သတင်း

ဒရုန်းယာဉ်အမှု ထပ်မံတရားစွဲဆိုမှုများ ပြန်လည်ရုပ်သိမ်း

နေပြည်တော် လွှတ်တော် အဆောက်အအုံ အနီး Drone ယာဉ်ဖြင့် ဓာတ်ပုံရိုက်ကူးရန် ကြိုးပမ်းမှုကြောင့် ဖမ်းဆီးခံ ထားရသူ ၄ ဦးကို ပို့ကုန်သွင်းကုန်ဥပဒေ၊ လဝက ဥပဒေ တိုု့ဖြင့် တရားစွဲဆိုထားမှု အပေါ် ယနေ့ရုံးချိန်းတွင် တရားလိုများက ကိုယ်တိုင် လာရောက်ပြီး အမှုမှ ရုပ်သိမ်းရန် လျှောက်ထားခဲ့ကြောင်း သိရသည်။

“ဒက္ခိဏခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တရားခံ ၄ ဦး၏ ပြုလုပ်မှုသည် နိုင်ငံတော်၏ လုံခြုံရေးကို ထိ ခိုက်စေမည် ရည်ရွယ်ချက်မတွေ့ရှိရ၍ လည်းကောင်း၊ မလေးရှားနိုင်ငံသူနှင့် စင်္ကာပူနိုင်ငံသားတို့ နှင့်ပတ်သက်၍ နှစ်နိုင်ငံချစ်ကြည်ရေးကိုရှေးရှု၍ လည်းကောင်း အမှုအားရုပ်သိမ်းခွင့် လျှောက်ထားရန် ဖုန်းဖြင့် ညွှန်ကြားလာသဖြင့် ရည်ညွန်းချက်ပါအမှုမှ တရား ခံ ၄ ဦးအပေါ် စွဲဆိုထားသောအမှု အားရုပ်သိမ်း ခွင့်ပြုပါရန် လျှောက်ထားအပ်ပါသည် ဆိုပြီးလျှောက်သွားတယ်။” ဟု တရားခံရှေ့နေ တဦးဖြစ်သည့် ဦးခင်မောင်ဇော်က ပြောသည်။

ယနေ့ ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ပြုလုပ်သည့် ၈ ကြိမ်မြောက် ရုံးချိန်းတွင် တရားလို ရဲအုပ် ထွန်းထွန်းဝင်းက ပို့ကုန်သွင်းကုန် ဥပဒေ ပုဒ်မ ( ၈)ဖြင့် တရားစွဲဆိုထားသည့်အပေါ် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေးရှူ၍ဟုဆိုကာ တူရကီနိုင်ငံ အခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနမှ မလေးရှားနိုင်ငံသူ MOK CHOY LIN၊ စင်ကာပူနိုင်ငံသား LAU HON MENG တို့နှစ်ဦးအား အမှုအား ပြန်လည် ရုပ်သိမ်းရန် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် လူဝင်မှု ကြီးကြပ်ရေးမှ ဒုဦးစီးမှူး ဦးဌေးဝင်းကလည်း လဝက ဥပဒေ ပုဒ်မ ၁၃(၁) ဖြင့် တရားစွဲဆိုထားသူ ၄ ဦးကို နှစ်နိုင်ငံ ချစ်ကြည်ရေး ကို ရှေးရှု၍ အမှုအား ရုပ်သိမ်းသွားမည်ဖြစ်ရာ အဆိုပါ အမှုများ ရုပ်သိမ်းရန် အပြီးသတ် အမိန့်ချမှတ်ခြင်းကို လာမည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ပြုလုပ်မည်ဟု သိရသည်။

အောက်တိုဘာ ၂၇ ရက်နေ့က နေပြည်တော် လွှတ်တော်နယ်မြေအနီး ဒရုန်းယာဉ်ပျံသန်းမှုဖြင့် တူရကီနိုင်ငံ အခြေစိုက် စင်ကာပူရုံးခွဲ TRT သတင်းဌာနမှ မလေးရှားနိုင်ငံသူ MOK CHOY LIN၊ စင်ကာပူနိုင်ငံသား LAU HON MENG ၊ စကားပြန်အဖြစ် ဆောင်ရွက်နေသူ သတင်းထောက် အောင်နိုင်စိုးနှင့် ယာဉ်မောင်း ဦးလှတင်တို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ၄ ဦးသည် လေယာဉ် အက်ဥပဒေဖြင့် ထောင်ဒဏ် ၂ လကျခံ ရသည့် အမှုမှာ လာမည့် ဇန်နဝါရီ ၅ ရက်နေ့တွင် လွတ်ရက်စေ့ပြီဖြစ်ကြောင်း သိရသည်။

Loading