သတင်း

ဒေါ်ခင်ဝင်း သေဆုံးမှု ၃ နှစ်ကြာသည့်တိုင် အမှုမှန် မပေါ်ပေါက်သေး၍ ဒေသခံများ ဆန္ဒပြ

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်းဒေသကြီး လက်ပံတောင်း ကြေးနီစီမံကိန်း အဓိကရုဏ်း၌ သေနတ်ထိမှန် သေဆုံးခဲ့သော ဒေါ်ခင်ဝင်း၏ အမှုသည် ၃ နှစ် ပြည့်သည့်တိုင် တရားခံကို ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသည့်အတွက် ဒေသခံတောင်သူများက ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ဝမ်ပေါင်ကုမ္ပဏီရှေ့တွင် ဆန္ဒပြခဲ့သည်။

ဒေါ်ခင်ဝင်းသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ကြေးနီစီမံကိန်း လုပ်ဆောင်နေသော ဝမ်ပေါင်ကုမ္ပဏီက ဒေသခံ များ၏ မြေယာများကို အတင်းအကြပ် စည်းရိုးခတ်ခြင်းပြုလုပ်သဖြင့် ဒေသခံများနှင့် လုံခြုံရေး ရဲတပ်ဖွဲ့များ အကြား အဓိကရုဏ်း ဖြစ်ပွားစဉ် သေနက်ကျည်ဆံ ထိမှန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

တုံတောကျောင်း ကျေးရွာမှ တောင်သူဒေါ်စမ်းနွဲ့က “အခုဆိုရင် ၃ နှစ်ပြည့်သွားပြီ ပြည့်သွားတာတောင်မှ အမှုမှန် ဖော်ထုတ်ပေးခြင်း မရှိတဲ့အတွက် ဝမ်ပေါင်ရုံးရှေ့မှာ ဒေါ်ခင်ဝင်းရဲ့အမှုကို အမြန်ဆုံးဖော်ထုတ်ပေးရေး ပြုပေးဖို့ရာ တောင်းဆိုကြတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ဆန္ဒပြပွဲတွင် ပါဝင်သည့် တောင်သူ အမျိုးသမီးတဦးကလည်း “ဒေါ်ခင်ဝင်း အမှုကို ခုအချိန်အထိ ဘယ်အစိုးရ၊ ဘယ်အာဏာပိုင်၊ ဘယ်လုံခြုံရေး ရဲ ကမှ ဖော်ထုတ်ပေးခြင်းမျိုး မရှိပါဘူး။ ဝမ်ပေါင်ဘက်ကသာ ကူညီပေးနေတဲ့ ရဲတပ်ဖွဲ့ဖြစ်ပါတယ်” ဟု ဆိုသည်။

ဝမ်ပေါင်ကုမ္ပဏီအား ဆန္ဒပြနေသည့် ဒေသခံတောင်သူများ /လက်ပံတောင်းနှင့် ကြေးစင်တောင်ဒေသခံများ ဟစ်တိုင်/FB

ဒေသခံ တောင်သူများသည် ဆန္ဒပြပြီးသည့်နောက်တွင် သေနက်ဒဏ်ရာဖြင့် သေဆုံးခဲ့သော ဒေါ်ခင်ဝင်း၏ နေအိမ်၌ ၃ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား တစ်ခုပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆားလင်းကြီး မြို့နယ်ရဲစခန်းက ဒေါ်ခင်ဝင်း သေဆုံးခဲ့ရသည့် အမှုကို ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်ဥပဒေ အရာရှိတို့၏ မှတ်ချက်ဖြင့် ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က အမှုပိတ်ခဲ့ခြင်းဖြစ်သည်။

အမှုပြန်လည် စစ်ဆေး ပေးရန်အတွက် မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် က ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ ယခုနှစ် မေလတွင် စာချွန်လွှာ တင်သွင်းခဲ့ပြီး ဒီဇင်ဘာ ၄ ရက်နေ့တွင် အပြီးသတ် လျှောက်လွှဲချက် ကြားနာခဲ့ပြီးဖြစ်သည်။

သို့သော်လည်း အမှုပြန်လည် စစ်ဆေးမှု လုပ်မည်၊ မလုပ်မည် ဆိုသည့် အဖြေကို ယခုလကုန်ပိုင်းတွင် အပြီးသတ် အဖြေ သိရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ ဦးဆောင်အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်စိုးက ဧရာဝတီသို့ ပြောသည်။

ဝမ်ပေါင်ကုမ္ပဏီအား ဆန္ဒပြနေသည့် ဒေသခံတောင်သူများ /လက်ပံတောင်းနှင့် ကြေးစင်တောင်ဒေသခံများ ဟစ်တိုင်/FB

တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်စိုး က “ဒဏ်ရာကလည်း နဖူးကိုသေနတ်နဲ့ ပစ်လို့ရတဲ့ ဒဏ်ရာ ဆရာဝန်ကလည်း သက်သေထွက်တယ်။ ဆရာဝန်ကိုလည်း တရားရုံးမှာ ခေါ်စစ်ပြီးပြီ။ စောစောက သေမှုသေခင်း ဖွင့်ထားတယ်။ ဆရာဝန်တွေကို စစ်လိုအပ်တဲ့ သက်သတွေ စစ်ပြီးတော့ ရဲကိုပြန်ပြီးတော့ စစ်ပါဆိုပြီးတော့ အမှုပြန်ဖွင့်ခိုင်းတယ်။ ဖွင့်ဖို့လုပ်လိုက်တဲ့ အခါကျတော့ မြို့နယ်တရားရုံး ကိုယ်တိုင်က ဆက်လက်စစ်ဆေး ဖွင့်လှစ်တယ်လို့ တင်ပြချက်ကပေါ်နေတယ်လေ ဒါကိုတစ်ဖက်က မှားယွင်းမှုနဲ့ ပိတ်တယ်ဆိုတော့ အန်ကယ် နားလည်တာကတော့ ပြန်ဖွင့်သင့်တယ်လို့ နားလည်တယ်” ဟု ဆိုသည်။

ဝမ်ပေါင်ကုမ္ပဏီအား ဆန္ဒပြနေသည့် ဒေသခံတောင်သူများ /လက်ပံတောင်းနှင့် ကြေးစင်တောင်ဒေသခံများ ဟစ်တိုင်/FB

ကြေးနီစီမံကိန်းကို တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကော်ပိုရေးရှင်းနှင့် တရုတ်နိုင်ငံသားပိုင် ဝမ်ပေါင် ကုမ္ပဏီတို့က ၂၀၁၀ ခုနှစ်က စတင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး စီမံကိန်းအတွက် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် ရှိဝက်မှေး၊ ဆည်တည်း၊ ဇီးတော၊ ကံတော၊ မိုးကြိုးပြင်၊ ရွှေလှေ၊ ကျောက်ဖြူနိုင်၊ တုံရွာ၊ ဖောင်းကားတောင်၊ ပလောင်၊ ကူးတို့ ကုန်းစသည့် ကျေးရွာအများမှ လယ်ယာဧက ၇၈၆၈ ဒသမ ၇၈ ဧကသိမ်းဆည်းခံခဲ့ရပြီး လယ်ယာမြေများသာမက စီမံကိန်းနှင့် မလွတ်သော ကျေးရွာများပါ ပြောင်းရွှေ့ပေးခဲ့ရသည်။

လက်ပံတောင်းဒေသခံများမှ ၂၀၁၃ ခုနှစ်မတ်လ ၁၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ထွက်ပေါ်ခဲ့သော အစီရင်ခံစာတွင် ပါဝင်သော အချက်တချက်ဖြစ်သည့် အစားထိုးမြေဧက ၁၉၀၀ အားဖော်ဆောင်ပေးရန် အတွက်ကိုလည်းတောင်းဆိုထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading