ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ တောင်ကလေးကျေးရွာတွင် ဖြစ်ပွားခဲ့သော ၃ လောင်းပြိုင် လူသတ်မှု၏ တရားခံ ဟု ရဲက ထုတ်ပြန်ထားသော သန်းဇော်ဆိုသူကို တပတ်ကျော်ကြာမြင့်ချိန်အထိ ဖမ်းဆီးဖော်ထုတ်နိုင်ခြင်း မရှိသေးဘဲဖြစ်နေသည်။
တောင်ကလေးကျေးရွာတွင် ဒီဇင်ဘာ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သော ၃ လောင်းပြိုင်လူသတ်မှုနှင့် ပတ်သက်ပြီး သန်းဇော် ဆိုသူကို ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ရဲတပ်ဖွဲ့အနေဖြင့် အပူတပြင်း လိုက်ရှာနေကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ် က ပြောသည်။
ဒုရဲမှူးကြီး ခင်မောင်လတ် က“ဧရာဝတီတိုင်းနဲ့ ဆက်စပ်နေတဲ့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့တွေကို ချိတ်ဆက် ပြီးတော့လည်း ဖမ်းဆီးရမိရေး ကြိုးပမ်းနေပါတယ်” ဟု ဧရာဝတီကို ပြောသည်။
၎င်းက ဆက်၍ “တရားခံ သန်းဇော်ကို စဖြစ်တဲ့ နေ့ကတည်းက သူထွက်ပြေးနိုင်တဲ့ လမ်းကြောင်းကို တောက်လျှောက် လိုက်နေခဲ့ပါတယ်။ သူ့ဇာတိက လပွတ္တာဘက်က ဆိုတော့ သူ့အမျိုးတွေရှိတဲ့နေရာနဲ့ သူရှိနိုင်တဲ့နေရာ အားလုံးကိုလည်း ရှာဖွေနေပါတယ်။ သန်းဇော် ရောက်လာခဲ့ရင်လည်း လက်မခံဘဲ ရဲတပ်ဖွဲ့ကို အကြောင်းကြားပေးဖို့ ပြေကြားထားပြီး ဖြစ်ပါတယ်” ဟု ဆိုသည်။
တောင်ကလေး ကျေးရွာနေ သန်းဇော်မှာ ဒီဇင်ဘာ ၁၀ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်က ဇနီးဖြစ်သူ မတင်တင်စန်းနှင့် စကားများကာ ဓားဖြင့် ခုတ်သတ်ခဲ့ပြီး နေအိမ်တွင် လာရောက် ဆော့ကစားနေသည့် တူဖြစ်သူ လင်းလင်းထိုက်ကိုလည်း ဓားဖြင့်ခုတ်ကာ သတ်ဖြတ်ခဲ့ကြောင်းသိရသည်။
ထို့အတူ လင်မယားစကားများသည်ကို ဖြန်ဖြေရန်လာရောက်သည့် မတင်တင်စန်း၏ မိခင်ဒေါ်ခင်ရီ ကိုလည်း ဓားဖြင့်ခုတ်၍ ထပ်မံသတ်ဖြတ်ပြီး ဓားခုတ်မှုကို ဝင်ဆွဲသည့် ခယ်မဖြစ်သူ မစန္ဒာဦးကိုလည်း သန်းဇော်မှ ဓားဖြင့်ခုတ်သဖြင့် ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်။
သန်းဇော်၏ သတ်ဖြတ်မှုကြောင့် ဇနီးဖြစ်သူ မတင်တင်စန်း (အသက်၃၃နှစ်)၊ တူဖြစ်သူ မောင်လင်းလင်းထိုက် (အသက်၁၀နှစ်) နှင့် ယောက္ခမဖြစ်သူ ဒေါ်ခင်ရီ (၆၀နှစ်) တို့မှာ နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဓားဖြင့် ခုတ်နေသည်ကို တားဆီးရန်ကြိုးစားသည့် သန်းဇော်၏ မရီးဖြစ်သူ မစန္ဒာဦးမှာလည်း ဓားဖြင့်ခုတ်သည့်အတွက် ဦးခေါင်းတွင် ပြတ်ရှဒဏ်ရာ၂ ချက် ရရှိခဲ့သဖြင့် မြောင်းမြ ပြည်သူ့ဆေးရုံကြီးတွင် အတွင်းလူနာ အဖြစ် တက်ရောက် ကုသမှု ခံယူခဲ့ရကြောင်း သိရသည်။
မိခင်ဒေါ်ခင်ရီ၊ အစ်မဖြစ်သူ မတင်တင်စန်း၊ တူဖြစ်သူ မောင်လင်းလင်းထိုက် တို့အား သတ်ဖြတ်သည့် အပြင်မိမိကိုယ်ပါ ပြင်းထန်ဒဏ်ရာ ရရှိအောင် လုပ်ဆောင်ခဲ့သည့် သန်းဇော်အား အရေးယူပေးရန် မစန္ဒာဦးက တရားလိုပြုလုပ် တိုင်တန်းသည့် အတွက် မြောင်းမြမြို့မ ရဲစခန်းက ပုဒ်မ၃၀၂ (လူသတ်မှု) ပုဒ်မ၃၂၆ (ပြင်းထန်ဒဏ်ရာ ရရှိအောင် ပြုလုပ်မှု) တို့ဖြင့် သန်းဇော်အား အမှုဖွင့်ထားသည်။
ထွက်ပြေးလွတ်မြောက်နေသည့် သန်းဇော်အား တွေ့ရှိပါက ဧရာဝတီတိုင်း ရဲတပ်ဖွဲ၊ မြောင်းမြခရိုင်နှင့် မြောင်းမြမြို့နယ် ရဲတပ်ဖွဲ့အား ဆက်သွယ် သတင်းပေးကြရန် ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ၎င်းတို့ လူမှုကွန်ရက် စာမျက်နှာမှ တဆင့် ဒီဇင်ဘာ ၁၂ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
ဒုရဲမှူးကြီး ခင်မောင်လတ်က “ရာဇဝတ်မှု ကျူးလွန်ထားသူ တယောက်ကို လက်ခံထားမယ် ဆိုရင် ရာဇသတ်ကြီးပုဒ်မ ၂၁၆ အရ အရေးယူလို့ ရပါတယ်။ ပြစ်ဒဏ်က ထောင်ဒဏ် ၃ နှစ်အထိချမှတ် ခံရနိုင်ပါတယ်။ ရာဇဝတ်မှု ကျူးလွန် ထားသူတယောက် လွတ်မြောက် နေတာဟာ တခြားသော ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် စိုးရိမ်ရပါတယ်။ ဒါကြောင့် ကျနော်တို့ ဖမ်းမိနိုင်ရေး ကြိုးပမ်းနေပါတယ်။ ပြည်သူများအနေနဲ့ သန်းဇော်ကိုတွေ့တာနဲ့ ရဲတပ်ဖွဲ့ကို သတင်းပေးကြဖို့ ပြောလိုပါတယ်” ဟု ပြောသည်။
ဧရာဝတီတိုင်း ဒေသကြီး ဘိုကလေးမြို့နယ်၊ ခိုင်ရွှေဝါကျေးရွာတွင် ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့က လင်မယားချင်း စကားများပြီး ဇနီးဖြစ်သူနှင့် ဇနီးဘက်မှ ပါလာသည့် သမီး ၃ ဦးကို ဓားဖြင့် ခုတ်သတ်ခဲ့သည့် လေးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့သည်။
အလားတူ ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့ကလည်း မအူပင်မြို့နယ်၊ တလုပ်လက် အနောက် ၄ မိုင်ကျေးရွာတွင် ငါးကန်လုပ်သား ၂ ဦးအား ကန်နီးချင်း ဖြစ်သူမှ ကိုင်းခုတ်ဓားဖြင့် ခုတ်ထစ်၍ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ရာ အဆိုပါ လူသတ်မှုများ အတွက် တရားခံများကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့သည်။
ဆက်စပ်ဖတ်ရှုရန် – မြောင်းမြမြို့နယ်မှ ၃ လောင်းပြိုင်လူသတ်သမားကို ရဲတပ်ဖွဲ့ ရှာဖွေနေ