သတင်း

အစိုးရ နှင့် နာဂ လက်နက်ကိုင် အဖွဲ့ ရန်ကုန်တွင် ဆွေးနွေးမည်

Want create site? Find Free WordPress Themes and plugins.

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်တွင် အခြေစိုက် လှုပ်ရှားနေသည့် နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ-ကပ်ပလန် (NSCN-K) နှင့် ငြိမ်းချမ်းရေး ကော်မရှင် (PC) တို့ အကြား တွေ့ဆုံ၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း နှစ်ဖက် ကိုယ်စားလှယ်များက အတည်ပြု ပြောဆိုသည်။

အဆိုပါ တွေ့ဆုံ ဆွေးနွေးမှုကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရုံး၌ ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် (PC) အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦး က ပြောသည်။

ဦးခင်ဇော်ဦးက “သူတို့က တွေ့ချင်တယ်လို့ ဆက်သွယ်တဲ့ အတွက်ကြောင့် ကျနော်တို့က တွေ့ပါ့မယ်လို့ ပြောလိုက်ပါတယ်။ ဘာတွေ ဆွေးနွေးမယ်ဆိုတာတော့ ဘယ်သိမလဲ။ သူတို့က တွေ့ချင်တယ် ပြောတော့ ကျနော်တို့လည်း အေးတွေ့ဆို တွေ့မှာပဲလို့ ပြောတာ။ သူတို့ ဘာဆွေးနွေးမလဲဆိုတာတော့ သူတို့မေးမှ သိမယ်လေ” ဟု ဧရာဝတီသို့ ပြောသည်။

NSCN-K မှ ကိုယ်စားလှယ်များသည် ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် တွေ့ဆုံရန်အတွက် ဒီဇင်ဘာ ၂၆ ရက်နေ့ကတည်းက ရန်ကုန်သို့ ရောက်ရှိနေခဲ့ခြင်းဖြစ်ကြောင်း NSCN-K ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဦးအမ်ကန်က ပြောသည်။

ဦးအမ်ကန်က “ဘာအကြောင်း အရာတွေ ဆွေးနွေးမယ်ဆိုတာတော့ PC နဲ့ တွေ့တဲ့ အခါမှပဲ သိရမယ်။ အခုတော့ မသိသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။

NSCN-K သည် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်က ပြည်နယ်အဆင့် ပဏာမအပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးထားသော နာဂ လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

ထို့ပြင် ပြည်ထောင်စု အဆင့် အပစ်အခတ်ရပ်စဲရေး စာချုပ်နှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) ကို လက်မှတ် ရေးထိုးရန် လက်ရှိ သမ္မတဦးထင်ကျော် အစိုးရ၏ ကမ်းလှမ်းခြင်း ခံထားရသည့် အဖွဲ့လည်းဖြစ်သည်။

သို့သော်လည်း NSCN-K ဘက်မှ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး စာချုပ်နှင့် NCA လက်မှတ် ထိုးရေး တစုံတရာ ထုတ်ဖော် ပြောကြားထားခြင်း မရှိသေးသကဲ့သို့ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံစလုံးတွင် ရှိသော နာဂ လူမျိုးများကို လွှမ်းခြုံနိုင်သော စေ့စပ်ညှိနှိုင်းမှု ရမှသာလျှင် NCA ကို စဉ်းစားနိုင်မည်ဖြစ်ကြောင်း ၂၀၁၇ ခုနှစ်၊ သြဂုတ်လက ဗဟိုကော်မတီဝင် ဦးကျော်ဝမ်းစိန် က ဧရာဝတီသို့ ပြောထားဖူးသည်။

ဒီဇင်ဘာ ၂၈ ရက်တွင် နှစ်ဘက်တွေ့ဆုံ ဆွေးနွေးမည့် အကြောင်း အရာများကို မသိရသေးသော်လည်း ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ နောက်ဆုံး အပတ်၌ ကျင်းပမည့် တတိယ အကြိမ် ၂၁ ရာစု ပင်လုံ အစည်းအဝေးသို့ လေ့လာသူအဖြစ် တက် ရောက်နိုင်ရေး အစိုးရဘက်မှ ဖိတ်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ဦးခင်ဇော်ဦး က “ကျနော်တို့ ကတော့ ဖိတ်ဖို့ အစီအစဉ်ရှိပါတယ်။ ဖိတ်ရင်လည်း သူတို့က လေ့လာသူအဖြစ်နဲ့ တက်ခွင့် ရှိတာပေါ့။ သူတို့က NCA ထိုးတဲ့သူ မဟုတ်တဲ့ အတွက်ကြောင့် ပါဝင်ဆွေးနွေးခွင့်တို့ ကိုယ်စားလှယ်အဖြစ် တက်ရောက် ခွင့်တော့ မရှိပါဘူး။ ယခင်ကလည်း တက်ခဲ့ဖူးပါတယ်” ဟု ပြောသည်။

NSCN-K ဘက်ကလည်း တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံကို အစိုးရဘက်မှ ဖိတ်ကြားပါက တက်ရောက်သွားရန် အစီအစဉ် ရှိကြောင်း ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်က ဧရာဝတီသို့ ပြောကြားထားဖူးသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading