ရည်ချက်ချက်တူ၊ မူဝါဒတူသည့် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)နှင့် တပါတီတည်းအဖြစ် ပေါင်းစည်းလိုကြောင်း ရခိုင် မျိုးချစ် ပါတီ (APP) က ထုတ်ပြန် ကြေညာ၍ ကမ်းလှမ်းမှု ပြုလုပ်သည်။
ဒီဇင်ဘာ ၁၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်သည့် အဆိုပါ ထုတ်ပြန်ချက်တွင် APP ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် (CEC) များ၊ ဗဟို ကော်မတီဝင် (CC) များ၏ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၂ ရက်တွင် စစ်တွေမြို့၌ ကျင်းပခဲ့သော ၄ ကြိမ် မြောက် ပါတီဗဟိုကော်မတီ အစည်းအဝေး သို့ တက်ရောက်လာကြသည့် CEC နှင့် CC များက တညီတညွတ်တည်း ပူးပေါင်းရေး ဆုံးဖြတ်ချက် ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆို ထားသည်။
ALD မှ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးသန်းနိုင်မြင့်က “ကျနော်တို့ မဟာမိတ်အဖြစ်လည်း ပူးပေါင်း ဆောင်ရွက်နေပါ တယ်။ ပါတီ ၂ ပါတီကိုု ၁ ပါတီတည်း အဖြစ်ပူးပေါင်းရေးက ကြီးကျယ်ခမ်းနားတယ်လို့ မြင်ပါတယ်။ ဒါကြောင့် သေချာ စဉ်းစားဖို့ လိုပါတယ်။ အင်အားကြီးတဲ့ပါတီက အင်အားနည်းတဲ့ ပါတီကို ဝါးမျို သွားတာ ကျနော်တို့ ကြုံ တွေ့ပြီးပြီ။ အမှန် တကယ် ဆန္ဒရှိမှ ပူးပေါင်းလိုချင်တဲ့ စိတ်ရှိမှ ပူးပေါင်းတာ ကောင်းပါတယ်။ အခု ပူးပေါင်းရေးနဲ့ ပတ်သက်ပြီး ကျနော်တို့ CEC အစည်း အဝေး လုပ်ပြီးမှ ဆုံးဖြတ်သွားဖို့ ရှိပါတယ်”ဟု ပြောသည်။
ALD ၏ ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို ဒီဇင်ဘာ ၂၃ ရက်တွင် ရခိုင်ပြည်နယ် တောင်ကုတ် မြို့တွင် ကျင်းပရန် ပြင်ဆင်ထားပြီး ယခု APP ၏ ကမ်းလှမ်းမှုနှင့် ပတ်သက်၍ ဆွေးနွေး ကြမည် ဖြစ်ကြောင်းလည်း ၎င်းက ပြော သည်။
APP က ရည်ရွယ်ချက်တူ၊ မူဝါဒတူသည့် ရခိုင် တိုင်းရင်းသား ပါတီများနှင့်လည်း မဟာမိတ်အဖြစ် သော်လည်းကောင်း၊ တပါတီတည်း အဖြစ် သော်လည်းကောင်း ပူးပေါင်း ဆောင်ရွက်သွားမည်၊ ရည်ရွယ်ချက်တူ၊ မူဝါဒ တူသည့် ALD နှင့် ပူးပေါင်း ဆောင်ရွက် သွားမည်၊ ရခိုင် ပြည်သူလူထု၏ အနာဂတ် အကျိုးစီးပွားကို ပိုမို လုပ်ဆောင်နိုင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။
ထို့အပြင် APP ၏ ဆုံးဖြတ်ချက်အရ ရခိုင် ပြည်သူများ အားလုံး သိရှိမြင်သာအောင် ၂ ပါတီကို ၁ ပါတီတည်းအဖြစ် ပေါင်းစည်းလိုကြောင်း ယခုပေးပို့ စာဖြင့် တရားဝင် အကြောင်းကြား လိုက်ကြောင်း၊ ALD မှ အချိန်မီ ပြန်ကြားချက် တစုံတရာကို သင့်လျော်သော အချိန် နေ့ရက်တွင် လက်ခံ ရရှိမည်ဟု မျှော်လင့်ကြောင်းလည်း APP က ပြောဆိုသည်။
ရခိုင် တိုင်းရင်းသူ တဦးဖြစ်သည့် စစ်တွေမြို့ ဒေသခံ မမြပန်းဝေ က “ရိုးရိုး သာမန် ရခိုင်သူ တယောက်အနေနဲ့ ပြောရရင် ကောင်းတဲ့ လမ်းစဉ် တိုးတက်မယ့် ဦးတည်ချက်တခုတည်းကိုပဲ စစ်မှန်တဲ့ သဘောတရားတွေနဲ့ လုပ်ဆောင်ကြမယ်ဆိုရင် အဖွဲ့အစည်း နှစ်ခု ပေါင်းစည်းသွားလည်း လက်ခံနိုင်ပါတယ်”ဟု ပြောသည်။
အဓိက အနေဖြင့် ရခိုင် အမျိုးသား ပါတီ (ANP) ကဲ့သို့ မဖြစ်စေလိုကြောင်း၊ ရည်ရွယ်ချက် ခိုင်မာပြီး လုပ်ဆောင်ချက်များ အကောင် အထည် ဖော်နိုင်ရန် ရေရှည်စီမံကိန်း ရှိရမည် ဖြစ်ကြောင်း၊ ခေါင်းဆောင်များ၏ အရည်အသွေးနှင့် နောက်လိုက် များ၏ ခံယူချက်လည်း အရေးကြီးကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။
ALD နှင့် APP တို့သည် စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ (UNA) ၏ အဖွဲ့ဝင် ရခိုင် ပါတီ များလည်း ဖြစ်ကြသည်။
ယနေ့တွင် UNA အဖွဲ့ဝင် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ တွေ့ဆုံ၍ APP ၏ ကမ်းလှမ်းချက် နှင့် ပတ်သက်ပြီး ဆွေးနွေး နေကြကြောင်း ALD ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးသန်းနိုင်မြင့်က ပြောသည်။