သတင်း

တရုတ်နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြုပြင်ရေး ဆွေးနွေးမည်

တရုတ်နိုင်ငံရဲ့ ထိပ်တန်းမူဝါဒချမှတ်သူများ အနေနဲ့ နိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပထမ ဆုံးအကြိမ် ပြင်ဆင်ရေးဆွဲဖို့ လာမည်လမှာ ဆွေးနွေးမှာဖြစ်တယ်လို့ ဆင်ဟွာသတင်းက ဆိုပါတယ်။

ဒီလိုပြင်ဆင်ရေးဆွဲဖို့ ဗုဒ္ဓဟူးနေ့က ပြုလုပ်တဲ့ သမ္မတ ရှီကျင့်ဖျင်ဦးဆောင်တဲ့ အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

ဒါဟာ ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ပြင်ဆင်ရေးဆွဲဖို့ ပြုလုပ်နေတာဖြစ်ပြီး၊ ဖွဲ့စည်းပုံကို ဘယ်လို ပြင်ဆင်မယ်ဆိုတာကိုတော့ အသေးစိတ်ဖော်ပြထားခြင်းမရှိသေးပါဘူး။

တရုတ်နိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၈၂ ခုနှစ်က အတည်ပြုခဲ့တာဖြစ်ပြီး၊ လေးကြိမ်တိုင် ပြင်ဆင်ပြီးဖြစ်တယ်လို့ ဆင်ဟွာကဆိုပါတယ်။

သမ္မတ ရှီကျင့်ဖျင်ဟာ သူ့ရာထူးကို မည်သူဆက်ခံမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြထားခြင်း မရှိတဲ့ ခေါင်းဆောင်မှု အဆင့်ဆင့် မူဝါဒအသစ်ကို ပြီးခဲ့တဲ့ အောက်တိုဘာလက ထုတ်ပြန်ပြီးနောက် သူဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်းအထိ ရာထူးမှာ ဆက်လက်ရှိနေဖို့ ကြိုးစားနေတယ်လို့ ခန့်မှန်းပြော ဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက ကွန်မြူနစ်ပါတီရဲ့ ဖွဲ့စည်းပုံကို ပြုပြင်ခဲ့ပြီးနောက်မှာ သမ္မတ ရှီကျင့်ဖျင် ဟာ တရုတ်ခေါင်းဆောင်များအနက် သြဇာအာဏာအကြီးမားဆုံး တဦးဖြစ်လာပါတယ်။ သူ့မတိုင်မီ နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့တဲ့ ခေါင်းဆောင်နှစ်ဦးပင် ထိုအဆင့်မျိုး မရရှိခဲ့ပါဘူး။

သမ္မတ ရှီကျင့်ဖျင်ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ရပ်ဝန်းတခု လမ်းတခု အစီအစဉ်အထိ သူအာဏာရပြီး ပထမ ၅နှစ် သက်တမ်းမှာ အဓိက အစီအစဉ်များအဖြစ် ပါတီဖွ့ဲစည်းပုံမှာ ထည့်သွင်းခဲ့ ပါတယ်။

တရုတ်နိုင်ငံအတွက် နှစ် ၃၀ ရည်မှန်းချက်ကိုလည်း သမ္မတ ရှီကျင့်ဖျင်က ချပြခဲ့ပြီး ၂လအကြာ ဒီဇင်ဘာ ၂၆ရက်နေ့က အစည်းအဝေးမှာ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင် တဦးချင်းစီက ရှီကျင့်ဖျင်ရဲ့ အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ကတိပြုခဲ့ပါတယ်။

သမ္မတ ရှီကျင့်ဖျင်ကလည်း နိုင်ငံရေးဦးဆောင် အဖွဲ့ဝင်များ အားလုံး ဦးစားပေးလုပ်ဆောင်ရမယ့် အချက်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလက ကျင်းပခဲ့တဲ့ ပါတီကွန်ဂရက်က ချမှတ်ထားသည့် လုပ်ငန်း တာဝန်များကို ကျယ်ကျယ်ပြန့်ပြန့် ပြင်းပြင်းထန်ထန် မဖြစ်မနေ ဖော်ဆောင်ရေးသာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၆ရက်နေ့ အစည်းအဝေးမှာ နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင် ၂၅ ဦးအနက် တဦးစီဟာ သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ထင်ဟပ်တဲ့ မိန့်ခွန်းများ ပြောကြားခဲ့ပြီး၊ ပါတီရဲ့ ပင်မရည်မှန်း ချက်ကို ဖော်ဆောင်ဖို့ ကတိပြုခဲ့တယ်လို့ သိရပါတယ်။

သမ္မတ ရှီကျင့်ဖျင်က “အပြောသက်သက် မဟုတ်ဘဲ အလုပ်နဲ့ သက်သေပြဖို့ လိုတယ်၊ တကယ် အကောင်အထည် ဖော်ဖို့ လိုနေချိန်မှာ အစည်းအဝေးတွေ ကျင်းပလိုက် ကြေညာချက်တွေ ထုတ်လိုက်နဲ့ မရတော့ဘူး” လို့ ပြောကြောင်း ဆင်ဟွာသတင်းကဆိုပါတယ်။

အဲဒီအစည်းအဝေးမှာပဲ ပါတီရဲ့ ထိပ်တန်းအဂတိ လိုက်စားမှု တိုက်ဖျက်ရေးဌာနဖြစ်တဲ့ စည်းကမ်းစစ် ဆေးရေး ဗဟိုကော်မရှင်ရဲ့ အစီရင်ခံစာကိုလည်း သုံးသပ်ကာ ထိုအဖွဲ့ စုံညီအစည်းအဝေးကို ဇန်နဝါရီ ၁၁ရက်ကနေ ၁၃ရက်နေ့အထိ ကျင်းပဖို့ သတ်မှတ်ခဲ့ပါတယ်။

သစ္စာဖောက် ပါတီဝင်များနဲ့ ကိုယ်ကျိုးရှာပြီး ဂိုဏ်းဖွဲ့တဲ့ အပြုအမူတွေကိုလည်း ပြင်းထန်စွာ အရေးယူဖို့ ပါတီခေါင်းဆောင်တွေက ကတိပြုပါတယ်။

နိုင်ငံရေး ဦးဆောင်အဖွဲ့ဝင်များအနေနဲ့  မိမိကိုယ်မိမိ စည်းကမ်းထိန်းသိမ်းရာမှာ စံနမူနာပြကြရန်၊ နိုးနိုး ကြားကြားရှိရန် ပြည်တွင်းပြည်ပ အနှောက်အယှက်နှင့် အန္တရာယ်များကို သတိထားရန် ဝါရင့် ခေါင်းဆောင်များအနေနဲ့ အခက်အခဲဆုံး ပြဿနာများကို ဖြေရှင်းရာတွင် ဦးဆောင်ရန် သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်းထားပါတယ်။

Loading