သတင်း

တပါတီအဖြစ် မပေါင်းနိုင်သည့် မွန်နိုင်ငံရေးပါတီများကို မွန်လူငယ်နေ့ အခမ်းအနား မဖိတ်ကြား

တပါတီပေါင်းစည်းရေး မပြုနိုင်သေးသည့် မွန်နိုင်ငံရေး ပါတီများကို လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့ကျင်းပမည့် မွန်လူငယ်နေ့ အခမ်းအနား၌ ဖိတ်ကြားမထားကြောင်း လူငယ်နေ့ပွဲဖြစ် မြောက်ရေး ကော်မတီမှ နိုင်စိုက်ရာမာရ် က ပြောသည်။

“ကျနော်တို့က မွန်နိုင်ငံရေးပါတီတွေ တပါတီထဲဖြစ်ဖို့ တွန်းအားပေးတာ၊ အခုအချိန်ထိ သူတို့က ပြည်သူလူထု တွေရဲ့ တောင်းဆိုမှု၊ လူငယ်တွေရဲ့တောင်းဆိုမှု၊ မွန်နိုင်ငံရေးညှိနှိုင်းရေးအဖွဲ့ကနေ လုပ်ဆောင်ချက်တွေကို မလိုက်ရောပေးနိုင်တဲ့အတွက် ကျနော်တို့ကလည်း မွန်နိုင်ငံရေးပါတီနှစ်ခုကို အသိအမှတ်မပြုတော့ဘူး၊ အဲဒီလို သဘောပဲ လူငယ်တွေကလည်း မဖိတ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာပါ”ဟု ၎င်းက ဆိုသည်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်နိုင်ငံရေးပါတီများ နေရာ အတော်များများ၌ ရှုံးနိမ့်ခဲ့သည့်အပေါ် ကြီး မားသော သင်ခန်းစာမယူဘဲ ဆက်လက်၍ မွန်ပါတီများမပေါင်းစည်းနိုင်ပါက ၂၀၂၀ ရွေးကောက်ပွဲတွင် အောင်နိုင်မည့် အလားအလာမမြင်ဟု မွန်ပြည်သူတရပ်လုံးနှင့် မွန်လူငယ်များက သုံးသပ်မိ ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မွန်အမျိုးသားပါတီ (MNP) အနေဖြင့် မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၇) တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တနေရာ၊ မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တနေရာ၊ ရေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တနေရာ အနိုင်ရခဲ့ပြီး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) အနေဖြင့် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တနေရာသာ အနိုင်ရခဲ့သည်။

၂၀၀၆ ခုနှစ်က သံဖြူဇရပ်မြို့နယ်၊ ဝါခရူမြို့ဟောင်း၌ ကျင်းပသည့် မွန်လူငယ်နေ့ အခမ်းအနားတွင်လည်း မွန်နိုင်ငံရေးပါတီများအား တပါတီတည်းပေါင်းစည်းပေးရန် မွန်လူငယ်များက တောင်းဆိုခဲ့ကြပြီး၊ ယခု၂၀၁၇ ခုနှစ် မွန်လူငယ်နေ့ကို ချောင်းဆုံမြို့နယ်၊ ကမာမိုကျေးရွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

မွန်လူငယ်နေ့ အခမ်းအနားအား နှစ်စဉ် ဒီဇင်ဘာ ၂၈ ရက်ရောက်တိုင်း မွန်တိုင်းရင်းသားများ နေထိုင်ရာ ဒေသများ၌ အလှည့်ကျ ကျင်းပလေ့ရှိပြီး တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ကရင်ပြည်နယ်နှင့် ပြည်ပရောက် မွန်လူငယ်များက တက်ရောက်ကြခြင်းဖြစ်သည်။

Loading