Reuters သတင်းထောက်နှစ်ဦး ဖမ်းဆီးခံ ရမှုကို တရားမျှတသော တရားစီရင်ရေး ရရှိရန် အပါအဝင် ၎င်းတို့နှင့် အတူရပ်တည်ကြောင်း ကြေငြာချက်ကို နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်းဖော်ပြမှုကို လက်မခံကြောင်း နေပြည်တော် အခြေစိုက် သတင်းထောက် အချို့၏ ပြောပြချက် အရ သိရသည်။
Froniter Myanmar ၏ နေပြည်တော် တာဝန်ခံ ကိုဉာဏ်လှိုင်လင်းက “ လတ်တလော ထည့်ခွင့် မပြုဘူးလို့ အကြောင်း ပြန်လာတယ်။ အကျိူး အကြောင်းမေးတော့ သူလည်း မပြောနိုင်ဘူးလို့ ကြော်ငြာဌာန တာဝန်ခံက ပြောပါတယ်။” ဟု ဆိုသည်။
သတင်းထောက်များ၏ တာဝန်ဖြစ်သည့် အများပြည်သူ သတင်းသိပိုင်ခွင့် အတွက် အမှန်တရားကို ကြိုးစားဖော်ထုတ်ရင်း ဖမ်းဆီးထိန်းသိမ်းခံရသည့် အတွက် ဥပဒေနှင့်အညီ တရားမျှတသော တရားစီရင်ရေးကိုရရှိဖို့ မျှော်လင့် ကြောင်း သက်ဆိုင်ရာ ဝန်ကြီးဌာနများဘက်က ယင်း ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောဆိုပေးရန် တောင်းဆိုကြောင်း၊ သူငယ်ချင်းတို့ အမြန်ဆုံး လွတ်မြောက်ပါစေဟု အစိုးရသတင်းစာတွင် ထည့်သွင်းဖော်ပြရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ကြော်ငြာတာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးသက်ပိုင်ထူးက “အခုလောလောဆယ် ထည့်ခွင့် မပြုသေးဘူးပေါ့။ အဲဒါတော့ နည်းနည်း နားလည်ပေးပါ။ ပြန်ကြားရေး ဌာန အနေနဲ့ ထည့် ခွင့် မပေးတာ မဟုတ်ပဲ၊ ကျနော်တို့ ကြော်ငြာဌာန အနေနဲ့ ဒီဟာကိုလည်း အဆင့်ဆင့် စိစစ် အတည်ပြု ပြီးတော့မှ အကြောင်းပြန်ကြားပေးတာ ဖြစ်ပါတယ်” ဟု ဧရာဝတီ သို့ ပြောသည်။
အစိုးရ သတင်းစာများတွင် ကြောငြာ စိစစ်သည့် အယ်ဒီတာ ဘုတ်အဖွဲ့ရှိကြောင်း၊ အဖမ်းခံရသည့် reuters သတင်းထောက် နှစ်ယောက်နှင့် ပတ်သက်ပြီး လူ့ အခွင့်အရေး ကော်မရှင်က သတင်းထုတ်ပြန်ချက်များ ထုတ်ပေးနေသည့် အတွက် ယင်းကြောငြာထည့်ရန် မသင့်ဟု ဘုတ်အဖွဲ့မှ ဆုံးဖြတ်ကြောင်း ဦးသက်ပိုင်ထူးက ဆိုသည်။
ဒီဇင်ဘာ ၁၂ ရက်ညက reuters သတင်း ဌာနအတွက် သတင်းတာဝန်ထမ်းဆောင်ရင်း ဖမ်းဆီးခံရသည့် ကိုဝလုံး၊ ကိုမိုးအောင်တို့ နှင့်အတူ သတင်းထောက်များက ရပ်တည်ကြောင်း အခကြေးငွေပေး၍ ကြော်ငြာထည့်ရန် ဒီဇင်ဘာ ၂၁ ရက်နေ့က နေပြည်တော်အခြေစိုက် သတင်းထောက် ၂၆ ဦး ပြန်ကြားရေး ဝန်ကြီးဌာနသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်။