သတင်း

ရှမ်းလူထုအကြိုတွေ့ဆုံပွဲများ တားဆီးခံရမှု SNLD က လွှတ်တော်တင်မည်

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) ကဦးဆောင် ပြုလုပ်နေသော ရှမ်းလူထုအကြိုတွေ့ဆုံပွဲများအား တပ်မတော်ကလိုက်လံ တားဆီးနေခြင်းနှင့်ပတ်သက်၍ လွှတ်တာ်သို့ တင်ပြသွားမည် ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နန်းခမ်းအေးက ပြောသည်။

နန်းခမ်းအေး က “အစိုးရနဲ့ တပ်ကြားက ကွာဟချက်တွေကို လွှတ်တော်မှာ တင်ဖို့တော့ ကျမဆုံးဖြတ်လိုက်ပြီ။ လွှတ်တော် ပြန်တက်တဲ့ အချိန်မှပဲ တင်ဖြစ်လိမ့်မယ်။ အခုလွှတ်တော်က နားနေတယ်။ ပြန်စမှပဲ တင်ရမှာပေါ့”ဟု ပြောသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးမတိုင်မီ ရှမ်းလူမျိုးများ၏ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခွင့်နှင့် ပတ်သက်၍ ရှမ်းပြည်နယ် အတွင်း လူထုအကြိုတွေ့ဆုံပွဲများ ပြုလုပ်ရာတွင် ယင်းသို့ ကြုံတွေ့နေရခြင်း ဖြစ်သည်။

ယခုနှစ် နိုဝင်ဘာလ အတွင်းက ပြုလုပ်သည့် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင် သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) အကောင် အထည်ဖော်မှု ဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) တွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်းလူမျိုး) ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS) ဦးဆောင်၍ ကျင်းပနိုင်ကြောင်း သဘောတူထားသည်။

ထို့အတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မတိုင်မီရှမ်းလူထု အကြိုတွေ့ဆုံပွဲကို RCSS အဖွဲ့က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ထားသော ရှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU) ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်များရှိ မြို့နယ် ၁၄ မြို့နယ်၌ သွားရောက် ကျင်းပနေရာ ပင်လုံ၊ တာချီလိတ်နှင့် လားရှိုးမြို့နယ်များ၌ ပြုလုပ်ရာတွင် တပ်မတော်က တားမြစ်ခဲ့သည် ဟုဆိုသည်။

ရှမ်းလူထုအကြိုတွေ့ဆုံပွဲများကို အစိုးရက ပြုလုပ်ခွင့်ပေးထားသော်လည်း တပ်မတော်မှ လိုက်လံတားမြစ်နေခြင်း အပေါ် နားမလည် ဖြစ်ရကြောင်း RCSS/SSA မှ တောင်ကြီးဆက်ဆံရေးရုံး တာဝန်ခံ ဒုဗိုလ်မှူးကြီး စိုင်းဦးက ဆိုသည်။

ဒုဗိုလ်မှူးကြီး စိုင်းဦးက “ကျနော်တို့နဲ့ ပြည်နယ်အစိုးရ တွေ့ဆုံ ဆွေးနွေးဖြစ်တယ်။ အဲ့ဒီမှာ ပြည်နယ်အစိုးရက ဘာကူညီပေးရမလဲ လိုအပ်တာရှိရင် ပြောပါလို့ ပြောတယ်။ ပြီးတော့ လိုအပ်တဲ့ ပံ့ပိုးမှုပေးဖို့ ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ အုပ်ချုပ် ရေးမှူးတွေကို စာပို့ထားတယ်။ တပ်မတော်က လင်းခေးမှာပဲ လုပ်ဖို့ ဒီဇင်ဘာ ၁၉ ရက်က စာပို့လာတယ်။ ဒီ နှစ်ခု ကွဲလွဲနေမှုကို ကြည့်ရရင် အစိုးရနဲ့ တပ်မတော်ကြားမှာ အချိတ်အဆက်မမိဘူး”ဟု ပြောသည်။

ရှမ်းပြည်နယ်အစိုးရ အဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်ကလည်း “လူထုအကြို ဆွေးနွေးပွဲတွေကို တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို မထိခိုက်စေဘဲ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် ပြည်နယ်အစိုးရက ထောက်ပံ့ကူညီပေးသွားဖို့ လုပ်ထားတယ်။ အုပ်ချုပ်ရေးမှူး ဦးစီးဌာနတွေကိုလည်း ညွန်ကြားစာ ပေးပို့ထားပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ရှမ်းပြည်နယ်အစိုးရ၏ ဒီဇင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်ချက်တွင် ရှမ်းလူထုအကြိုတွေ့ဆုံပွဲများ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် တောင်ကြီး၊ မူဆယ်၊ လားရှိုး၊ လွိုင်လင်၊ လင်းခေး၊ ကျိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်၊ ကျောက်မဲ၊ မိုးမိတ်၊ လောက်ကိုင်၊ ဟိုပန်၊ မက်မန်း စသည့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစီးဌာနများကို လိုအပ်သောထောက်ပံ့ ကူညီမှုများ ပေးအပ်ရန် ဟု ပါရှိသည်။

“တပ်က စာသူ့ဆီ မရောက်ဘူးပြောတယ်။ ခရိုင်ကပြောတာကတော့ တိုင်းမှူးကို အသိပေးပြီးပြီလို့ ပြောတယ်။ အဲ့ဒီအတွက် သူတို့အချင်းချင်း ကြားထဲမှာ သူတို့ညှိနေကြတယ်ပေါ့။ ကျမတို့ကတော့ ကိုယ်စားလှယ်နဲ့ လူထုတွေ့ဆုံမှု အနေနဲ့ ပင်လုံမှာ ဟောပြောနေတယ်” ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေး က ပြောသည်။

NCA လက်မှတ် ထိုးထားသော လက်နက်ကိုင် ၈ ဖွဲ့က အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး အတွက်ဦးတည် ကြိုးပမ်းဆောင်ရွက်မည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ၊ လူထုတွေ့ဆုံပွဲများ (Publlic Consultations) အောင်မြင်စွာ ကျင်းပနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများမှလည်း ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ ဆုံးဖြတ်ချက်များကို အလေးထား လိုက်နာပံ့ပိုးရန် တိုက်တွန်းကြောင်း ဒီဇင်ဘာ ၁၈ ရက်နေ့က ထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading