သတင်း

သစ်ခိုးထုတ်မှု ဖမ်းရန်ကြိုးစားသည့် KNPP တပ်ဖွဲ့ဝင် ၄ ဦး သတ်ဖြတ်ခံရ

Want create site? Find Free WordPress Themes and plugins.

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် သစ်ခိုးထုတ်မှု ဖမ်းဆီးရန် ကြိုးစားသည့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ တပ်ဖွဲ့ဝင် ၄ ဦး ကယားပြည်နယ် ဒေသကွပ်ကွဲရေးစစ်ဌာနချုပ် (ဒကစ) လက်အောက်ခံတပ်ဖွဲ့များ၏ သတ်ဖြတ်ခြင်း ခံလိုက်ရကြောင်း KNPP က ပြောသည်။

လွိုင်ကော်မြို့နှင့် ၇ မိုင်ခန့် အကွာ ရှားတောမြို့သွားရာလမ်းကြောင်းတွင် တာဝန်ထမ်းဆောင်နေသည့် KNPP တပ်ဖွဲ့ဝင် ၄ ဦးနှင့် အရပ်သား တဦးကို ဒစက အဖွဲ့များက ဒီဇင်ဘာ ၂၀ ရက်နေ့ညတွင် ဖမ်းဆီးသွားပြီးနောက် သတ်ဖြတ်ခြင်းကို ခံလိုက်ရခြင်းဖြစ်ကြောင်း KNPP အတွင်းရေးမှူး (၂) ခူးဒယ်နီယာ က ပြောသည်။

ခူးဒယ်နီယာ က “သတင်းကြားလို့ ကျနော်ကိုယ်တိုင် လွိုင်ကော် ဒစက ရုံးကိုလိုက်သွားပြီး ပြန်တောင်းတော့ အသတ်ခံထားရတဲ့ ကျနော်တို့ တပ်ဖွဲ့ဝင် ၄ ဦး ဓာတ်ပုံရယ်၊ အရိုးပြာတွေရယ်ပဲ ရခဲ့ပါတယ်။ စုစုပေါင်း ၅ ယောက် အဖမ်းခံရတာပါ။ တယောက်ကတော့ အိမ်ပြန်ရောက် နေတယ်လို့ ကြားလို့ ကျနော်တို့ စုံစမ်းနေပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုဒေသတွင် တပ်မတော်ဘက်က တရားမဝင် သစ်ထုတ်လုပ်နေကြောင်း သတင်းရရှိထားသဖြင့် ဒီဇင်ဘာ ၁၉ ရက်နေ့ ညပိုင်းတွင် တပ်မတော် ယာဉ်အား KNPP တပ်ဖွဲ့ဝင်အချို့က တားဆီးမေးမြန်းမှု ပြုလုပ်ခဲ့မှုအပေါ် အငြိုးထားပြီး သတ်ဖြတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း သူကဆက်ပြောသည်။

ထိုဖြစ်စဉ်မှာ နှစ်ဘက်ပစ်ခတ်ရင်း ဖြစ်ပွားခြင်းဖြစ်ကြောင်း ကနဦးကြားသိထားပြီး အသေးစိပ်သိရှိရန်အတွက် ကယားပြည်နယ် ဒေသကွပ်ကွဲရေး စစ်ဌာနချုပ် (ဒကစ) အနေဖြင့် ၎င်းတို့ တပ်ဖွဲ့ဝင်များထံ မေးမြန်းမှုများ ပြုလုပ်လျှက်ရှိကြောင်း လွိုင်ကော် ဒစက မှ တာဝန်ရှိသူ တဦးဖြစ်သည့် ဗိုလ်မှူး မျိုးမင်းက ဧရာဝတီသို့ ပြောသည်။

ဗိုလ်မှူး မျိုးမင်းက “ဖြစ်စဉ်အကြမ်းဖျင်း ကျနော်သိတာတော့ ပစ်ခတ်ရင်း ဖြစ်တယ်လို့ သိရတယ်။ ကျနော်လည်း အကြမ်းဖျင်းပဲသိရတာ။ အခုသူတို့ကို (၎င်းလက်အောက်ခံ တပ်သားများ) ခေါ်မေးနေပါတယ်။ လှမ်းမေးနေတုန်း ဖုန်းဆက်မေးနေတုန်း” ဟု ပြောသည်။

