မန္တလေးနန်းတော် တောင်ဘက်မြို့ရိုး၌ ယခင်ရှိခဲ့ဖူးသည့် မန်းသီတာ ဥယျာဉ်ကို လာမည့်နှစ် အတွင်း ပြန်လည် ဖွင့်လှစ်နိုင်ရန် စီစဉ်နေသည်ဟု ဒေသခံတပ်မတော်အာဏာပိုင်များ၏ ပြောဆိုချက်ကို ကိုးကား၍ မြို့တော်ဝန်ကပြောသည်။
ထိုစီမံကိန်းကို ဒေသခံတပ်ရင်းက လာမည့်နှစ်အစောပိုင်းတွင် ဆောင်ရွက်မည်ဟု မြို့တော်ဝန်က သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာ၌ ပြီးခဲ့သည့်ရက်ပိုင်းက ရေးသားထားသော်လည်း ကုန်ကျစရိတ်နှင့် လုပ်ငန်း ဆောင်ရွက်ချိန်မည်မျှကြာမည် စသည့် အသေးစိတ်များကိုမူ ဖေါ်ပြထားခြင်းမရှိပေ။
NLD အစိုးရလက်ထက် ရက်တရာစီမံကိန်းတွင် မြို့တော်ဝန် ဦးရဲလွင်က ထို ဥယျာဉ်ကို ပြန်လည် ဖွင့်လှစ်ရန် စီစဉ်ခဲ့သော်လည်း ပြည်ထောင်စုအစိုးရထံမှ ခွင့်ပြုချက်နှင့်ခွင့်ပြုငွေကို စောင့်ဆိုင်းရင်း နှောင့်နှေးကြန့်ကြာနေသည်မှာ တနှစ်ခန့်ရှိပြီဖြစ် သည်။
မန်းသီတာ ဥယျာဉ် ပြန်လည်ဖွင့်လှစ်ရေးနှင့် ပတ်သက်၍ ဧရာဝတီက ဒေသခံတပ်မတော်အရာရှိ များကို ဆက်သွယ်သော်လည်း ဆက်သွယ်နိုင်ခြင်းမရှိပေ။
မန္တလေးနန်းတော်တောင်ဘက် မြို့ရိုးတလျှောက်ပေ ၂၀၀ ခန့်ရှိသော မန်းသီတာ ဥယျာဉ်ကို တပ်မတော်က ၁၉၅၉ ခုနှစ် အိမ်စောင့်အစိုးရလက်ထက်တွင် တည်ဆောက်ခဲ့ပြီး သစ်ပင်ပန်းမန်များ၊ ရေပန်းများ၊ စမ်းချောင်းငယ် လေးများ၊ အားကစားလေ့ကျင့်လိုသူများအတွက်နေရာများ၊ အများပြည်သူအပန်းဖြေနေရာများအပြင် ကလေးများ ဆော့ကစားရန် ကလေးကစားကွင်တခုပါဝင်သည်။
လာရောက်လည်ပတ်သူများသည် ကျုံးအတွင် လှေငယ်များဖြင့်လှည့်လည်ကြည့်ရှုနိုင်ပြီး ရေပန်းများ ကိုလည်း ကြည့်ရှုနိုင်သည်။ သို့သော် လုံခြုံရေးအကြောင်းကြောင့်ဟုဆိုကာ တပ်မတော်က ထိုဥယျာဉ် ကို ၁၉၉၆ ခုနှစ်တွင် ပိတ်ခဲ့သည်။
ဥယျာဉ် ပြန်လည်ဖွင့်လှစ်မည့် အစီအစဉ်အပေါ်ဒေသခံတချို့က ကြိုဆိုကြပြီး အချို့မူ အခြားပိုမို အကျိုးရှိမည့်နေရာတွင် သုံးသင့်သည်ဟု ထင်မြင်ချက်ပေးကြသည်။
နန်းမြို့ရိုးတလျှောက် ကျုံးနံဘေး ဥယျာဉ် ပြန်လည်ဖွင့်လှစ်ပါက သမိုင်းအမွေအနှစ်အပေါ် ထိခိုက်မှု၊ ကျုံးရေ ညစ်ညမ်းမှု များ ဖြစ်လာနိုင်၍ စဉ်းစားဖို့ လိုကြောင်း ဒေသခံ ကုန်သည်တဦးဖြစ်သူ ကိုအောင်နိုင်က ပြောသည်။
“အဲဒီမှာ ပန်းခြံဆောက်ပြီး ငွေကိုဖြုန်းတီးပစ်မယ့်အစား မန္တလေးမှာ ရေနှုတ်မြောင်းစနစ် တိုးတက်ဖို့ လုပ်တာလာမျိုး လိုအပ်နေတာတွေအများကြီးရှိတယ်” ဟုလည်းသူကဆိုသည်။
အချိုသောသူများကမူ မြို့တွင် စိမ်းလန်းသောနေရာတခုပေါ်ပေါက်လာမည့် အလားအလာကို ကြိုဆိုကြသော်လည်း ရှေးဟောင်းယဉ်ကျေးမှုအမွေဖြစ်သည့် နန်းမြို့ရိုး ဘေးတွင် ထိခိုက်မှုများ ရှိလာမည်ကို စိုးရိမ်ကြသည်။
“မြို့ပြဖွံ့ဖြိုးမှုနဲ့အတူ အရင်က ရှိခဲ့တဲ့ အစိမ်းရောင်နယ်မြေတွေမရှိတော့ဘူး။ ဒီတော့ မန္တလေးအနေနဲ့ ပြည်သူတွေ စိတ်အေးချမ်းသာ အပန်းဖြေလို့ရမယ့် မန်းသီတာ ပန်းခြံလို အစိမ်းရောင်နေရာတခုလိုတာကတော့ အမှန်ပဲ” ဟု သမိုင်းပညာရှင် ဆူးငှက်ကပြောသည်။
“ ဒါပေမယ့် ဘယ်သူပဲလုပ်လုပ် လုပ်တဲ့သူတွေအနေနဲ့ သဘာဝပတ်ဝန်းကျင်၊ သမိုင်းအမွေအနှစ်နဲ့ ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကို အထူးဂရုစိုက်ဖို့လိုတယ်။ လာရောက်လည်ပတ်သူတွေ အခမဲ့လာရောက်နိုင်ဖို့ လိုအပ် တယ်ဆို တဲ့အချက်ကိုလည်း သက်ဆိုင်ရာအာဏာပိုင်တွေ အနေနဲ့ထည့်စဉ်းစားရမယ်” ဟုလည်းသူပြောသည်။
မန်းသီတာ ဥယျာဉ်သည် ပြည်သူများ အခမဲ့သွားရောက်လည်ပတ်နိုင်သည့် အပန်းဖြေဥယျာဉ်တခု ဖြစ်ခဲ့သည်။ နန်းမြို့ရိုးနှင့် ပတ်ဝန်းကျင်ကို ကွယ်ဖုံးခြင်း မရှိစေရန်အတွက် အုပ်ချုပ်ရေးရုံးငယ် တခုကိုသာ ဆောက်လုပ်ထားပြီး ဈေးဆိုင်များကိုလည်း အကန့်အသတ်ဖြင့်သာ ဆိုင်ဖွင့်ခွင့်ပြုသည်။