ခရစ္စမတ်အကြိုနေ့က ကချင်ပြည်နယ်၊ လိုင်ဇာမြို့ပေါ် ရပ်ကွက်ထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်ခံရပြီး အဆိုပါ ပစ်ခတ်မှုကြောင့် ကျည်စ ထိမှန်ခဲ့သော ကျောင်းဆရာမတဦး ဆေးကုသမှုခံယူနေရကြောင်း ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) က ပြောသည်။
လိုင်ဇာမြို့ ဝေကျိုင်ရပ်ကွက် အတွင်း ဒီဇင်ဘာ ၂၄ ရက်နေ့ ည ၉ နာရီခန့်က လက်နက်ကြီး ကျည် ကျမှန် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး KIO ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ထိုပစ်ခတ်မှုသည် တပ်မတော်၏ လက်ချက် ဖြစ်သည်ဟု စွပ်စွဲပြောဆိုသည်။
ဗိုလ်မှူးကြီး နော်ဘူ က “လက်နက်ကြီး ကျတာဖြစ်ပါတယ်။ အားလုံးကတော့ ၄ လုံးလောက် ကျတယ်။ နည်းနည်း ကွာတဲ့ နေရာမှာလည်း ကျတယ်။ ကျောင်းဆရာမ တယောက် နည်းနည်း ထိခိုက်တာရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လိုင်ဇာမြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရသော်လည်း လိုင်ဇာမြို့နှင့် နီးသည့် ရှေ့တန်းစခန်းများတွင် စစ်ရေးတင်းမာခြင်း၊ ပစ်ခတ်ခြင်းများ မရှိဟု KIO ဘက်က ဆိုသည်။
လက်နက်ကြီး ကျည်စ ထိမှန်သွားသည့် ကျောင်းဆရာမသည် ကချင်စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွင် လုပ်အားပေး အဖြစ် စာသင်ပေးနေသည့် ဆရာမ ဖြစ်ပြီး ဒီဇင်ဘာလ ၂၄ ရက်က ဝေကျိုင်ရပ်ကွက် အတွင်း သွားလာနေစဉ် လက်နက်ကြီး ကျည်စ ထိမှန်သွားခြင်း ဖြစ်သည်ဟု သိရသည်။
လက်နက်ကြီး ကျည်စသည် ဆရာမ၏ လည်ပင်း နောက်ဘက် ဂုတ်ပိုးနေရာတွင် ထိမှန်သွားပြီး လိုင်ဇာ ဆေးရုံတွင် ကျည်စ ထုတ်ထားကာ ယခုအခါ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ထိုမြို့ပေါ်တွင် နေထိုင်သည့် သူနာပြု ဆရာမတဦး က ပြောသည်။
“အသက် အန္တရာယ်တော့ မစိုးရိမ်ရတော့ ပါဘူး။ ဒါပေမယ့် ထိထားတဲ့ အကြောတွေ အရိုးတွေ နေရာက ဒဏ်ရာ ရှိနေသေးတော့ အကောင်း ပြန်ဖြစ်ဖို့တော့ အချိန်ယူရမှာပေါ့။ ဆေးတော့ သေချာကုရမှာ”ဟု ဧရာဝတီသို့ ပြောသည်။
လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည့် ဝေကျိုင်ရပ်ကွက်တွင် စစ်ဘေးရှောင်ဒုက္ခသည် ၆၀၀၀ ကျော် နေထိုင်သည့် စစ်ဘေးရှောင် စခန်းတခုလည်းပြီး လက်နက်ကြီး ကျည်များ ကျမှန်ပေါက်ကွဲချိန်တွင် စစ်ဘေးရှောင် ဒုက္ခသည်အချို့မှာ ကြောက်လန့်ပြီး ခေတ္တ ထွက်ပြေးတိမ်းရှောင်မှု ဖြစ်ပွားခဲ့သေးသည်ဟု သိရသည်။
၂၀၁၂ ခုနှစ်ကလည်း ယင်းကဲ့သို အပစ်ခတ်ခံရမှု ကြုံခဲ့ရပြီး ယခုအခါတွင်လည်း ခရစ်ယာန် ဘာသာဝင်များ၏ ပွဲတော်နေ့တွင် ယင်းသို့ ပစ်ခတ်ခြင်းသည် ရည်ရွယ်ချက် ရှိရှိဖြင့် အနှောင့်အယှက် ပေးသည်ဟု မှတ်ယူကြောင်း ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။
ဒီဇင်ဘာလ ၂၄ ရက်သည် ခရစ်ယာန်ဘာသာဝင်များ အထွဋ် အမြတ်ထားရာ ယေရှုခရစ်တော် ဖွားမြင်ရာနေ့ကို အထိမ်း အမှတ်ပြုလုပ်သည့် ပွဲတော်နေ့တခု ဖြစ်သော ခရစ္စမတ်ပွဲတော်၏ အကြိုနေ့ ဖြစ်ပြီး ပွဲတော်အတွက် ပြင်ဆင်နေကြသည့် အချိန်လည်း ဖြစ်သည်။
ဒီဇင်ဘာလ၂၅ ရက်၊ ခရစ္စမတ်နေ့တွင် ကချင်လူမျိုးတို့သည် မိသားစုများစုဖွဲ့ကာဝတ်ပြု ဆုတောင်းခြင်း၊ အစား အသောက်များ ချက်ပြုတ် စားသောက်ခြင်း၊ ခရစ္စမတ်ပွဲတော်များ ဆင်နွဲခြင်းများ ပြုလုပ်လေ့ရှိကြသည်။
ဗိုလ်မှူးကြီး နော်ဘူ က “ပွဲကတော့ အစီ အစဉ်တိုင်းပဲ လုပ်နေပါတယ်။ ဒါပေမယ့် သတိအနေ အထားနဲ့ပဲ လုပ်ရတာပေါ့။ အားလုံးကတော့ ပြောမယ်ဆိုရင် ကျီးလန့်စာစားပဲ။ စိတ်ကတော့ မအေးကြဘူး။ စိတ်ကတော့ အေးအေး ချမ်းချမ်းမရှိကြဘူး။ လုပ်တော့ လုပ်နေပါတယ်” ဟု ပြောသည်။
ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ် တနိုင်းမြို့နယ်နှင့် မန်စီမြို့နယ် တို့တွင်လည်း တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ရေးတင်းမာနေသည်ဟု သိရသည်။
ဒီဇင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့ကလည်း KIA ဌာနချုပ် လုံခြုံရေးနယ်မြေ အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခံထားရပြီး အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားစဉ်ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။
လိုင်ဇာမြို့တွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းခံရကြောင်း KIO ၏ ပြောကြားမှုနှင့် ပတ်သက်၍ တပ်မတော် ဘက်မှ ထုတ်ပြန်ပေးထားသော ပြောခွင့်ရ ပုဂ္ဂိုလ်များထံသို့ ဧရာဝတီက ဆက်သွယ်မေးမြန်း ခဲ့သော်လည်း တုန့်ပြန်ဖြေကြားမှု မရှိပါ။
ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် KIA နှင့် TNLA ပူးပေါင်းအဖွဲ့ က ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးပေါ်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် လမ်းမကြီး အနီးရှိ မိုင်းယုလေးကျေးရွာသို့ လက်နက်ကြီး ကျည်များ ကျမှန်ပေါက်ကွဲခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်သည်။
ထိုဖြစ်ရပ်တွင် အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိထားကြောင်း၊ တုန်ခမ်ရွာ အတွင်းသို့လည်း လက်နက်ကြီး ကျည်များ ကျပြီး နွား ၁ကောင် သေဆုံးကာ ၁၆ ကောင် ဒဏ်ရာရရှိထားသည်ဟု သတင်းထုတ်ပြန် ထားသည်။
ထိုထုတ်ပြန်ချက်တွင် KIA နှင့် TNLA တို့က ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း၊ လမ်းများ ပိတ်ဆို့ကာ ငွေကြေးတောင်းခံခြင်းတို့ကို မကြာခဏပြုလုပ်လျက် ရှိသည်ဟု ဖော်ပြထားသည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း မူဆယ်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ တဝိုက်တွင် KIA နှင့် TNLA ပူးပေါင်း အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သလို ၂၅ ရက်နေ့ မနက်ပိုင်းတွင်လည်း ဖားကန့်မြို့နယ်တွင် KIA ထောင်ထားသည့် မိုင်းပေါက်ကွဲပြီး ထင်းရှာနေသည့် ဒေသခံတဦး ဒဏ်ရာရသဖြင့် မြစ်ကြီးနားဆေးရုံတွင် ဆေးကုသနေရသည်ဟု တပ်မတော်က သတင်းထုတ်ပြန်ထားသည်။