KNPP အနေဖြင့် သစ်တောပြုန်းတီးမှု မဖြစ်စေရန် တရားမဝင်၊ တရားဝင် သစ်ထုတ်လုပ်နေသူများကို သစ်မထုတ်ရန် သတိပေးချက် ထုတ်ပြန်ထားပြီး ဒေသတွင်း သစ်ခိုးထုတ်မှုများ မရှိစေရေး စစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ် သည်ဟုဆိုသည်။

တပ်မတော်ဘက်က အပြန်အလှန် ပစ်ခတ်ရာမှ ဖြစ်ပွားကြောင်း ပြောဆိုသော်လည်း ၎င်းတို့ တပ်ဖွဲ့ဝင် ၄ ဦး နေထိုင်သည့် ယာယီ တဲအနီး နေထိုင်သူ အချို့ထံ မေးမြန်းချက်အရ ယခုလ ၁၉-၂၀ ရက်များတွင် ထိုနေရာတွင် ပစ်ခတ်သံများ မကြားရကြောင်း ဒေသခံများက ပြောသည်ဟု ဆိုသည်။

“ရဲဘော်တွေနေတဲ့ တဲကိုဝိုင်းပြီးမှ ရဲဘော်တွေကိုဖမ်းတယ်။ ဖမ်းတော့ တိုက်ပွဲလည်းမဖြစ်ဘူးလေ။ တိုက်ပွဲမဖြစ်ဘဲ ဖမ်းပြီးတော့မှ သတ်ပစ်လိုက်တဲ့ သဘော။ ပြန်မပစ်မခတ်ဘဲ ဖမ်းထားတဲ့သူတွေကို မသတ်သင့်ဘူး။ တိုက်ပွဲဖြစ်နေရင်တော့ တမျိုးပေါ့။ တိုက်ပွဲမဖြစ်ဘဲ ဖမ်းပြီးတော့မှ သတ်လိုက်တယ်ဆိုတာ မတရားဘူး” ဟု ခူးဒယ်နီယာ က ကပြောသည်။

ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး ကယားပြည်နယ်အတွင်း KNPP နှင့် တပ်မတော်တို့ အကြား တင်းမာပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထိခိုက်မည်ကို ပြည်သူများ အနေဖြင့် စိုးရိမ်ကြောင်း၊ ထို့အတွက် သက်ဆိုင်ရာ နှစ်ဦးနှစ်ဖက် တာဝန်ရှိသူများမှ ဖြစ်ရပ်အပေါ် မှန်ကန်စွာ အဖြေရှာ ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ပေးရန် ကရင်နီ အရပ်ဖက် အဖွဲ့အစည်း ၁၅ ဖွဲ့ က ဒီဇင်ဘာ ၂၂ ရက်နေ့ ရက်စွဲဖြင့် သဘောထား ထုတ်ပြန်၍ တောင်းဆိုလိုက်သည်။

KNPP တပ်ဖွဲ့ဝင် ၄ ဦး သတ်ဖြတ်ခံရမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး မကျေမနပ်ဖြစ်နေသည့် ကရင်နီလူငယ်အချို့က လွိုင်ကော်မြို့ပေါ်တွင် တပ်မတော်အား ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

KNPP က တော့ ၎င်းတို့ အနေဖြင့် ငြိမ်းချမ်းရေးကို ဦးတည်နေလျှက် ရှိပြီး အဖြစ်မှန် ဖော်၍ အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပေးရန် အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်လျှက်ရှိသော အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ထံ အဆင့်ဆင့်တင်ပြ လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်း ခူးဒယ်နီယာ က ပြောသည်။

KNPP သည် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစု အဖွဲ့ဝင်ဖြစ်ပြီး အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ရေး အတွက် အစိုးရနှင့် ညှိနှိုင်းနေသည့် အဖွဲ့ဖြစ်သည်။

KNPP သည် တပ်မတော်အစိုးရနှင့် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့သော်လည်း ၃ လ အကြာတွင် တိုက်ပွဲပြန်ဖြစ်ပြီး ပျက်သွားခဲ့သည်။ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ဆွေးနွေးမှုများ ပြန်လည် စတင်ခဲ့ပြီး လက်ရှိ NLD ညှိနှိုင်းနေဆဲ အခြေအနေမှာပင်ရှိနေသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading