက်တွင် လက်ထိပ်ခတ် ခံထားရသည့် သတင်းထောက် ၂ ဦး၏ ပုံကိုလည်း သတင်းစာများတွင် ပုံနှိပ်ဖော်ပြခဲ့ သည်။

နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ၏ အစ

နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေမှာ မြန်မာနိုင်ငံက ဗြိတိန်ပိုင် အိန္ဒိယ၏ ပြည်နယ်တခု အဖြစ် ရှိနေသည့် ၁၉၂၃ ခု နှစ် ကတည်းက ရှိနေခဲ့ပါသည်။ ထိုအချိန်တွင် ၎င်းတို့၏ အာရှ တောင်ပိုင်း အင်ပါယာအတွင်းမှ ကိုလိုနီဆန့်ကျင်ရေး မငြိမ်သက်မှုကို ပြိုင်ဘက် အင်အားကြီးနိုင်ငံများက အမြတ်ထုတ်ရန် ကြိုးပမ်းမည်ကို ဗြိတိန် အုပ်ချုပ်သူများက စိုးရိမ်ခဲ့ကြသည်။

အစောပိုင်းက ရှိခဲ့သည့် သူလျှို ဆန့်ကျင်တိုက်ဖျက်ရေး ဥပဒေကို ပြန်လည် ပြင်ဆင်ထားသည့် နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေမှာ ထိုအချိန်ကပင်လျှင် အိန္ဒိယနိုင်ငံ၌ အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ကြောင်းနယူးဒေလီ အခြေစိုက် ပညာရှင်အဖွဲ့အစည်းတခု ဖြစ်သည့် United Service Institution of India မှ ၂၀၀၉ ခုနှစ်တွင် ထုတ်ဝေခဲ့သော သမိုင်းစာတမ်းတစောင်၏ အဆိုအရ သိရသည်။

ဗြိတိန် စစ်ဘက်အရာရှိများက ဂျပန်နှင့် အမေရိကန်ကြား လူမျိုးရေးစစ်ပွဲက အိန္ဒိယအပေါ် သက်ရောက်နိုင်ဖွယ်ရာ ရှိခြင်း ကဲ့သို့သော ပထဝီနိုင်ငံရေး ခြိမ်းခြောက်မှုများနှင့် အတူ “ဘော်ရှီဗစ် လှုပ်ရှားမှု တိုးလာခြင်း” နှင့် ပတ်သက်၍ စိုးရိမ်ခြင်းကြောင့် ပိုမိုခိုင်မာ အားကောင်းသည့် ဥပဒေဖြစ်လာရေးအတွက် တွန်းအားပေးခဲ့သည် ဟုအဆိုပါ သမိုင်းစာတမ်းက ဆိုသည်။

အက်ဥပဒေ၏ သဘော

နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေတွင် တားမြစ်ထားသည့် နေရာများသို့ ကျူးကျော် ဝင်ရောက်ခြင်း၊ လျှို့ဝှက် ထားရမည့် စာရွက် စာတမ်းများကို လက်ဝယ်ထားရှိခြင်းနှင့် နိုင်ငံခြား အေးဂျင့်များနှင့် ဆက်သွယ်ခြင်းတို့ကို တားဆီးခြင်းများ ပါဝင်သည်။ အမြင့်ဆုံး ပြစ်ဒဏ် အဖြစ် ထောင်ဒဏ် ၁၄ နှစ် အထိ ကျခံရနိုင်ပါသည်။

ဂျီနီဗာအခြေစိုက် လူ့အခွင့် အရေးအဖွဲ့အစည်း တခု ဖြစ်ပြီး နိုင်ငံတကာမှ ဝါရင့် တရားသူကြီး၊ ရှေ့နေ နှင့် ဥပဒေပညာရှင် ၆၀ ဖြင့် ဖွဲ့စည်းထားသည့် ICJ ၏ အထွေထွေ အတွင်းရေးမှူး Sam Zarifi က ဥပဒေတွင် နိုင်ငံတော်လျှို့ဝှက်ချက် ဆိုသည်ကို ဖွင့်ဆိုထားသည်မှာ မယုံနိုင်လောက်စရာ ကျယ်ဝန်းနေသည် ဟု ပြောသည်။

“ထုတ်ဝေထားခြင်း မရှိတဲ့ အစိုးရစာရွက်စာတမ်း ပိုင်ဆိုင်ထားရုံနဲ့ မည်သူပဲ မဆိုတရားစွဲ ခံရနိုင်ပါတယ်။ ပြင်းထန်တဲ့ ပြစ်ဒဏ် စီရင်ချမှတ်ခြင်းလည်း ခံရနိုင်ပါတယ်။ ဒီဥပဒေအရ စာနယ်ဇင်းသမားကောင်း အများအပြားဟာ အချိန်မရွေး တရားစွဲခံရ နိုင်ပါတယ်” ဟု Sam Zarifi က ပြောသည်။

အလားတူ ဥပဒေ ဆက်လက်တည်ရှိဆဲ ဖြစ်သော အိန္ဒိယ နိုင်ငံတွင်လည်း တရားရုံးများက ဘတ်ဂျက် အဆိုပြုလွှာကဲ့သို့သော လွှတ်တော်ဆိုင်ရာ စာရွက်စာတမ်းမျိုး၊ အဆိုပါ အဆိုပြုလွှာများ လွှတ်တော်တွင် တင်သွင်းရခြင်း မရှိသေးဘဲ ပေါက်ကြားခြင်း ကဲ့သို့သော ကိစ္စမျိုးတွင်ပင်လျှင် ထိုဥပဒေကို အသုံးချစီရင်ခဲ့ကြသည်။

အက်ဥပဒေကို အသုံးချခြင်း

ပြီးခဲ့သည့် ဆယ်စုနှစ်များ အတွင်း နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေအရ တရားစွဲဆိုမှု ရှားပါးခဲ့သည်ဟု ဥပဒေကျွမ်းကျင်သူများက ပြောကြသည်။

၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည့် စစ်အစိုးရက ၎င်းကို ဆန့်ကျင် ဝေဖန်သူများကို ဖမ်းဆီးထောင်ချရန် အတွက် သာမန်ရာဇဝတ်မှုများ ကဲ့သို့ပင် အခြားဥပဒေများ သို့မဟုတ် (ကိုလိုနီခေတ် အမွေအနှစ် တခုပင်ဖြစ်သော) ပြစ်မှုဆိုင်ရာဥပဒေ တို့ကို အသုံးပြုခဲ့ကြသည်။ ကျယ်ပြန့်သည့် ပြစ်မှုဆိုင်ရာ ဥပဒေကို ၁၈၆၀ ခုနှစ်တွင် ရေးဆွဲခဲ့ခြင်း ဖြစ်ပြီး ပြစ်မှု ကျူးလွန်သူဟု သံသယရှိသူများကို အရေးယူနိုင်မည့် ပုဒ်မပေါင်း ၅၀၀ ကျော်ပါဝင်ခဲ့သည်။

၁၉၉၀ ခုနှစ်တွင် စစ်ခုံရုံးတခုက ထိုစဉ်က အတိုက်အခံဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ခေါင်းဆောင် ၂ ဦးကို နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေအရ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့သည်။ သူတို့က အစိုးရ ရုံးစာ တစောင်ကို နိုင်ငံခြား သံရုံးများ သို့ လက်ဆင့် ကမ်းခဲ့သောကြောင့် ဖြစ်သည်။ ထိုသို့ စွဲချက်တင်ခြင်းတွင် NLD က အနိုင်ရရှိခဲ့သော်လည်းစစ် အစိုးရက အသိအမှတ် မပြုခဲ့သည့် ရွေးကောက်ပွဲ နောက်ပိုင်းတွင် (NLD ကို) ဖြိုခွဲမှု ၏ တစိတ်တပိုင်းအထိ ကျယ်ကျယ်ပြန့်ပြန့် အသုံးချ လုပ်ဆောင်လာခြင်း ဖြစ်သည်။

