မျိုးတုံးပျောက်ကွယ်တော့မည့် ဧရာဝတီ လင်းပိုင်းမတကောင်ကို စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ရှိ ကျောက်ပုန် ကျေးရွာအနီး ဧရာဝတီမြစ် ကမ်းခြေ၌ သေဆုံးနေသည်ကို တွေ့ရှိကြောင်း ဒေသခံ ငါးဖမ်းသမားများက ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ဧရာဝတီသို့ ပြောဆိုသည်။
ထိုလင်းပိုင်မ၏ အလောင်းကို စတင်တွေ့ရှိသော ဒေသခံ တဦးဖြစ်သည့် ဦးကျော် က “အတွင်းက လီစာတွေက ဝမ်းဗိုက် ပွင့်တဲ့နေရာကနေ ထွက်ကျနေတယ်။ သင်္ဘောဒလက်နဲ့ထိခိုက်မိတဲ့ ဒဏ်ရာနဲ့လည်းမတူဘူး။ တမင်ခွဲထားတဲ့ ဒဏ်ရာ။ ခုတ်ခံထိတဲ့ ဒဏ်ရာကြောင့် သေတာလား၊ သေပြီးမှခွဲထားတာလားတော့မသိဘူး” ဟု ပြောသည်။
အရှည် ၇ ပေ ခွဲရှိသော ထိုလင်းပိုင်မသည် ယခုနှစ်အတွင်း သေဆုံးရသော တတိယမြောက် လင်းပိုင်ဖြစ်သည်။
ဆူးတောင်များတွင် သင်္ဘော ဒလက်ထိသော ဒဏ်ရာဟု ယူဆရသည့် ဒဏ်ရာများနှင့် သေဆုံးနေသော လင်းပိုင် တကောင်ကို ယခုနှစ် ဧပြီလကတွေ့ရှိခဲ့သည်။ ဇွန်လကလည်း အသက် ၃၀ အရွယ်ရှိ လင်းပိုင်မ တကောင်ကို ဒဏ်ရာမရှိပဲ သေဆုံးနေကြောင်းတွေ့ခဲ့သောကြောင့် သဘာဝအတိုင်း အိုမင်းမှုကြောင့် သေဆုံးခြင်းဖြစ်ဖွယ်ရှိသည်ဟု ယူဆ နေကြသည်။
ယခုနောက်ဆုံး လင်းပိုင်သေဆုံးရခြင်း အကြောင်းရင်းကို မသိရသော်လည်း ဒေသခံ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီများက လျှပ်စစ်ရှော့တိုက် ငါးဖမ်းခြင်းကြောင့် ဖြစ်မည်ဟုပြောသည်။ လျှပ်စစ်ရှော့တိုက်ငါးဖမ်းခြင်းသည် မျိုးတုံး ပျောက်ကွယ်တော့မည့် ဧရာဝတီလင်းပိုင်များ အတွက် အဓိက ခြိမ်းခြောက်မှုဖြစ်သည်။
အထူးသဖြင့် ဧရာဝတီမြစ်အတွင်း အကာ အကွယ်ပေးထားသော နယ်မြေတွင် လျှပ်စစ်ရှော့တိုက်ငါးဖမ်းခြင်းကို ငါးလုပ်ငန်းဦးစီးဌာနက ရေချိုငါးဖမ်းလုပ်ငန်းဥပဒေဖြင့် ပိတ်ပင်ထားသည်။ ချိုးဖေါက်သူများသည် ထောင်ဒဏ် ၃ နှစ်အထိ သို့မဟုတ် ငွေဒဏ် ၃ သိန်းအထိဆောင်ရနိုင်သည်။
အစိမ်းရောင်စိုအဖွဲ့မှ ဒေသခံ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ်ရှားသူ ဦးမောင်မောင်ဦး က “အစိုးရနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ မျိုးတုံးတော့မယ့် မျိုးစိတ်တွေကို ထိထိရောက်ရောက် ကာကွယ်ဖို့ တင်းကျပ်တဲ့ ဥပဒေ၊ စည်းမျဉ်း စည်းကမ်း လုပ်ထုံး လုပ်နည်းတွေလိုတယ်” ဟု ပြောသည်။
၎င်းက ဆက်၍ “ရှော့တိုက် ငါးဖမ်းတဲ့ လူတွေက ဥပဒေကို ဂရုမစိုက်ကြဘူး။ သူတို့ကို တိုင်တဲ့သူ၊ ဖမ်းတဲ့သူတွေကို တောင်မှ သူတို့က ပြန်တိုက်ခိုက်ကြတယ်။ လျှပ်စစ်ရှော့တိုက် ငါးဖမ်းတာအပြင် မြစ်ရေ ညစ်ညမ်းတာကို ကာကွယ်ဖို့ ထိရောက်တဲ့ ဥပဒေတခုလည်း လိုတယ်” ဟုပြောသည်။
သားရိုင်းတိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ – WCS ကထုတ်ပြန်သော စာရင်းများအရ မန္တလေးမှ ဗန်းမော်အထိ ကျယ်သော အကာအကွယ်ပေး ဇုန်အတွင်း ၂၁၀၂ ခုနှစ်က ဧရာဝတီလင်းပိုင် ၈၆ ကောင်သာရှိတော့သည်။ ၂၀၁၄ ခုနှစ်သို့ ရောက်သောအခါ ၆၃ ကောင်သာ ကျန်တော့ပြီး ၂၀၁၅ ခုနှစ်တွင်မူ ၅၈ ကောင်သာကျန်တော့သည်။
၂၀၁၆ ခုနှစ်တွင် ကိုယ်ဝန်ဆောင် လင်းပိုင် တကောင်အပါအဝင် လင်းပိုင် ၃ ကောင်၏ အလောင်းများကိုတွေ့ခဲ့သော်လည်း ၆၅ ကောင်အထိ ရေတွက်နိုင်ခဲ့သည်။
WCS ၏ ယခုနှစ် ဖေဖေါ်ဝါရီလက စစ်တမ်းအရ အကာအကွယ်ပေးထားသော ဇုန်အတွင်းတွင် လင်းပိုင် ၆၉ ကောင် တွေ့ခဲ့ သော်လည်း ယခုနှစ်အတွင်း သေဆုံးသော ကောင်ရေမှာ ၃ကောင်ရှိပြီဖြစ်သောကြောင့် ၆၆ ကောင်သာ ကျန်တော့မည် ဖြစ်သည်။
((ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Endangered Irrawaddy Dolphin Found Dead အား ဘာသာပြန်သည်။))