သတင်း

အကြမ်းဖက်မှု တားဆီးရေး အမေရိကန် အစီအစဉ်သစ် ဘင်္ဂလားဒေ့ရှ်တွင် ဖော်ဆောင်

Want create site? Find Free WordPress Themes and plugins.

နယူးယောက်တွင် မကြာသေးမီက ဖေါ်ထုတ်တားဆီးလိုက်နိုင်ခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု အတွက် သံသယရှိသူသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ဖြစ်သောကြောင့် နိုင်ငံတကာ အစွန်းရောက် ဝါဒကို ကိုင်တွယ်ဖြေရှင်းနေသည့် ဘင်္ဂလားဒေ့ရှ်မှ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတပ်ဖွဲ့၏ အသင့်ဖြစ်မှုကို စစ်ဆေးလိုက်ခြင်းပင် ဖြစ်သည်။

ထိုမအောင်မြင်သော တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံအခြေစိုက် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနှင့် နယ်စပ်ဖြတ်ကျော် မှုခင်းတပ်ဖွဲ့ကို လွန်ခဲ့သောနှစ်က အမေရိကန်နိုင်ငံ၏ အကူအညီဖြင့် ထူထောင်ခဲ့ခြင်း ဖြစ်ပြီး ရာဇဝတ်မှုများကို အာရုံစိုက် ကိုင်တွယ်မည် ဟု မျှော်လင့်ရသည်။

လွန်ခဲ့သော နှစ်က ဒါကာမြို့တော်ရှိ မုန့်တိုက်တခုတွင် အမေရိကန် တဦး အပါအဝင် နိုင်ငံခြားသား အများစုပါသည့် လူ ၂၀ သေဆုံးစေသော အကြမ်းဖက်တိုက်ခိုက်မှု အပြီးတွင် ထို အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတပ်ဖွဲ့ကို ကျယ်ပြန့်သော လုပ်ပိုင်ခွင့်များ ပေးအပ်ခဲ့သည်။

ထိုအကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အဖွဲ့သည် လတ်တလောတွင် FBI နှင့် ပူးတွဲပြီး လုပ်ဆောင်လျက်ရှိကာ နယူးယောက် တိုက်ခိုက်သူ အကေယက်အူလာ (Akayed Ullah) အား ဒေသဆိုင်ရာ အကြမ်းဖက် အုပ်စုများနှင့် ဆက်စပ်မှု ရှိ/မရှိ စစ်ဆေးနေသည်။ ထိုကိစ္စမှာ မကြာသေးမီ နှစ်များ အတွင်း အစိုးရက လျှော့ချဖုံးကွယ် ထားလိုသော ကိစ္စဖြစ်နေ သောကြောင့် ခပ်လျှိုလျှိုသာ ဖော်ပြသည့် ကိစ္စဖြစ်သည်။ အူလာကမူ ၎င်းသည် အစ္စလမ်မစ်နိုင်ငံအဖွဲ့ (IS) ကို အားကျပြီး တိုက်ခိုက်ရန် ကြံစည်သည်ဟု ပြောသည်။

နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များ၏ ဩဇာသည် လူဦးရေ သန်း ၁၆၀ ရှိ ဆူဖီမွတ်စလင် အများစုရှိသော လောကီဆန်သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် မကြာသေးမီက အထိ ကြီးမားခြင်း မရှိသေးပေ။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ပါကစ္စတန်ကဲ့သို့ အစွန်းရောက် ခွဲထွက်ရေး ဝါဒများမှ ကင်းလွတ်နေခဲ့သည်။

စီးပွားရေး တိုးတက်မှုနှုန်းမှာ လွန်ခဲ့သော ဆယ်စုနှစ် အတွင်း ၆ ရာခိုင်နှုန်း ပတ်ဝန်းကျင် ရှိပြီး သန်းချီသော သူများကို ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေသောကြောင့် တရုတ်နှင့် အိန္ဒိယတို့နှင့် တူညီလာစေရန်ပင် အစိုးရက ရည်မှန်းထားသည်။

“ဒီကိစ္စက ဘင်္ဂလားဒေ့ရှ်အတွက် အသစ်အဆန်း ဖြစ်နေသေးတယ်” ဟု ဘင်္ဂလားဒေ့ရှ်ရှိ အနောက်နိုင်ငံ လုံခြုံရေး အရာရှိ တဦးက ပြောသည်။ ဘင်္ဂလားဒေ့ရှ် အစိုးရသည် ၎င်းတို့နိုင်ငံတွင် ဖြစ်ပွားသော တိုက်ခိုက်မှု ပုံစံမျိုးများကို နိုင်ငံတကာ အကြမ်းဖက်ကွန်ရက်များ နှင့် ဆက်စပ်လိုခြင်း မရှိပေ။ “ဒေသခံတွေ၊ ပြည်ပက လာရောက်သူတွေကြားမှာ ထိတ်လန့်မှာတွေကို မလိုလားဘူး” ဟုလည်း ပြောသည်။