၁၉၉၂ ခုနှစ်တွင် သူတို့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း ထိုအချိန်က New York Times ၏ သတင်းတပုဒ် အဆိုအရ သိရသည်။

နိုင်ငံတော် လျှို့ဝှက်ချက်ဥပဒေဖြင့် အရေးယူခဲ့သော အခြားအမှု ၂ ခုသတင်းများကို အာရှလူ့အခွင့်အရေးကော်မရှင် (Asian Human Rights Commission) ၏ ၂၀၀၉ နှင့် ၂၀၁၀ ခုနှစ် အွန်လိုင်း မှတ်တမ်းများတွင် မှတ်တမ်းတင်ထားသည်။

ပထမအမှှုမှာ အမျိုးသားတဦးက တပ်မတော်ပိုင်မြေကို ကျူးကျော်ဝင်ရောက်၍ ဗီဒီယိုရိုက်ကူးကာ နိုင်ငံခြားသို့ ပေးပို့ခဲ့ သည်ဟု သံသယရှိသောကြောင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။ သူက တပ်မတော်၏ မြေသိမ်းမှုကို တိုင်ကြားသော လယ်သမား တဦးကို ကူညီခဲ့ခြင်း ဖြစ်ပါသည်။

ဒုတိယအမှုမှာ တပ်မတော် အရာရှိဟောင်းတဦး နှင့် ပတ်သက် နေပြီးသူက လျှို့ဝှက် သတင်းအချက် အလက်များ ပါဝင်သော သူ၏ လက်ပ်တော့ကွန်ပျူတာကို နိုင်ငံခြားသတင်းဌာနများသို့ ပေးခဲ့သည် ဟု သံသယရှိသောကြောင့် ၂၀၁၀ ခုနှစ်တွင် ထောင်ချခံခဲ့ရခြင်း ဖြစ်ပါသည်။

မှတ်တမ်းအထောက်အထား အများဆုံးဖြစ်ပြီး အနီးစပ်ဆုံးလည်း ဖြစ်သော နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနှင့် ဆိုင်သည့် အမှုမှာ ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် ဂျာနယ်တစောင် ဖြစ်သည် Unity ဂျာနယ်က မျက်နှာဖုံးစာမျက်နှာမှ ဆောင်းပါးတခုတွင် မြန်မာနိုင်ငံ အလယ်ပိုင်း၌ တပ်မတော်က လုပ်ကိုင်နေသည့် လျှို့ဝှက်ဓာတု လက်နက် စက်ရုံဟု ဖော်ပြထုတ်ဝေခဲ့သော အချိန်တွင် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့က ဂျာနယ်၏ CEO နှင့် သတင်းရေးသားရာတွင် ပါဝင်ပတ်သက်ခဲ့သည့် ဂျာနယ်လစ် ၄ ဦးတို့ကို ဖမ်းဆီးခဲ့သည်။ ဂျာနယ်တိုက်သို့လည်း ဝင်ရောက် စီးနင်းခဲ့ပြီး အဆိုပါ ဆောင်းပါးပါဝင်သည့် ဂျာနယ် အားလုံးကိုလည်း ရောင်းချသည့် နေရာများတွင် သိမ်းဆည်းရန် ကြိုးပမ်းခဲ့သည်။

စွပ်စွဲခံခဲ့ရသည့် စက်ရုံအနီးတွင်ရှိသော ပခုက္ကူရှိ အရပ်ဘက် တရားရုံးတခုက ၎င်းတို့ကို ၂၀၁၄ ခုနှစ် ဇူလိုင်လ အတွင်းတွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ပြီး နောက်ပိုင်းတွင် ၇ နှစ်သို့ လျှော့ချပေးခဲ့သည်။ ထိုအမှုကို ပြည်တွင်း မီဒီယာများက စစ်ဘက် တိုက်ရိုက်အုပ်ချုပ်ရေးက အဆုံးသတ်သွားခဲ့သော်လည်း တပ်မတော်နှင့် ဆိုင်သော ကိစ္စများက ကန့်သတ်ချက် အဖြစ် ဆက်လက် ရှိနေဆဲ ဖြစ်ကြောင်း သတိပေးခြင်း တခုအဖြစ် ရှုမြင်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် နိုဘယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီအနိုင်ရရှိ၍ အာဏာရရှိလာပြီး များမကြာမီ ၂၀၁၆ ခုနှစ် ဧပြီလတွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးသည့်အခါ Unity မှ ဂျာနယ်လစ် ၅ ဦး ပြန်လည် လွတ်မြောက်လာခဲ့သည်။ Unity ဂျာနယ်လည်း ပိတ်ခဲ့ရသည်။

နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေကို အသုံးပြုခဲ့သည့် ယခင်က အခြားအမှုများနှင့် ပတ်သက်သည့် အသေးစိတ်ကို တောင်းခံရန် အတွက် ရိုက်တာက အစိုးရ ဥပဒေ တာဝန်ရှိသူများနှင့် ဆက်သွယ်ရန် ပြီးခဲ့သည့် သီတင်းပတ်ကုန် ပိုင်းက ကြိုးစားခဲ့သော်လည်း မရခဲ့ပါ။

နောက်ဆုံး ပေါ်ပေါက်ခဲ့သည့် ဖြစ်ရပ်

ရဲတပ်ဖွဲ့က သူတို့သည် “ရခိုင်ပြည်နယ်နှင့် လုံခြုံရေးတပ်ဖွဲ့များနှင့် ဆိုင်သော အရေးကြီးသည့် အစိုးရ၏ လျှို့ဝှက် စာရွက် စာတမ်းများကို လက်ဝယ်ထားရှိသောကြောင့် ဖမ်းဆီးရခြင်း ဖြစ်ကြောင်း” နှင့် နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေပုဒ်မ ၃ အရ တရားစွဲဆိုထားကြောင်း ပြောဆိုသည်မှ အပ ရိုက်တာမှ သတင်းထောက်များ ဖမ်းဆီးခံရသည့် ကိစ္စနှင့် ပတ်သက်၍ အနည်းငယ် မျှသာ သိရပါသည်။

အမှုနှင့် ဆက်စပ်၍ ရဲတပ်ဖွဲ့ဝင် ၂ ဦးကိုလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည် ဟု ရဲအဖွဲ့၏ အဆိုအရ သိရသည်။

ပုဒ်မ ၃ တွင် တားမြစ်ထားသော နေရာများသို့ ဝင်ရောက်ခြင်း၊ ပုံများရယူခြင်း သို့မဟုတ် “တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ရန်သူအတွက် အသုံးဝင်စေနိုင်မည့် သို့မဟုတ် အသုံးပြုရန် ရည်ရွယ်ထားသည့် လျှို့ဝှက် အစိုးရ စာရွက်စာတမ်းများကို လက်ဝယ်ထားရှိခြင်း” တို့ကို ကာကွယ်ထားသည်။

ပုဒ်မ ၃ က သူလျှိုပြုလုပ်ခြင်း ပြစ်မှုကို အလွန်ကျယ်ပြန့်စွာ ဖွင့်ဆိုထားခြင်း ဖြစ်သည် ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) က ၂၀၁၆ ခုနှစ်တွင် ပြောကြားခဲ့သည်။
“တကယ်လို့ တပ်မတော်နဲ့ ပတ်သက်လာမယ် ဆိုရင် ဒီဥပဒေရဲ့ ပုဒ်မ ၃ အပိုဒ် ၂ က တရားပြိုင်တွေကို သူတို့ အပြစ် မရှိကြောင်း သက်သေပြဖို့ အရေးမှာ ထိရောက်တဲ့ အတားအဆီး ဖြစ်စေပါတယ်” ဟု HRW အဖွဲ့က ဆိုသည်။ ။

(Reuters သတင်းထောက် Simon Lewis ၏ Myanmar Wields Colonial-era Law Against Reuters Journalists ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading