သတင်း

ကျိုင်းတုံက လားဟူ အမျိုးသမီးတဦးကို မီးရှို့သတ်ဖြတ်သူ ၂ ဦး မိပြီ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ မြို့နယ်တွင် မအေပီလ အမည်ရ အသက် ၁၈ နှစ်အရွယ် လားဟူအမျိုးသမီးတဦးကို သတ်ဖြတ်၍ မီးရှို့ပြီး အလောင်း ဖျောက်ရန် ကြိုးစားသူ ၂ ဦးအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့က ဧရာဝတီသို့ အတည်ပြု ပြောဆိုသည်။

မအေပီလ ကိုသတ်ဖြတ်ခဲ့သည့် လူသတ်သမား ၂ ဦးအနက် အသက် ၄၀ နှစ်အရွယ် စိုးလွင်ကို ကျိုင်းတုံတွင်ပင် ဒီဇင်ဘာ ၂၅ ရက်နေ့က ဖမ်းဆီး နိုင်ခဲ့ပြီး အိုက်ပီး (ခ) စိုင်းရှဲန် ကိုတော့ သာစည်မြို့တွင် ယာဉ်တိုက်မှုတခုနှင့် သွားရောက် တရားရင်ဆိုင် နေချိန်တွင် ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် ရဲစခန်းမှ စခန်းမှူး အောင်မြင့်ထွန်း က ပြောသည်။

ဒုရဲမှူး အောင်မြင့်ထွန်း က “တရားခံရဲ့ မိန်းမနဲ့ ကောင်မလေးနဲ့က ရင်းနှီးတယ်။ နင့်အမက ငါးကင် စားချင်တယ်ဆိုပြီး ဖုန်းဆက်ပြောပြီး ခေါ်တာ။ အမှန်တော့ မိန်းမက မရှိဘူး။ ခရီးထွက်နေတာ။ ကောင်မလေးက ငါးကင်လာပို့တဲ့ အချိန်မှာ တရားခံ စိုးလွင် က သူ့သူငယ်ချင်းနဲ့ အတူရှိနေတယ်” ဟု တရားခံ၏ ထွက်ဆိုချက်ကို ပြန်ပြောပြသည်။

၎င်းက ဆက်၍ “ငါးကင်လာပို့ချိန်မှာဘဲ ကောင်မလေးကို လည်ပင်း ညှစ်ပြီးတော့ နံရံနဲ့ဆောင့်တယ်။ လဲကျသွားတဲ့ အချိန်မှာ လည်ပင်းကို ခြေထောက်နဲ့ တက်နင်း ထားတယ်။ နောက်တယောက် (အိုက်ပီး) ကလည်း ဝိုင်းကူတယ်။ သေသွားတဲ့ အချိန်မှာ ကောင်မလေးကို ဆိုင်ကယ်ပေါ် ၂ ယောက်ညှပ်တင်ပြီးတော့မှ ကျိုင်းတုံမြို့ အထွက် လွိုင်မွေသွားတဲ့လမ်းဘေးမှာ အသင့် ယူလာတဲ့ ဓာတ်ဆီဗူးနဲ့လောင်းပြီး မီးရှို့လိုက်တယ်” ဟု ပြောသည်။

မအေပီလသည် ဒီဇင်ဘာ ၂၀ ရက်နေ့က ငါးကင်သွားဝယ်မည်ဟုဆိုကာ ၎င်းဆိုင်ကယ်ကို လာငှားသွားကြောင်း ညပိုင်းတွင် ဖုန်းအဆက်အသွယ် ပြတ်တောက်သွားသွားခဲ့ပြီး ပျောက်ဆုံးသွားကြောင်း မအေပီလ၏ ချစ်သူ အသက် ၁၉ နှစ်အရွယ် လားဟူအမျိုးသား ယောရှည် က ပြောသည်။

အသတ်ခံခဲ့ရသူ မအေပီလ

ထို့နောက် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျိုင်းတုံ-လွိုင်မွေ ကားလမ်းဘေး၌ မီးလောင်ထားသည့် အမျိုးသမီး တဦး၏ ရုပ်အလောင်းတခု တွေ့ရှိကြောင်း လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာတွင် တွေ့ရှိပြီး ထိုရုပ်အလောင်းတွင် တွေ့ရှိသော လက်စွပ်ကြောင့် မအေပီလ ဖြစ်မည်ကို မှန်းဆမိခဲ့သည်ဟုဆိုသည်။

ယောရှည် က “Facebook ပေါ်မှာ သတင်းတွေတက်လာတယ်။ နည်းပညာ တက္ကသိုလ် ကျောင်းဘက်မှာ ကောင်မလေး တယောက် မီးရှို့ သတ်ခံရတယ်တဲ့။ ကျနော်ဖတ်ကြည့်တော့ ကောင်မလေးမှာ အသဲနှလုံးပုံ လက်စွပ်ပါတယ်တဲ့။ ကျနော်တို့မှာ တယောက် တကွင်းရှိတယ်လေ။ ရဲစခန်းမှာသွားကြည့်တော့ ပိုသေချာသွားတာ” ဟု ပြောသည်။

ယောရှည်နှင့် မအေပီလ တို့နှစ်ဦးသည် ယခုလ ၂၅ ရက်နေ့တွင် ချစ်သူသက်တမ်း တနှစ်ပြည့်ခဲ့သည်ဟု ဆိုသည်။

“ဒိဘက်မှာ ဒီလိုအဖြစ်အပျက်မျိုး တခါမှ မကြားဖူးဘူး။ သူ (အေပီလ) ဒီလိုမျိုးဖြစ်လိမ့်မယ် လို့လည်း ကျနော် တခါမှ မတွေးမိဘူး။ အခုလိုဖြစ်တော့ စိတ်ထဲမကောင်းဘူး” ဟု ယောရှည် က ပြောသည်။

ထို့နောက် သေဆုံးသူမှာ ၎င်း၏ ချစ်သူဖြစ်ကြောင်းနှင့် မသေဆုံးမီ ၎င်းထံသို့ ဆိုင်ကယ်လာငှားပုံနှင့် ငါးကင်သွားဝယ်မည့် ဆိုင်အမည်တို့ကို ရဲတပ်ဖွဲ့ထံ ပြောပြခဲ့ပြီး နောက်တနေ့တွင် တရားခံကို ဖမ်းဆီးနိုင်လိုက်ပြီဆိုသည့် သတင်းကို ကြားသိခဲ့ရ ကြောင်း ယောရှည် က ပြောသည်။

ဒုရဲမှူး အောင်မြင့်ထွန်း က “ကောင်လေးက စခန်းကိုလာကြည့်တော့ သူ့ကောင်မလေး လက်စွပ်ဖြစ်နေတယ်။ အဲဒါနဲ့ ငါးကင်ဆိုင်ကို ကျနော်တို့ သွားမေးတဲ့ အချိန်မှာ ငါးကင်ဆိုင်က ကောင်မလေးက ဟုတ်တယ်။ အဲကောင်မလေး ငါးကင် လာဝယ်တယ်။ မှောင်နေလို့ သူတောင်မှ လိုက်ပို့လိုက်သေးတယ်တဲ့။ လိုက်ပို့လိုက်တဲ့အိမ်က လူသတ်တရားခံရဲ့ အိမ်ရှေ့ပဲ” ဟု ပြောသည်။

မအေပီလ မှာ မီးလောင်ကျွမ်းသေဆုံးထားသည့် ဒဏ်ရာများကြောင့် ၎င်းအား မသေဆုံးမီ အဓမ္မပြုကျင့်မှုများ ရှိမရှိကို စစ်ဆေး၍ မရတော့သလို တရားခံ စိုးလွင်က လူမှုရေးနှင့် ငွေကြေး အရှုပ်အရှင်းရှိနေသည့် ပုံစံမျိုးသာ ဖြေကြားနေပြီး အဓမ္မပြုကျင့်မှု ရှိမရှိ မေးမြန်းမှုကို ဝန်ခံခြင်း မရှိသေးကြောင်း ဒုရဲမှူး အောင်မြင့်ထွန်း က ပြောသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading