သတင်း

ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းများ သတင်းပေးတိုင်ကြားသူ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရ

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မှ ဘူးသီးတောင်သို့ ပို့သည့် မီးဖိုချောင်သုံး ပစ္စည်းများကြား ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်းများ ပါလာ၍ ဖွင့်ဖောက်စစ်ဆေးပေးရန် သွားရောက်တိုင်ကြားသည့် တောင်ကုတ်မြို့နယ် ဝက်ကျိတ်ကျေးရွာအုပ်စု သင်္ဘောဆိပ်မှ ငလုံးတောင်ကုန်စည်ပို့ဆောင်ရေး တာဝန်ခံအား မူးယစ် ဆေးဝါးလက်ဝယ်တွေ့ရှိမှုအပါအဝင် တခြားမူးယစ်ဆေးဝါး ပုဒ်မ ၃ ခုဖြင့် ဖမ်းဆီးထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ ရက်နေ့က ငလုံးတောင် ကုန်စည်ပို့ဆောင်ရေးဂိတ်မှ တဆင့် ဘူးသီး တောင်သို့ သင်္ဘောဖြင့် ပို့မည့် ကုန်စည်များအတွင်း ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်း များပါ နေကြောင်း သတင်းရရှိသည့်အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ တဆင့် တာဝန်ရှိသူများအား စစ်ဆေးပေးရန် တိုင်းကြားသည့် ဦးငလုံးတောင်(ခ) ဦးခင်မောင်ဆင့်အား မူးယစ်ပုဒ်မ ၁၅၊ ၁၉(က) နှင့် ၂၁ မူးယစ်ဆေးဝါးပုဒ်မ ၃ ခုဖြင့် တောင်ကုတ်မြို့ ရဲစခန်းက ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

ဦးငလုံးတောင်၏ သားမက် ကိုဝေယံကိုက “ဒီပစ္စည်းတွေက ရန်ကုန် ရိုးမရွှေပြည်ဂိတ်ကနေ တောင်ကုတ်က ငလုံးတောင် ဂိတ်ကို ပို့တယ်။ ကျနော်အဖေက ဘူးသီးတောင်ကိုပို့ဖို့ သင်္ဘောပေါ် တင်ပြီးမှ ရန်ကုန် ရိုးမရွှေပြည်ဂိတ်က ဖုန်းဆက်တယ်။ အဲဒီအထဲမှာ ရဲနဲ့မကင်းတဲ့ ပစ္စည်းတွေပါ တယ်၊ဘူးသီးတောင် အထိတင်ပေးလိုက် ဟိုရောက်မှ ပစ္စည်းထုတ်တဲ့လူကို ဖမ်းပါ စေဆိုပြီး ဖုန်းဆက်တော့ ကျနော်အဖေက သင်္ဘောပေါ်တင်ပြီးသားပစ္စည်းတွေ ပြန်ချခိုင်းပြီး အုပ်ချုပ်ရေးမှူးနဲ့ ရဲကို အိတ် တွေဖေါက်စစ်ပေးဖို့ တိုင်လိုက်တာ၊အဲဒီနေ့မှာပဲ သူ့ကို မူးယစ်ဆေးဝါးလက်ဝယ် တွေ့ရှိမှု ရော တခြားအမှု ၂ ခုနဲ့ပါ ဖမ်းလိုက် တာ” ဟု ကိုဝေယံကိုက ဧရာဝတီကိုပြောသည်။

အဆိုပါ ကုန်ပစ္စည်းများကို ရဲစခန်းတွင် ဖွင့်ဖောက်စစ်ဆေးပေးရန် ဦးငလုံးတောင်မှ တောင်းဆိုသော် လည်း လာရောက်စစ် ဆေးသည့် ရဲတပ်ဖွဲ့ဝင်များက ပြဿနာတစုံတရာမရှိကြောင်း အာမခံသည့် အတွက် ငလုံးတောင် ကုန်စည်ပို့ဆောင်ရေး ဂိုဒေါင်အတွင်း ဖွင့်ဖောက်စစ်ဆေးရာ ပီနံအိတ် ၉အိတ် အတွင်းရှိ ကော်ဗူးနှင့် စတီးပေါင်းအိုများအတွင်း WY စာတန်းပါ စိတ်ကြွဆေးပြား ၂သိန်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ဦးငလုံးတောင်နှင့်အတူ တောင်ကုတ် ရိုးမရွှေပြည်ဂိတ်မှူး ဦးစံသိန်း ကိုပါဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“သင်္ဘောပေါ်ကချထားတဲ့ အိတ်တွေကို ရဲစခန်းယူသွားပြီး ဖွင့်စစ်ပေးဖို့ပြောတာ ရဲတွေက အဖေ့ ဂိုဒေါင်မှာပဲ စစ်မယ် ပြဿနာမဖြစ်စေရဘူးလို့ ပြောပြီးစစ်တာ။ အဖေက အဲဒါဆိုလည်း ရန်ကုန် ရိုးမရွှေပြည် ဂိတ်က ပို့လိုက်တာဖြစ်လို့ တောင်ကုတ် ရိုးမရွှေပြည် ဂိုဒေါင်မှာ စစ်ပေးဖို့ပြောတော့။ တောင်ကုတ်ဂိတ်က သူတို့ ဂိုဒေါင်ပြည့်နေလို့ပါဆိုပြီး အဖေတို့ ဂိုဒေါင်မှာပဲ စစ်တာ။ ပြီးတော့ မေးစရာလေးရှိလို့ဆိုပြီး စခန်းကိုလိုက်ခဲ့ဖို့ခေါ်သွားရာကနေ ဖမ်းခံထားတာ”ဟု ကိုဝေယံကို က ရှင်းပြသည်။

ဝက်ကျိတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင်ဦးကလည်း ဂိတ်မှူး ဦးငလုံးတောင်မှ ပီနံအိတ် ၉လုံးကို မသင်္ကာ၍ ဖွင့်ဖောက်စစ် ဆေးပေးရန် အကြောင်းကြားလာသည့်အတွက် ရဲတပ်ဖွဲ့ဝင် ၂ဦးနှင့် အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ ပစ္စည်း များမှာ ရန်ကုန် ရိုးမရွှေပြည်ဂိတ်မှ ပို့လိုက်သည်ဟု သိရကြောင်း၊ လတ်တလော ကွင်းဆက်များကို စုံစမ်းရန် ယာယီထိန်း သိမ်းထားကြောင်း ပြောဆိုပြီးနောက် ယခုကဲ့သို့ မူးယစ်ဆေးဝါး ပုဒ်မများနှင့် အမှုဖွင့်ထားသည်ကို သိရကြောင်း ဧရာဝတီ သို့ ရှင်းပြသည်။

တောင်ကုတ်မြို့ ရဲစခန်းကမူ ကျေးရွာအုပ်ချုပ်ရေးမှူး၏ သတင်းပေးတိုင်ကြားမှုကြောင့် သွားရောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး၊ ဦးငလုံးတော်၏ ဂိုဒေါင်အတွင်းမှ စစ်ဆေးဖမ်းဆီးမိခြင်းဖြစ်သည့်အတွက် ဖမ်းဆီးရခြင်းဖြစ်ကြောင်းအမှုစစ်အရာရှိ ရဲအုပ်ဝင်းလှိုင်က ပြောသည်။

“ကျနော်တို့ကို သတင်းပေးတာ ကျေးရွာအုပ်ချုပ်ရေးမှူးကပဲ ပေးတာလေ သူကိုယ်တိုင်သတင်းပေး တာ မဟုတ်ဘူးလေ၊ ဘယ်လိုဖြစ်ဖြစ် သူ့လက်ထဲမှာ တွေ့တာပဲဆိုတော့ ကျနော်တို့ကတော့ သူကို အရေးယူ ရမှာပဲ။ ရဲစခန်းမှာ သူ့ကို (ဦးငလုံး တောင်) ပုဒ်မ ၁၅ က လက်ဝယ်တွေ့ရှိမှု၊ ပုဒ်မ ၁၉(က) က တဆင့်လွှဲပြောင်းဖို့အတွက် သယ်ဆောင်တဲ့အနေနဲ့ ဖွင့်တာ၊ ၂၁ ဆိုတာက သူနောက်က ကွင်းဆက် ရှိတဲ့အတွက် ၂၁ နဲ့ ဖွင့်ထားတာပါ။ သူနဲ့အတူ ဦးစံသိန်း ရိုးမရွှေပြည် တောင်ကုတ်ကား ဂိတ်မှူးကိုလည်း ဖမ်းထားတယ်။ ကွင်းဆက်အနေနဲ့ ဘူးသီးတောင်ကတယောက်ကို လည်းဖမ်းထား ပြီးပြီ”ဟု ရဲအုပ်ဝင်းလှိုင် က ပြောသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူ ဦးငလုံးတောင်နှင့် ဦးစံသိန်းတို့အား ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရမန်ယူခဲ့ပြီး ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တရားရုံးထုတ်စစ်ဆေးရန်ဆောင်ရွက်ရန် စီစဉ်ထားသော်လည်း လာမည့် ၂၀၁၈ ဇန်နဝါရီလ ၅ ရက်နေ့ တွင်သာ တရားရုံးထုတ်စစ်ဆေးမှုကို ပြောင်းရွှေ့ပြုလုပ်မည့်အတွက် ရမန်ထပ်မံယူ၍ ဆက်လက်ချုပ်နှောင်ထား ကြောင်းသိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading