သတင်း

မြောက်ကိုရီးယားစစ်သားတဦး တောင်ကိုရီးယားသို့ ထွက်ပြေးပြန်

Want create site? Find Free WordPress Themes and plugins.

မြောက်ကိုရီးယား စစ်သားတဦးဟာ နှစ်နိုင်ငံအကြား အစောင့်အကျပ် ထူထပ်စွာ ချထားတဲ့ စစ်မဲ့ဇုန် ကို ဖြတ်ကာ ဒီကနေ့ ထွက်ပြေးလာတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာနက ကြေညာ သွားပါတယ်။

ဒါဟာ ဒုတိယအကြိမ်ဖြစ်ပြီး လွန်ခဲ့တဲ့လကလည်း မြောက်ကိုရီးယား စစ်သားတဦး ပစ်ခတ်မှုတွေ ကြားထဲကပဲ အလားတူ ထွက်ပြေး လွတ်မြောက်လာခဲ့ပါသေးတယ်။

ဒီကနေ့ ထွက်ပြေးလာတဲ့ စစ်သားဟာ ထူထပ်တဲ့ မြူနှင်းတွေ အကြားက နယ်စပ်ရဲ့ အလယ်ပိုင်း ကနေ ဖြတ်သန်းထွက်ပြေးလာပြီး တောင်ကိုရီးယား လုံခြုံရေး စခန်းတခုကို ရောက်လာတာကို ထောက်လှမ်းရေး ကရိယာများက တဆင့် မြင်တွေ့ခဲ့ရတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာန ပြောခွင့်ရသူက ဆိုပါတယ်။

အဆိုပါ စစ်သား ထွက်ပြေးလာချိန်မှာ ပစ်ခတ်မှုမရှိသော်လည်း နောက်ပိုင်းမှာ သူ့ကို လိုက်လံရှာ ဖွေတဲ့ မြောက်ကိုရီးယား စစ်သားတွေ ရောက်လာတဲ့အတွက် တောင်ကိုရီးယား စစ်သားတွေက သေနတ်နဲ့ အချက် ၂၀ခန့် ခြောက်လှန့်ပစ်ခတ်ခဲ့ရတယ်လို့ သိရပါတယ်။

ကွန်ကရစ်စည်းရိုးကာရန်ကာ နှစ်နိုင်ငံတပ်တွေ မျက်နှာချင်းဆိုင် ချထားတဲ့ ပန်မွန်ဂျုံ အပစ်အခတ်ရပ် စဲရေး ရွာမှာ မြောက်ကိုရီးယား စစ်သားတဦး ပြဇတ်ဆန်ဆန် ထွက်ပြေး လွတ်မြောက်လာပြီးနောက် အခုလို နောက်တဦး ထပ်မံထွက်ပြေးလာခြင်းဖြစ်ပါတယ်။

ပထမထွက်ပြေးတဲ့ မြောက်ကိုရီးယား စစ်သားဟာ အစောင့်အကျပ် ထူထပ်တဲ့ နယ်စပ်ကို ကား အရှိန်နဲ့မောင်းကာ ပစ်ခတ်နေတဲ့ကြားက ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ပြီး သူ့ကို လေးကြိမ်ခန့် သေနတ်ထိမှန်တယ်လို့ သိရပါတယ်။

အဲဒီတုန်းက ရိုက်ကူးထားတဲ့ ဗီဒီယိုတွေမှာတော့ နယ်နိမိတ်စည်းရဲ့ တောင်ဘက်နားမှာ ဒဏ်ရာ ဆိုးဆိုးရွားရွား ရထားတဲ့ မြောက်ကိုရီးယား စစ်သားဆီကို တောင်ကိုရီးယား စစ်သား ၂ဦးက မိကျောင်းသွား တွားသွားပြီး ဆွဲယူခဲ့ရတာကို တွေ့ရပါတယ်။

အခုအခါမှာတော့ အဲဒီမြောက်ကိုရီးယား စစ်သားဟာ တောင်ကိုရီးယားမှ ဆေးကုသခံပြီးနောက် ကျန်းမာရေးပြန်လည် ကောင်းမွန်လာပြီဖြစ်ပါတယ်။

ပန်မွန်ဂျုံကျေးရွာနားက ၄ကီလိုမီတာ ကျယ်တဲ့ စစ်မဲ့ဇုန်မှာ သံဆူးကြိုးတွေ ၊ မိုင်းတွေနဲ့ ပြည့်နေပြီး လွန်စွာ အန္တရာယ်များပါတယ်။

ဒီကနေ့ ထွက်ပြေးလာတဲ့ စစ်သားဟာ ဒီနှစ်အတွင်း တောင်ကိုရီးယားဘက်ကို ထွက်ပြေးတဲ့ ၄ ယောက်မြောက် စစ်သားဖြစ်ပြီး၊ ဒီအပတ်ထဲမှာလည်း လှေနဲ့ ထွက်ပြေးလာတဲ့ မြောက်ကိုရီးယား အရပ်သား ၂ဦးကို တောင်ကိုရီးယား အရှေ့ဘက်ကမ်းလွန်မှာ ကယ်တင်ခဲ့ရတယ်လို့ ယွန်ဟပ် သတင်းကဆိုပါတယ်။

ဒီနှစ်အတွင်းမှာ တောက်ကိုရီးယားကို တိုက်ရိုက်ထွက်ပြေးလာတဲ့ မြောက်ကိုရီးယား ၁၅ ဦး ရှိပြီလို့ ပူးတွဲစစ်ဦးစီးချုပ်များရုံး၏ စာရင်းအရ သိရပြီး ၂၀၁၆ ခုနှစ်ကထက် ၃ ဆပိုမိုများပြားတယ်လို့ ဆိုပါတယ်။

၁၉၅၀ မှ ၁၉၅၃ ခုနှစ်အထိ ဖြစ်ပွားတဲ့ ကိုရီးယား စစ်ပွဲနောက်ပိုင်းမှာ မြောက်ကိုရီးယားနိုင်ငံကနေ ဖိနှိပ်မှု ဆင်းရဲနွမ်းပါးမှုတွေကြောင့် တောင်ကိုရီးယားကို ထွက်ပြေးလာသူ ၃သောင်းဝန်းကျင်ရှိပြီ ဖြစ်တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယားမှ ထွက်ပြေးသူ အများစုသည် မူလက တရုတ်နိုင်ငံသို့ ထွက်ပြေးကြသော် လည်း ဖမ်းမိပါက ပြန်လည်ပို့ဆောင်ခြင်းခံရသဖြင့် နောက်အခါ ကြားနိုင်ငံ တခုမှ တဆင့် တောင်ကိုရီးယား သို့ ပြန်လည်ကူးပြောင်းကြပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading