သတင်း

ဖြိုးကိုကိုတင့်ဆန်း အမှု ရုံးထုတ်စစ်ဆေးတော့မည်

အမှုပေါင်း ၁၇ မှုဖြင့် တရားစွဲခံထားရသည့် ACE ဟိုတယ်ပိုင်ရှင် ဖြိုးကိုကိုတင့်ဆန်းကို လာမည့် ဇန်နဝါရီ ၃ ရက်နေ့တွင် ဒက္ခိဏသီရိ ခရိုင်တရားရုံးမှ စတင် ရုံးထုတ်စစ်ဆေးတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ဒက္ခိဏ ခရိုင် တရားရုံးမှာ ၂၁ ရက်နေ့က တရားရုံးတင် စွဲတင်လိုက်တာပါ။ ရှေ့လ ၃ ရက်နေ့ ရုံးထုတ်မယ်။ အကယ်၍ ရုံးထုတ်မယ် ဆိုရင်လည်း ရုံးချိန်းပဲ ပြန်ပေးမယ့် အနေအထား ဖြစ်တယ်။ စစ်ရင်လည်း စစ်မယ်၊ ပြောလို့တော့ မရဘူး။ တရားစွဲတင်ပြီး ဖြစ်တဲ့ အတွက်ကြောင့် တရားသူကြီး သဘော ဖြစ်သွားပြီ”ဟု မှုခင်းရဲတပ်ဖွဲ့ (CID )မှ အဆင့်မြင့် ရဲအရာရှိတဦးက ဧရာဝတီ သို့ ပြောသည်။

သက်ဆိုင်ရာက ဖြိုးကိုကိုတင့်ဆန်း အပါအဝင် ၁၅ ဦးကို နေပြည်တော်တွင် အမှု ၁၀ မှု၊ ရန်ကုန်မြို့တွင် အမှု ၇ မှု စုစုပေါင်း ၁၇ မှုဖြင့် ဖွင့်လှစ် ထားခြင်း ဖြစ်ပြီး အမှုများ ထဲတွင် လက်နက်မှု၊ အစိုးရ၏ လျို့ဝှက်အက်ဥပဒေ၊ မူးယစ်မှု၊ တရား မဝင်ပစ္စည်းတင်သွင်းသဖြင့် ပို့ကုန်သွင်းကုန် ဥပဒေ နှင့် ဆက်သွယ်ရေး ဥပဒေတို့ ပါဝင်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနမှ သိရသည်။

ပျဉ်းမနားမြို့မှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော် က “ရုံးထုတ်တဲ့နေ့ကျရင် ပထမဆုံး သက်ဆိုင်ရာ တိုင်တန်းတဲ့ ရဲအရာရှိကို စစ်ဆေးမှာ ဖြစ်ပါတယ်။ ရဲက သက်သေ ထည့်ထားတဲ့ အတွက် သက်သေတွေ ပါလာရင်လည်း စစ်မယ်။ ပထမ တရားလိုကို စစ်ဆေးမှာပေါ့၊ အချိန်ထပ်ရတယ်ဆိုရင်တော့ သက်သေတွေကိုပါ ထပ်စစ်မှာပေါ့။ “ ဟု ရှင်းပြသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်နေ့က နေပြည်တော် လေဆိပ်တွင် ဖြိုးကိုကိုတင့်ဆန်း၊ ရဲမင်းဆွေနှင့် ဇော်ဝင်းထိုက်တို့ထံမှ ပစ္စတို ၂ လက်နှင့် ကျည်ဆံများ၊ စိတ်ကြွဆေးပြားများ စစ်ဆေး တွေ့ရှိခဲ့ပြီး နောက် ကွင်းဆက်အဖြစ် ၎င်း၏ ACE ရုံးခွဲနှင့် အိမ်တွင်လည်း လက်နက်များ၊ စကားပြောစက်များ၊ နိုင်ငံတော်လုံခြုံရေးကဲ့သို့သော အဖွဲ့အစည်း တံဆိပ်များ စသည်ဖြင့် တွေ့ရှိခဲ့သဖြင့် အမှုများ ဖွင့်လှစ်ကာ ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

Loading