သတင်း

ဘင်္ဂလားဒေ့ရှ်-မြန်မာ ဒုက္ခသည်ပြန်လည် ပို့ဆောင်ရေး ဇန်နဝါရီတွင်စတင်မည်

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် မွတ်ဆလင် ဒုက္ခသည်များ ပြန်လည်ပို့ဆောင်ရေးကို ဇန်နဝါရီလ မကုန်မီ စတင်ရန် သဘောတူညီထားသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ဧရာဝတီသို့ပြောသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အမ်ဆာဟီဒူဟက်နှင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်တို့သည် ပူးတွဲလုပ်ငန်းကော်မတီ- JWG အတွက် စည်းကမ်းချက်များကို ဒါကာတွင် လက်မှတ်ရေးထိုး ခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ် သတင်းဌာနများက ဖေါ်ပြကြသည်။ ထိုပူးတွဲလုပ်ငန်းကော်မတီတွင် တနိုင်ငံလျှင် အဖွဲ့ဝင် အနည်းဆုံး ၁၅ ဦးစီ ပါဝင်မည်ဖြစ်သည်။

နိုဝင်ဘာလ နှောင်းပိုင်းက ၂ နိုင်အကြားတွင် နားလည်မှုစာချွန်လွှာတစောင် လက်မှတ်ရေးထိုးခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားခဲ့သော ဒုက္ခသည် ၆၂၀၀၀၀ ကျော်ကို ပြန်လည်လွှဲပြောင်းပေးရန် အတွက် ၃ ပါတ်အတွင်း ပူးတွဲလုပ်ငန်း ကော်မတီ တခုဖွဲ့စည်းရန် သဘောတူခဲ့သည်။

သြဂုတ်လ နှောင်းပိုင်းတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရဲတပ်ဖွဲ့စခန်းအများအပြားနှင့် စစ်စခန်းတခုကို ARSA အကြမ်းဖက် အဖွဲ့က တိုက်ခိုက်ချိန်မှ စတင်ပြီး ဒုက္ခသည်များ ထွက်ပြေးသွားခဲ့သည်။ ထိုတိုက်ခိုက်မှုများကို တုံ့ပြန်သော မြန်မာ တပ်မတော်၏ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများသည် လူမျိုးတုံးသတ်ဖြတ်မှု ဥပမာဖြစ်သည်ဟု ကုလသမဂ္ဂက ပြောသည်။

သဘောတူညီထားသော စည်းကမ်းချက်များတွင် မွတ်ဆလင် ဒုက္ခသည်များကို နေရပ်စွန့်ခွာ ထွက်ပြေးရသော မြန်မာနိုင်ငံတွင် နေထိုင်သူများ အဖြစ် အသိအမှတ်ပြုပြီး တရားဝင်လွှဲပြောင်းပေးအပ်ခြင်းကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စတင်မည်ဟု ပါရှိကြောင်း Dhaka Tribune ၏ သတင်းတပုဒ်တွင် ဖေါ်ပြထားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးသည် ပူးတွဲလုပ်ငန်းကော်မတီကို ဦးဆောင်မည်ဖြစ်ပြီး ထိုကော်မတီတွင် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့မှ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေး၊ ပြည်ထဲရေး၊ လူဝင်မှုကြီးကြပ်ရေး နှင့် ထောက်လှမ်းရေး အပါအဝင် အစိုးရဌာန အများအပြားမှ ကိုယ်စားလှယ်များ ပါဝင်မည်ဟုလည်း ထိုသတင်းတွင် ဖေါ်ပြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက် လက်မှတ်ရေးထိုးသော ကိုယ်စားလှယ် အဖွဲ့တွင် ပူးတွဲလုပ်ငန်းကော်မတီ ဖွဲ့စည်းမည့်ပုံစံကို သူမသိကြောင်း ဒေါက်တာဝင်းမြတ်အေးကပြောသည်။ ဒေါက်တာ ဝင်းမြတ်အေးသည် ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များ အကောင်အထည် ဖေါ်ခြင်းကို ကြီးကြပ်သော အထူးကော်မတီ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

ဒုက္ခသည်များ၏ ကိုယ်ရေးနောက်ခံများ ဖြည့်စွက်ရမည့် လျှောက်လွှာပုံစံများကို မြန်မာနိုင်ငံက ထုတ်ထားပြီး ဖြစ်သည်ဟုလည်း ဒေါက်တာ ဝင်းမြတ်အေးက ပြောသည်။ ထိုဖြည့်စွက်ပြီး လျှောက်လွှာ တစောင်ချင်း မှန်ကန်ကြောင်း စစ်ဆေး အတည်ပြုပြီးပါက ထိုဒုက္ခသည်များ ပြန်လာနိုင်ရန် လျှောက်လွှာကို ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည် ပေးပို့မည်ဟုလည်း သူရှင်းပြသည်။

“ဆန္ဒအလျှောက် ပြန်လာတာဆိုတော့ ပြန်လက်ခံမယ့် ဒုက္ခသည် အရေအတွက် အတိအကျ သတ်မှတ်ထားတာ မရှိဘူး။ နေရပ်စွန့်ခွာသွားတဲ့ ဟိန္ဒူတွေကို ဦးစားပေးဖို့ ပြောထားတာတော့ရှိတယ်။ ဒါမေပယ့် ပူးတွဲလုပ်ငန်း ကော်မတီက တရားဝင် အသိအမှတ်ပြုဖို့ လိုသေးတယ်” ဟုလည်း ဒေါက်တာ ဝင်းမြတ်အေး က ပြောသည်။

မြန်မာနိုင်ငံသည် မွတ်ဆလင် ဒုက္ခသည်များကို မောင်တောမြို့နယ်တွင် ပြန်လည်နေရာချထားရန် စီစဉ်နေသော်လည်း နေရာအတိအကျ မသိရသေးပေ။ အချို့သော မွတ်စလင်ကျေးရွာများ နေရာ အပြောင်းအရွှေ့ရှိကောင်းရှိနိုင်သည့် သဘောလည်း ဒေါက်တာ ဝင်းမြတ်အေး က ဆိုသည်။

“ကျနော်တို့က မြို့စီမံချက်ကို ပြန်ရေးဆွဲတယ်။ တချို့ဟာတွေကတော့ ပြောင်းသွားမှာပဲ။ ဥပမာပြောရရင် လမ်းတခုကို ချဲ့လိုက်ရင် ရွာတရွာကို နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးမတိုင်ခင်က နေရာနားမှာပဲ ပြန်နေရာချရမှာ။ ဒါပေမယ့် တချို့ရွာတွေကတော့ အရင်နေရာမှာပဲ ရှိနေမှာပါ” ဟုသူပြောသည်။

နိုင်ငံတကာ အသိုင်းအဝန်းနှင့် လူ့အခွင့်အရေးအဖွဲ့များကမူ ဒုက္ခသည်များကို ၎င်းတို့၏ မူလနေရာများသို့ ဘေးကင်းစွာ ပြန်လာခွင့်ပေးရန် မြန်မာနိုင်ငံကို တိုက်တွန်းခဲ့ကြသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Myanmar, Bangladesh to Begin Repatriating Refugees in January ကို ဘာသာပြန်ထားခြင်းဖြစ်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading