သတင်း

ယခုနှစ် ဆောင်း အအေး ဆက်လက် ပိုမည်

Want create site? Find Free WordPress Themes and plugins.

မြောက်ဘက် တရုတ် ပြည်မကြီးဘက်တွင် ဖြစ်ပေါ်နေသော အအေးလှိုင်းမှ လာသည့် ဆောင်းလေ အားကောင်း နေသဖြင့် မြန်မာပြည်တွင် အအေးပိုနေခြင်းဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ)မှ သိရသည်။

တောင်တရုတ် ပင်လယ်ဘက်မှ မုန်တိုင်းအကြွင်းအကျန် တိမ်တိုက်များ ထိုင်းပင်လယ်ကွေ့နား ရောက်လာမည့် သုံးရက်အတွင်း ယာယီ အအေးပေါ့နိုင်သော်လည်း သုံးလေးရက်ခန့်သာ ကြာမြင့်ပြီးနောက် ပြန်လည် အအေးပို လာ ဦးမည်ဖြစ်ကြောင်း မိုး/ဇလ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဧရာဝတီသို့ ပြောသည်။

ဦးကျော်မိုးဦးက “လာမယ့် ၃ရက်လောက်နေရင် အအေးပေါ့မယ်။ ဒီလ ၂၅ ပတ်ဝန်းကျင်မှာ ကပ္ပလီ ပင်လယ် ပြင်မှာ လေဖိအားနည်း ရပ်ဝန်းတလုံးဖြစ်နိုင်တဲ့ အနေအထား တွေ့နေရပါတယ်။ ဖြစ်၊ မဖြစ်ကတော့ အချိန်နဲ့ အမျှ ပြောင်းနိုင်တယ်။ အဲဒီအတွင်း အအေးပြန်ပေါ့သွားမယ်။ အအေး ပေါ့ပြီးနောက် ၃ ၊ ၄၊ ၅ ရက် နေရင်တော့ ပြန်အေးလာမယ်”ဟု ပြောဆိုသည်။

လက်တလောတွင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးတို့တွင် အအေးပိုနေကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ ကိုရီးယား(တောင်+မြောက်)နိုင်ငံနှင့် ဂျပန်နိုင်ငံ မြောက်ပိုင်းတို့တွင် အအေးလှိုင်း ဖြတ်သန်းမှု ကြောင့် ဆီးနှင်းများ ထူထပ်စွာကျဆင်းပြီး အပူချိန်များ ရေခဲမှတ်အောက် ရောက်သည်အထိ အေးခဲနေကြောင်း သိရ သည်။

၂၀၁၆ ခုနှစ်အတွင်း အပူချိန်မြင့်တက်မှုကြောင့် ရေခဲအရည်ပျော်ကျမှု များပြားခဲ့ပြီးနောက်ပိုင်း အအေးလှိုင်း ဖြစ်ပေါ်ရခြင်း ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်ကလည်း ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ တွင် ဖော်ပြထားသည်။

“၂၀၁၆ ခုနှစ်ဟာ ကမ္ဘာ့သမိုင်းတလျှောက် အပူဆုံးနှစ်ဖြစ်ခဲ့ပြီး၊ ရေခဲအရည်ပျော်ကျမှု အများဆုံးနှစ် ဖြစ်ခဲ့ တာ ကြောင့် ၂၀၁၇ ခုနှစ်ဟာ အာတိတ် ရေခဲဖုံးလွှမ်းဧရိယာ အနည်းဆုံးနှစ် ဖြစ်လာခဲ့ပါတယ်။ ဝင်ရိုးစွန်း ဒေသမှာ ပုံမှန်ထက် ပိုမြင့်နေတဲ့ အပူချိန်တွေ ရှိလာပြီး ရေခဲပမာဏလည်း လျော့ကျခဲ့တာကြောင့် ဝင်ရိုးစွန်းလေစိုင်ဝဲ (Polar Vortex) စုစည်းမှု လျော့ရဲပြီး ပြိုကွဲသွားပြီးနောက် ဝင်ရိုးစွန်းလေများ ကမ္ဘာ့ မြောက်ဘက်ခြမ်း ကုန်းမြေ ဒေသကြီးများ ဖြစ်ကြတဲ့ မြောက်အမေရိကတိုက်၊ ဥရောပတိုက် နဲ့ အာရှတိုက်များ အတွင်းသို့ တိုးဝင်ရာမှ ယခု ကဲ့သို့ အအေးလှိုင်းများ ဖြတ်သန်းရခြင်း ဖြစ်ပါတယ်”ဟု ဒေါက်တာ ထွန်းလွင်က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာ တွင် ရေးသားထားသည်။

ကယားပြည်နယ် ဘော်လခဲမြို့တွင် နှစ်ပေါင်း ၂၀ ကျော်အတွင်း စံချိန်တင် အပူချိန်ကျဆင်းခဲ့ပြီး ယခင်က အအေးဆုံး ၇ ဒသမ ၅ ရှိရာမှ ယခုနှစ် ဒီဇင်ဘာ ၂၁ ရက်တွင် အနိမ့်ဆုံးအဖြစ် ၆ ဒသမ ၅ အထိကျဆင်း ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန က ထုတ်ပြန်ထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading