သတင်း

ဖမ်းဆီးခံ ရိုက်တာသတင်းထောက် နှစ်ဦးကို ရုံးထုတ်မှ တွေ့ခွင့်ပေးမည်

Want create site? Find Free WordPress Themes and plugins.

ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး အဆက်အသွယ် ဖြတ်တောက်ခြင်းခံထားရသည့် ရိုက်တာသတင်းဌာနမှ သတင်းထောက် နှစ်ဦးကို ရမန်ကြီးတပါတ် (၁၅ရက်) ပြည့်၍ ရုံးထုတ်မှ မိသားစုဝင်များနှင့် တွေ့ခွင့်ပေးသွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးတင်မြင့်က ပြောသည်။

နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ဒီဇင် ဘာလ ၂၂ ရက် နေ့က ကျင်းပသည့် အမျိုးသား သဘာ၀ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးအပြီးတွင် သတင်းထောက်များကို ယင်းသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဦးတင်မြင့်က “ရမန်ကြီးတပါတ်ယူပြီးတဲ့ အချိန်ကျရင် တွေ့ခွင့်ရပါတယ်။ ရမန်ကာလဆိုထုတ်မယ်။ တရားရုံးမှာ သွားပြီးတော့မှ သူတို့ ထွက်ဆိုချက်ယူမယ်။ တရားရုံးမှာစွဲတင်ပေါ့။ အဲကျရင်တွေ့ရမှာပေါ့” ဟု သတင်းထောက်များကို ရှင်းပြသည်။

ရိုက်တာ သတင်းထောက် နှစ်ဦးဖြစ်သည့် ဦးသက်ဦးမောင် ခေါ် ဝလုံးနှင့် မိုးအောင်ခေါ် ဦးကျော်စိုးဦး တို့ကို ကိုရဲတပ်ဖွဲ့က ဖမ်းထားခြင်း ဖြစ်သည့်အတွက် ချုပ်နှောင်ထားသည့် နေရာကို ၎င်း အနေဖြင့် မသိရှိကြောင်း ဦးတင်မြင့် ကပြောသည်။

ဖမ်းဆီးခံထားရသည့် သတင်းထောက် ကိုဝလုံး၏ ဇနီးဖြစ်သူ မပန်းအိမွန် ကလည်း ဖမ်းဆီးခံထားရကတည်းက မည်သည့်နေရာတွင် ချုပ်ထားကြောင်း ရဲတပ်ဖွဲ့ထံ မေးသော်လည်း ရဲက ထုတ်ဖော် ပြောဆိုခြင်း မရှိသလို မည်သည့်နေရာတွင် ရုံးထုတ် ယမန်ယူကြောင်းလည်း မသိရဟုဆိုသည်။

မပန်းအိမွန် က “ဘယ်မှာထားတယ် ဆိုတာတော့ မသိဘူး။ သူတို့အနေနဲ့ ပြောပိုင်ခွင့် မရှိဘူးလို့လဲ ပြောတယ်။ ဒီနေ့ပဲ အမလည်း ထောက်ကြန့်ရဲစခန်းကို စောင်နဲ့ စားစရာ အချို့ သွားပို့သေးတယ်။ သူတို့ဆီရောက်အောင်တော့ ပို့ပေးမယ်လို့ ပြောပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

သတင်းသမားနှစ်ဦးကို ယခုကဲ့သို့ ဖမ်းဆီးခြင်းနှင့် ပက်သက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနအား လူ့အခွင့် အရေးချိုးဖောက်သည်ဟု ဝေဖန်နေကြသော်လည်း တည်ဆဲဥပဒေအရ အပြစ်ရှိ၍ ဖမ်းဆီးရခြင်း ဖြစ်ကြောင်း ဦးတင်မြင့်က ပြောသည်။

“နေရာတိုင်းမှာ လုံခြုံရေး ဧရိယာရှိတာပေါ့။ လုံခြုံရေးအရ တားမြစ် ကန့်သတ်တဲ့ နေရာရှိပါတယ်။ ပုဒ်မ ၁၄၄၊ ပုဒ်မ ၁၈၈ ဒါတွေက သူ့မှာရှိပြီးသား။ ထုတ်ထားတဲ့ နေရာဆိုရင် အဲဒီကိုသွားတာနဲ့ ဖမ်းဆီးချုပ်နှောင်ခွင့်ရှိတာပေါ့။ ပွင့်လင်းမြင်သာစွာနဲ့ ဆောင်ရွက်နေပါတယ်။ အဲအတွက် ဘာမှ စိတ်မပူပါနဲ့”ဟု ဦးတင်မြင့်က ဆိုသည်။

Yangon Journalism Sihool မှ ဒါရိုက်တာ ဦးရဲနိုင်မိုး က “ပွင့်လင်းမြင်သာစွာလို့ ပြောတာ နောက်တာလား မသိဘူး။ သတင်းစာဆရာ နှစ်ယောက်ကို ဖမ်းပြီး တပတ်ကျော် ကြာတဲ့အထိ မိသားစုက ဘာမှသိခွင့် မရှိတာကို ပွင့်လင်းမြင်သာမှုလို့ ဆိုလို့ မရတာတော့ သေချာတယ်။ ကိုယ့်မိသားစုဆိုရင် ဘယ်လိုခံစားမလဲလို့ အဲဒီလူတွေကို မေးချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို့အပြင် သတင်းထောက်နှစ်ဦးကို ညှင်းပန်းနှိပ်စက်မှု မရှိစေရေး၊ ရှေ့နေ၊ မိသားစုဝင်များနှင့် တွေ့ဆုံခွင့် ရရှိရေးစသည်တို့ကို အစိုးရက ဆောင်ရွက်ပေရန် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က တောင်းဆိုမှုများအပြင် မီဒီယာများကလည်း ထိုသို့ ဖမ်းဆီးခံရမှုနှင့် ပက်သက်၍ ဝေဖန်ထောက်ပြမှုများ ပြုလုပ်ခဲ့သလို လွတ်မြောက်ရေးအတွက် အနက်ရောင် လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်။

ဦးသက်ဦးမောင် ခေါ် ဝလုံးနှင့် မိုးအောင်ခေါ် ဦးကျော်စိုးဦး တို့ကို ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသတွင်း အကြမ်း ဖက်မှုများနှင့် ပတ်သက်သည့် အစီအရင်ခံစာ စာရွက်စာတမ်းများ လက်ဝယ် တွေ့ရှိသည်ဆိုကာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ရက်နေ့ ည ၁၁နာရီ မိနစ် ၃၀တွင် မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် ရဲစခန်းက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၎င်းတို့ ၂ ဦးအား ထောက်ကြန့် နယ်မြေရဲစခန်း (ပ) ၁၂၉၈/၂၀၁၇၊ ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ-၃ ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး၊ ၁၉၂၃ ခုနှစ် က ပြဌာန်းထားသော ယင်းဥပဒေသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၄ နှစ် အထိ ကျခံရနိုင် ကြောင်းသိရှိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading