သတင်း

ယန်ဟီလီကို မယုံကြည်၍ ပြည်ဝင်ခွင့် လက်မခံဟု သမ္မတရုံး ပြော

Want create site? Find Free WordPress Themes and plugins.

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီ၏ ယခုတခေါက် မြန်မာ နိုင်ငံ ခရီးစဉ်ကို လက်မခံရခြင်းမှာ ၎င်း၏ လုပ်ဆောင်ချက်များသည် မမျှတဘဲ သမာသမတ်မကျသဖြင့် ယုံကြည်မှု မရှိ၍ ဖြစ်ကြောင်း မြန်မာ အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

“သူ(ယန်ဟီလီ)က သူ့အလုပ်တွေ ဆောင်ရွက်တဲ့အခါ မမျှတသလို သမာသမတ် မကျဘူး။ သူ့အပေါ်မှာ ယုံကြည်မှု မရှိဘူး။ ဒါကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီရုံးနဲ့ ဂျနီဗာက ကုလ လူ့အခွင့်အရေး ကော်မရှင်တို့ဆီကို နယူးယောက် မြန်မာ အမြဲတမ်း ကိုယ်စားလှယ်ကတဆင့် အကြောင်းကြားခဲ့တာ”ဟု သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။

မစ္စယန်ဟီလီသည် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို အစီရင်ခံစာ ရေးသားရန် ၆ ကြိမ်တိုင်တိုင် လာရောက်ခဲ့သူ ဖြစ်ပြီး ခရီးစဉ်တိုင်းတွင် အစီရင်ခံစာ ထုတ်ပြန်လေ့ရှိရာ ယခု လာရောက်မည့် ခရီးစဉ်ကို ခွင့်မပြုသည့် မြန်မာအစိုးရ၏ ဆုံးဖြတ်ချက်အပေါ် နားမလည်နိုင်သလို စိတ်ပျက်မိကြောင်း မစ္စယန်ဟီလီက ပြောသည်ဟု ဂျနီဗာရှိ ကုလသမဂ္ဂရုံးမှ ထုတ်ပြန်ခဲ့သည်။

“ကျမရဲ့ လုပ်ပိုင်ခွင့် တာဝန်တွေကို ပူးပေါင်းဆောင်ရွက်မှု မလုပ်ဖူးလို့ ကြေညာလိုက်တာဟာ ရခိုင်ပြည်နယ်မှာ ထို့အတူ မြန်မာနိုင်ငံရဲ့အခြားဒေသတွေမှာလည်း အလွန်ဆိုးရွားတဲ့ ဖြစ်ရပ်တွေ ဖြစ်နေတယ်ဆိုတာ ညွှန်ပြနေတာလို့ မြင်နိုင်တယ်။ မြန်မာအနေနဲ့ ဒီဆုံးဖြတ်ချက်ကို ပြန်ပြင်လိမ့်မယ်လို့ မျှော်လင့်တယ်”ဟု မစ္စယန်ဟီလီက ပြောဆိုသည်။

လွန်ခဲ့သည့် ၂ ပတ်က မြန်မာအမြဲတမ်းကိုယ်စားလှယ်သည် ယန်ဟီလီ၏ မြန်မာနိုင်ငံတွင် ဆောင်ရွက်ခွင့်ရနေသည့် ကုလ အထူး ကိုယ်စားလှယ်ရာထူးကို ညွှန်းဆို၍ ကုလသမဂ္ဂနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်မည်ဟု လူ့အခွင့်အရေးကောင်စီသို့ အကြောင်း ကြားခဲ့ပြီးမှ ယခုအခါ ဆက်လက် ပူးပေါင်းမှု မလုပ်တော့ကြောင်း ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့် အရေး ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယန်ဟီလီကို လက်မခံခြင်းသည် ကုလ Fact Finding Mission ကိုလည်း ငြင်းဆိုထားပြီး ဖြစ်၍ တပူပေါ်နှစ်ပူဆင့် ဖြစ်လာနေပြီး မြန်မာအစိုးရအနေဖြင့် လွတ်လပ်သည့် နိုင်ငံတကာ အဖွဲ့အစည်းများကို မြန်မာ၏ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများတွင် ကြားဝင်ဆောင်ရွက်ခွင့် မပေးသင့်နိုင်ပါက နိုင်ငံတကာက မြန်မာကို ပို၍ မယုံကြည် ဖြစ်လာနိုင်ကြောင်း ရန်ကုန်မြို့မှ သတင်းစာဆရာ ဦးသီဟသွေးက သုံးသပ်သည်။

“ဒီလို ခွင့်မပြုဘဲ ရင်ဆိုင်မယ်ဆိုရင်တော့ အဆိုးဘက်ကိုပဲ သွားလိမ့်မယ်။ မငြင်းရဘူး မဟုတ်ဘူး။ တခုခုနဲ့တော့ အစားထိုး အဖြေထုတ် သင့်တယ်။ လူလဲခိုင်းတာမျိုး အခြားတခုခုပဲ ဖြစ်ဖြစ်လုပ်သင့်တယ်။ အဲလို မလုပ်နိုင်ရင် နိုင်ငံတကာ မျက်စိထဲမှာ မယုံကြည်မှုတွေ ပိုမို ကြီးထွားလာလိမ့်မယ်”ဟု ၎င်းကဆိုသည်။

ပြည်သူ့လွှတ်တော်တွင် မစ္စ ယန်ဟီလီကို ကန့်ကွက်ကြောင်း အဆိုတင်ခဲ့သူ အိမ်မဲမြို့နယ် ကိုယ်စားလှယ် ဒေါ်သန္တာကမူ ယန်ဟီလီကို ပြည်ဝင်ခွင့် မပြုခြင်းသည် ပြဿနာကို ပြေလည်နိုင်စေမည် မဟုတ်သော်လည်း သူ၏ သမာသမတ်မရှိသည့် လုပ်ရပ်များကလည်း မြန်မာ့ အရေးကို မပြေလည်စေနိုင်ကြောင်း ပြောသည်။

ယန်ဟီလီကို ပြည်ဝင်ခွင့် ဗီဇာ ငြင်းဆိုပြီး ကုလသမဂ္ဂနှင့် ပူးပေါင်းလုပ်ဆောင်ရန် ငြင်းဆိုလိုက်သောအချိန်သည် ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာ သုဿန်၌ အမည် မသိ ရုပ်အလောင်းများ တွေ့ရှိထားရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ ထိုဖြစ်စဉ်၌ တစုံတရာပါဝင် ပတ်သက်ကြောင်း စစ်ဆေးတွေ့ရှိပါက တရားဥပဒေ နှင့်အညီ ထိရောက်စွာ အရေးယူမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading