သတင်း

ရှစ်လေးလုံး ပါတီအမည် ကိစ္စ ကန့်ကွက်မှုများရှိ

Want create site? Find Free WordPress Themes and plugins.

၈၈၈၈ (ရှစ်လေးလုံး) ပါတီ အမည်ဖြင့် ပါတီတရပ်ထူထောင်ရန်ကြိုးပမ်းနေသည့်အပေါ် ပါတီအမည်ပြောင်းလဲ ပေးရန် ပဲခူတိုင်းဒေသကြီး အနောက်ခြမ်း ၈၈ မျိုးဆက်အင်အားစုများမှ ဒီဇင်ဘာ ၂၅ ရက်နေ့ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။

ရှစ်လေးလုံးကာလ အထွေထွေ သပိတ်ကော်မတီဝင် ဦးချစ်ဆောင်ဦးက “တပြည်လုံးနဲ့ဆိုင်တဲ့ အမှတ်အသားကို ပါတီတခု၊ လူတစုတဖွဲ့က ယူသုံးတာကို လက်မခံနိုင်ပါဘူး၊ တဦးချင်းအနေနဲ့လည်း ကန့်ကွက်သလို လိုအပ်ရင် လက်မှတ်တွေကောက်ခံပြီး ကန့်ကွက်လွှာတင်မယ်”ဟု ဧရာဝတီသို့ပြောသည်။

ဒီမိုကရေစီနည်းအရ ပါတီတရပ်ထူထောင်ခြင်း အပေါ် ကန့်ကွက်စရာမရှိသော်လည်း တတိုင်းပြည်လုံးနှင့် သက်ဆိုင်သည့် ရှစ်လေးလုံး အမည်ရယူ သုံးစွဲထားခြင်းကို လက်မခံကြောင်း နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကန့်ကွက်လွှာတင်ရန် ကြေညာသည့်အချိန်တွင်လည်း ကန့်ကွက်ရန်ပြင်ဆင်ထားကြောင်း ၎င်းက ပြောသည်။

ရှစ်လေးလုံးပါတီအမည်အား ကန့်ကွက်စာထုတ်ပြန်ကြေညာခဲ့သူများမှာ ရှစ်လေးလုံးအရေးတော်ပုံကာလတွင် အထွေထွေသပိတ်ကော်မတီနှင့် ပဲခူးအနောက်ခြမ်း ၁၄ မြို့နယ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ် အဖွဲ့ဝင်ဟောင်း ၁၀ ဦးက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရှစ်လေးလုံးပါတီကို ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ဦးကိုကိုကြီးဦးဆောင်ကာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ ဒီဇင်ဘာ ၁၉ ရက်နေ့က ပါတီမှတ်ပုံတင် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ပါတီအမည်နှင့်ပတ်သက်၍ ဝေဖန်ပြောကြားမှုများ ရှိနေသော်လည်း ဦးကိုကိုကြီးက “ပြီးခဲ့တဲ့ကာလ တလျှောက်လုံးမှာလည်း ဆွေးနွေးတိုင်ပင်မှုတွေရှိတော့ ဒီနာမည်ဟာ ကိန်းဂဏန်း အမှတ်အသား သက်သက် မဟုတ်ဘဲ တခြားလေးနက်တဲ့ အဓိပါ္ပယ်တွေပါပါတယ်၊ ဒီနာမည်ကိုဆုံးဖြတ်လိုက်ခြင်းဟာ သာမန်ကိန်းဂဏန်း အမှတ်အသားတခုထက် လေးနက်တဲ့ နိုင်ငံရေးအဓိပ္ပါယ်တွေ ပါတယ်”ဟု ပြောသည်။

ပါတီအနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်ထံသို့ မှတ်ပုံတင်လျှောက်ထားခဲ့ပြီ ဖြစ်သည့်အတွက် ကန့်ကွက်လိုသူများ အနေဖြင့် ကော်မရှင်ထံ တရားဝင်ကန့်ကွက်နိုင်ပြီး မိမိတို့အနေဖြင့်လည်း ရှစ်လေးလုံးအမည်ဖြင့် ပါတီနာမည်သုံးခွင့်ရရေးအတွက် ဥပဒေနှင့်အညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါတီဖြစ်မြောက်ရေးကော်မတီဝင်များက ဆိုသည်။

ပါတီဖြစ်မြောက်ရေးကော်မတီ စည်းရုံးရေးတာဝန်ခံ ဦးမာကီက “ကန့်ကွက်စာနဲ့ပတ်သက်လို့ သူတို့တရားဝင် ကန့်ကွက်လို့ရပါတယ်၊ ကျနော်တို့က ဘယ်သူ့ကိုမှ မပါပါနဲ့ ဆိုပြီး ကန့်သတ်ထားတာလည်း မရှိပါဘူး၊ အားလုံးကြိုဆိုထားပါတယ်”ဟု ပြောသည်။

ပါတီအမည်မှတ်ပုံတင် လျှောက်ထားခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကန့်ကွက်လွှာတင်ချင်သူများ ကန့်ကွက်နိုင်ကြောင်း ကြေညာခြင်းမရှိသေးသော်လည်း ပြည်တွင်း၊ ပြည်ပ ၈၈ မျိုးဆက်များအကြားတွင် ဝေဖန်မှုများမြှင့်တက်လျှက်ရှိသည်။

ရှစ်လေးလုံးကာလ ဗ.က.သ ဗဟိုကော်မတီအဖွဲ့ဝင် ဦးဇာနည်က “ပါတီထောင်တာကို မူအရ သဘောတူ ပါတယ်၊ သူတို့ရဲ့လွတ်လပ်ခွင့်အရ ပါတီထောင်တာ ကန့်ကွက်စရာလည်းမရှိပါဘူး၊ သမိုင်းမော်ကွန်း တခုဖြစ်တဲ့ ရှစ်လေးလုံးအမည်ကို ယူသုံးတာကတော့ မည်သူဖြစ်စေ ဆန့်ကျင်ကန့်ကွက်ပါတယ်”ဟု ပြောသည်။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ဦးကိုကိုကြီး ကမူ ပါတီ၏ မူဝါဒ၊ ဖွဲ့စည်းပုံများကို ပါတီတည်ထောင်ခွင့်ရရှိပါက ထုတ်ပြန်မည် ဖြစ်ကြောင်း၊ ပါတီ တည်ထောင်ခြင်းသည် အာဏာလိုချင်၍ မဟုတ်ဘဲ တာဝန်ယူချင်၍ နိုင်ငံရေးလုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောကြားထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading