အနည်ဆုံးအခကြေးငွေသတ်မှတ်ရေးအတွက် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များကိုလည်း ဇန်နဝါရီလတွင် ဖိတ်ခေါ် ဆွေးနွေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။
“အလုပ်ရှင်၊ အလုပ်သမားသာမက လာရောက်ပြီးတော့ ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတကာ လုပ်ငန်းရှင်တွေ ကိုလည်း ဆွေးနွေးပြီးတော့မှ ဘယ်လို လုပ်ခလစာတိုးပေးမလဲ ဆိုတာလည်း ကောင်းတဲ့ကိစ္စဖြစ်တဲ့အတွက် ဝန်ကြီးဌာန အနေနဲ့ သီးသန့်တွေ့ဖို့ စီစဉ်နေပါတယ်။ လက်ရှိက ဒီဇင်ဘာရုံးပိတ်ရက်ဖြစ်တဲ့အတွက် နှစ်သစ်ကူးပြီးမှ လုပ်ဖြစ်မယ် ”ဟု ဝန်ကြီးက ပြောသည်။
အနည်းဆုံး အခကြေးငွေသတ်မှတ်ရာတွင် လုပ်ငန်းရှင်များနှင့် အလုပ်သမားများ အကြား နှုန်းထား ကွာဟနေမှု အခြေအနေတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လက်ခစားနှုန်းထားကို တိုးမြှင့်ပေးခြင်းဖြင့် လုပ်ငန်းရှင်ရော၊ အလုပ်သမားပါ ပြေလည်နိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်က ရှင်းပြသည်။
ဦးမောင်မောင်က “ကျနော်တို့က Buyer တွေ လာပြီးဝယ်တဲ့သူတွေ၊ အပ်တဲ့သူတွေ၊ နာမည်ကြီး Brand တွေ ဥပမာ channel , Best Seller, Adidas အဲဒီလူတွေကို အလုပ်ရှင် အလုပ်သမားတွေအနေနဲ့ ဆွေးနွေး သင့်တယ်။ ပြီးခဲ့တုန်းကလည်း ကျောပိုးအိတ်တခု ၁၅ ကျပ်ပဲပေးတယ်။ အခုလည်း ၁၅ ကျပ်ပဲ ပေးတယ်ဆိုတော့ မင်းတို့ရော တိုးမပေးသင့်ဘူးလားလု့ိ ဆွေးနွေးသင့်တယ် ”ဟု ပြောသည်။
ယင်းသို့ လက်ခစားနှုန်းထား တိုးမြှင့်သော်လည်း လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံအနေဖြင့် လုပ်ခလစာမှာ နိုင်ငံတကာတွင် အနည်းဆုံးဖြစ်ပြီး လုပ်ငန်းခွင် လုံခြုံစိတ်ချရမှု ရှိသည့် နိုင်ငံဖြစ်သဖြင့် ရင်းနှီးမြှုပ်နှံမှု လျော့ ကျနိုင်စရာမရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် အမြတ်ငွေနည်းသဖြင့် လုပ်ခလစာ တိုးပေးနိုင်ခြင်း မရှိလျှင် နိုင်ငံတကာမှ ရင်းနှီး မြှုပ်နှံသူများနှင့် ဆွေးနွေးပြီး လက်ခစားနှုန်းထားတိုးမြှင့်ရရှိရန် ဆောင်ရွက်သင့်ကြောင်း ၎င်းက အကြံပြုသည်။
အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီမှ အနည်းဆုံးအခကြေးကို ၄၀၀၀ နှင့် ၄၈၀၀ ကျပ်ကြားသတ်မှတ်ရန် လျာထား အဆိုပြုထားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (CTUM) မှ ၆၆၀၀ ကျပ်နှင့် အခြား အလုပ်သမား အဖွဲ့အစည်းများက ၅၆၀၀ ကျပ် သတ်မှတ်ရန် အဆိုပြုထားသည်။
လုပ်ငန်းရှင်များအနေဖြင့်မူ လက်ရှိအခြေအနေတွင် ရရှိသည့် အကျိုးအမြတ်အရ လုပ်ခလစာကို ကျပ် ၄၀၀၀ ထက်ပိုပြီး ပေးနိုင်စွမ်းမရှိဘဲ နိုင်ငံခြားသားလုပ်ငန်းရှင်များကို ခေါ်ယူဆွေးနွေးပါကလည်း ပြောင်းလဲမည် မဟုတ်ကြောင်း လှိုင်သာယာအခြေခံအထည်ချုပ်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဒေါက်တာခင်မောင်အေးက ပြောသည်။
“ကျနော်တို့ရတဲ့ ပိုက်ဆံနဲ့ ကျနော်တို့ ပြန်ပေးရတာ ဝင်ငွေက ၁၀၀၀ လောက်ပဲရှိတာကို ၁၁၀၀ လောက် ပေးချင်လို့မရဘူး။ ကိုယ်ဝင်တဲ့ ဝင်ငွေထက် ပိုပေးနိုင်မှာမဟုတ်ဘူး။ နိုင်ငံခြားသားလုပ်ငန်းရှင်တွေ ခေါ်ပြီး ဆွေးနွေးလည်း တူတူပဲ။ သူတို့လည်း ဒီထက်ပိုမပေးနိုင်ဘူး”ဟု ၎င်းက ဆိုသည်။
အလုပ်ရှင်များနှင့် အလုပ်သမားများအကြား အငြင်းပွားနေသည့် အနည်းဆုံး လုပ်အားခကြေးငွေ ပြင်ဆင် သတ်မှတ်ရေး နောက်ဆုံးအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ချက်ထရီယမ် ဟိုတယ်တွင် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။
အနည်းဆုံး လုပ်ခလစာ နှုန်းထားကို ၂၀၁၅ စက်တင်ဘာ ၁ ရက်တွင် ပထမဦးဆုံး အကြိမ်အဖြစ် သတ်မှတ် နိုင်ခဲ့ပြီး နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ ၁ နာရီလျှင် ၄၅၀ ကျပ်နှုန်း၊ ၁ ရက်လျှင် အလုပ်ချိန် ၈ နာရီအတွက် ကျပ် ၃၆၀၀ နှုန်း သတ်မှတ် ထုတ်ပြန်ခဲ့သည်။
၂၀၁၃ ခုနစ်၊ အနည်းဆုံး အခကြေးငွေ ဥပဒေ ကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၃ ခုနစ်၊ မတ်လ ၂၂ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေအရ အနည်းဆုံးအခကြေးငွေနှုန်းထားများကို နှစ်နှစ်လျှင် တကြိမ်နှုန်း ဖြင့် ပြောင်းလဲသတ်မှတ်ရမည်ဖြစ်သော်လည်း ၂ နှစ်ကျော် ကြာမြင့်နေသည့်တိုင် နှုန်းထားတရပ်ကို ထုတ်ပြန်နိုင်ခြင်းမရှိသေးပါ။