လွန်ခဲ့သော နှစ်က တိုက်ခိုက်မှု ၁၈ ခုကို ပြည်တွင်း IS အဖွဲ့က ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ပြီး အယ်ကိုင်ဒါ အဖွဲ့က လောကီရေးရာ လှုပ်ရှားသူများ၊ ဘလော့ရေးသားသူများကို လုပ်ကြံသတ်ဖြတ်ရာတွင် ဒေသခံ အမေရိကန်သံရုံး ဝန်ထမ်းတဦး အပါအဝင် လူ ၂ ဦးကို လုပ်ကြံသတ်ဖြတ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ဗျူရို၏ အဆိုအရ သိရသည်။

အယ်ကိုင်ဒါနှင့် IS အဖွဲ့ သစ္စာခံ အစွန်းရောက် အုပ်စုငယ်လေးများ ပေါ်လာခြင်းသည် နိုင်ငံ၏ အထောက်အပံ့ အကူအညီနှင့် စီးပွားရေး အသိုင်းအဝန်းကို တုန်လှုပ်သွားစေသည်။

သံရုံးဝန်ထမ်းများ၏ မိသားစုများကို ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် မထားခြင်း (မိသားစုလိုက်ပါခွင့် မရှိသော တာဝန်) ကဲ့သို့သော လုံခြုံရေး အစီအစဉ်မျိုးကို အမေရိကန်ပြည်ထောင်စုက ချမှတ်ထားသည်။

နိုင်ငံအတွင်းရှိ စစ်သွေးကြွများကို ထိရောက်မှု ရှိသော်လည်း ရက်စက်သည့် ဖြိုခွဲမှုများကို ဝန်ကြီးချူပ် ရှိတ်ခ်ဟာစီနာက ကျင့်သုံးသည်။

တရားဥပဒေ စိုးမိုးရေး၊ တရားရေး သင်တန်းများ ပေးပြီး အမေရိကန်နိုင်ငံကလည်း အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အတွက် ကူညီသည်။ အမေရိကန် အထူးစစ်ဆင်ရေး တပ်ဖွဲ့များသည် ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့် တပ်ဖွဲ့နှင့် ယခင်နှစ်က မုန့်တိုက် တိုက်ခိုက်မှုကို ကိုင်တွယ်သည့် တပ်ဖွဲ့များ အပါအဝင် အခြားတပ်ဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်နေသည်။

“အကြမ်းဖက် အဖွဲ့အစည်းတွေ အင်အား ချည့်နဲ့နေပြီ” ဟု အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး ဒုတိယကော်မရှင်နာမင်းကြီး ဆိုင်ဖူလ် အစ္စလမ် (Saiful Islam) က ယခုသီတင်းပတ် တွေ့ဆုံမေးမြန်းခန်းတခုတွင် ပြောသည်။

နယူးယောက်တွင် ဗုံးခွဲတိုက်ခိုက်သူသည် ပြည်တွင်းမှ အကြမ်းဖက် အုပ်စုများနှင့် ဆက်စပ်မှု ရှိ/မရှိ မစ္စတာ အစ္စလမ်၏ တပ်ဖွဲ့များက စုံစမ်းစစ်ဆေးနေသည်။ ထိုသူ၏ မိသားစုများ၊ အပေါင်းအသင်းများနှင့် တွေ့ဆုံမေးမြန်းရာတွင် သံသယဖြစ်စရာ မရှိကြောင်း သူက ပြောသည်။ ထိုဖောက်ခွဲရေးသမားကို အစွန်းရောက်များက ပြည်ပတွင် စည်းရုံးသိမ်းသွင်းခဲ့သည်ဟုလည်း သူက ဆိုသည်။

လွန်ခဲ့သော နှစ်က တိုက်ခိုက်မှုများ မြင့်မားလာပြီးနောက် အကြမ်းဖက် အုပ်စုများသည် မုန့်တိုက် တိုက်ခိုက်မှုလောက် ကြီးမားသော တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်နိုင်ခြင်း မရှိတော့ဘဲ အစိုးရ၏ နောက်ဆက်တွဲ ချေမှုန်းမှုများကြောင့်လည်း IS အဖွဲ့အင်အား တိုးချဲ့မှုများကို တားဆီးနိုင်ခဲ့သည်။

“IS အဖွဲ့ဟာ အရင်တုန်းက အယ်လ်ကိုင်ဒါထက် အင်အားကြီးပေမယ့် ဘင်္ဂလားဒေ့ရှ်က ဂျီဟတ်ဘာသာရေး စစ်ပွဲဝါဒီတွေက အခု အယ်လ်ကိုင်ဒါကို သိသိသာသာ ယိမ်းနေတယ်” ဟု ယခု အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနမှ အတိုင်ပင်ခံ နသယ်နီရယ် ဘား (Nathaniel Barr) က ယခင် ပုဂ္ဂလိက အတိုင်ပင်ခံအဖြစ် ဆောင်ရွက်စဉ်က ရေးသားခဲ့သည်။

ဝန်ကြီးချုပ် ဟက်စီနာ ဦးဆောင်သည့် အာဏာရ ဘင်္ဂလားဒေ့ရှ် အဝါမီလိဂ် အဖွဲ့ချုပ်နှင့် အစ္စလမ်မစ်များနှင့် နီးစပ်သည့် အတိုက်အခံ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီတို့ အကြား ဆက်ဆံရေးမှာ လွန်စွာဆိုးရွားနေပြီး တိုင်းပြည်တွင် နိုင်ငံရေးအကွဲအပြဲ ဖြစ်နေသည်။

မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသော ဒုက္ခသည် ၆၄၆၀၀၀ သည်လည်း နောက်ထပ် ဝန်ထုတ်ဝန်ပိုး ဖြစ်နေပြီး နိုင်ငံတွင်းရှိ အစ္စလမ်မစ် အုပ်စုများ အကြားတွင် မုန်းတီးမှုများကို ပိုမိုလှုံ့ဆော်ပေးနိုင်သည်။

“နိုင်ငံရေး အခြေအနေက အရမ်းကို ဆန့်ကျင် ကွဲလွဲ ပေါက်ကွဲလွယ်နေတယ်။ အရမ်းကို စိတ်ပူစရာကောင်းတယ်” ဟု SOAS South Asia Institute မှ ဒေါက်တာ မက်သရူး နယ်လ်ဆင် (Dr. Matthew J. Nelson) က ပြောသည်။

စီးပွားရေး အလျင်အမြန်တိုးချဲ့လာခြင်းကြောင့် အခြေခံအဆောက်အအုံ၊ စွမ်းအင်နှင့် အခြား မြို့ပြလိုအပ်ချက်များ မလုံလောက်ခြင်း စသည်တို့ကိုလည်း ဘင်္ဂလားဒေ့ရှ်အစိုးရ ရင်ဆိုင်နေရပြီး ဆင်းရဲနွမ်းပါးမှု မျဉ်းအောက်တွင် နေထိုင်နေရသူ ၂၈ သန်း ရှိနေသေးသည်။

နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်နေရသောကြောင့် အမေရိကန် ပြည်ထောင်စုနှင့် အခြားသော နိုင်ငံများသည် စည်းရုံးသိမ်းသွင်းသည့် နည်းလမ်းကို အသုံးပြုပြီး မိသားစုများအနေဖြင့် အကြမ်းဖက်ဝါဒ၏ လက္ခဏများကို သတိထားရန် သင်ကြားပေးခြင်းနှင့် ပညာရေးနှင့် ဖွံ့ဖြိုးရေး အစီအစဉ်များတွင် ပါဝင်လုပ်ဆောင်ခြင်းတို့ကိုသာ ဆောင်ရွက်နေသည်။

အစွန်းရောက်ဝါဒကို တိုင်းပြည်ပြင်ပမှ ဖြစ်ရပ်များက မီးထိုးပေးနေသည် ဟု အထက်ပါ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူ Bangladesh Enterprise Institute မှ သုတေသန ဒါရိုက်တာ ဖိုက်ဇ်ဆော့ဗ်ဟန် (Faiz Sobhan) က ယုံကြည်သည်။ “ကျနော်တို့ဟာ တကမ္ဘာလုံးက ဖြစ်ရပ်တွေရဲ့ သားကောင်ဖြစ်နေပြီ” ဟုလည်း သူပြောသည်။

(www.wsj.com တွင် ဖော်ပြထားသည့် Jessica Donati ၏ New US Backed Force Leads Terrorism Fight in Bangladesh ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading