သတင်း

ဖျာပုံမြို့နယ်ရှိ ရေလုပ်သား ၃၆ ဦး ပျောက်ဆုံးနေ

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ဒီဇင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းက လေပြင်း တိုက်ခတ်မှုကြောင့် ကျားဖောင်များ ကြိုးပြတ်မျောပါခဲ့ပြီးနောက် ကျားဖောင် ၁၃ ဖောင်နှင့် ရေလုပ်သား ၃၆ ဦး ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

“လေနီကြမ်းတိုက်လို့ ကျားဖောင်တွေ မျောပါသွားရာမှာ လက်ရှိအချိန်အထိတော့ ကျားဖောင် ၁၃ ဖောင်နဲ့ ရေလုပ်သား ၃၆ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ သူတို့ကို ငါးလုပ်ငန်းဦးစီးဌာန၊ ရေလုပ်ငန်းရှင်တွေ၊ ဒေသ အုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းရှာဖွေနေပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေး ဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က ဧရာဝတီကို ပြောသည်။

ဖျာပုံမြို့နှင့် ရေမိုင် ၂၂ မိုင်အကွာ ပင်လယ်ပြင်တွင် ဒီဇင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းက လေပြင်း တိုက်ခတ်သည့်အတွက် ပင်လယ်ပြင်တွင် ငါး၊ ပုစွန်ဖမ်းဆီးနေကြသည့် ကျားဖောင် ၈၆ ဖောင်နှင့် ရေလုပ်သား၂၅၈ ဦးမှာ ပင်လယ်ပြင်ထဲ မျောပါသွားခြင်း ဖြစ်သည်။

မျောပါသွားသည့် ရေလုပ်သားများအား ရေလုပ်ငန်းရှင်များ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများ ပါဝင်သည့် ကယ်ဆယ်ရေး အဖွဲ့များဖြင့် ရှာဖွေခဲ့ရာ ဒီဇင်ဘာ ၂၇ ရက်နေ့ အထိ ကျားဖောင် ၅၇ ဖောင်နှင့် ရေလုပ်သားပေါင်း ၂၂၂ ဦး ဆယ်ယူရရှိခဲ့ ကြောင်း၊ ကျားဖောင် ၁၆ ဖောင်မှာ ပင်လယ်ထဲတွင် မျောပါ ပျက်စီးခဲ့ပြီး ကျန်ရှိသည့် ကျားဖောင် ၁၃ ဖောင်မှာ ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ပျောက်ဆုံးနေသည့် ကျားဖောင်များတွင် သက်ဆိုင်ရာလုပ်ငန်းများ၏ အမည်များကို အင်္ဂလိပ်စာလုံး အတိုကောက်ဖြင့် ဖောင်ပေါ်တွင်ရေးသားထားပြီး ကျားဖောင်များကို တွေ့ရှိပါက ဖောင်နှင့် ရေလုပ်သားများကို ကယ်ဆယ်ပေးထားပြီး သက်ဆိုင်ရာတာဝန်ရှိ အုပ်ချုပ်ရေးဌာနများသို့ အကြောင်းကြားပေးစေလိုကြောင်း ဧရာဝတီတိုင်းရဲတပ်ဖွဲ့က ပြောသည်။

“ဒီအချိန်ကာလက လေနီကြမ်းတော်ရုံဝင်လေ့မရှိတော့ ခပ်ပေါ့ပေါ့ နေတဲ့အချိန် လေပြင်းတိုက်ချလိုက်တော့ ဖောင်ကြိုး တွေ ပြတ်ပြီး မျောသွားကြတာ။ ဒီရက်ပိုင်းမှာတော့ တိုက်နေတဲ့လေတွေ ကမ်းဘက်ပြန်တိုက်နေတာဆိုတော့ ပျောက်နေတဲ့သူတွေ ကမ်းကိုပဲ လေနဲ့အတူ ပြန်ရောက်လာမလားလို့ အကုန်လုံးက မျှော်နေကြတယ်”ဟု ဖျာပုံမြို့နယ်၊ ခါးပြတ်ကျေးရွာမှ ဒေသခံ ဦးကျော်စွာက ပြောသည်။

ပင်လယ်ပြင်တွင် ငါး၊ ပုစွန်ဖမ်းဆီးကြသည့် ကျားဖောင်များတွင် ရေလုပ်သား ၃ ဦးနှင့် ဖောင်ဦးစီး ၁ ဦး လိုက်ပါလေ့ရှိပြီး ရာသီဥတုဆိုးဝါး၍ လေပြင်းများ တိုက်ခတ်ချိန်တွင် ဖောင်ကြိုးများ ပြတ်၍ ပင်လယ်ပြင် အတွင်းသို့ မျောပါလေ့ရှိသည်။

ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လအတွင်းက လေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်တိုင်းရှိ ကော့မှူး၊ ကွမ်းခြံကုန်းဒေသ၊ ဧရာဝတီတိုင်းရှိ ဖျာပုံ၊ ဒေးဒရဲ ဒေသများမှ ရေလုပ်သား ၁ သောင်းကျော် ပင်လယ်ထဲ မျောပါခဲ့ဖူးပြီး ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်းကလည်း ဖျာပုံခရိုင်မှ ကျားဖောင် ၂၀၀ ကျော် ပင်လယ်ထဲ မျောပါသွားသည့်အတွက် တပ်မတော် (ရေ) နှင့် ပင်လယ်ပြင်အတွင်း ခုတ်မောင်းသွားလာနေသည့် ခရီးသည်တင် သင်္ဘောကြီးများက ကယ်ဆယ်မှုများ လုပ်ဆောင်ခဲ့ရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading