သတင်း

စည်ပင်ဝန်ကြီး ကိစ္စ ရခိုင် လွှတ်တော်အရေးပေါ် အစည်းအဝေးခေါ်ယူမည်

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတော်နှင့် အများပြည်သူအကျိုးစီးပွားကို ထိခိုက်နစ်နာဆုံးရှုံးမှုများ ရှိနေသည်ဟုဆိုကာ တိုင်ကြား ခံထားရသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးမင်းအောင်ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေး တရပ် ခေါ်ယူမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

အဆိုပါ လွှတ်တော်အရေးပေါ် အစည်းအဝေးကို လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များထံသို့ ယခုနှစ် ဒီဇင်ဘာလ ၂၇ ရက်စွဲဖြင့် လွှတ်တော်အရေးပေါ် ခေါ်ယူသည့် အကြောင်းကြားစာပေးပို့ ထားကြောင်း ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

ဦးစံကျော်လှက “ လွှတ်တော်အရေးပေါ် အစည်းအဝေး ခေါ်ယူရတဲ့ အကြောင်းကတော့ ဦးမင်းအောင်ကိစ္စအတွက် ဖြစ်ပါတယ်။ သူ့အပေါ် စွပ်စွဲထားတဲ့ အချက်တွေကို စုံစမ်း စစ်ဆေးရေးအဖွဲ့က စစ်ဆေးတဲ့အခါ စွပ်စွဲချက် မြောက် ကြောင်းကို တင်ပြလာတယ်။ ဥပဒေနဲ့ အညီ အရေးပေါ် အစည်းအဝေး ခေါ်ယူပြီးတော့ လွှတ်တော်မှာ ချပြမယ်။ မဲခွဲ ဆုံးဖြတ်မယ်ပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းလွှတ်တော်အရေးပေါ် အစည်းအဝေးကျင်းပရန်အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ထက် မစော ၊ ၂၉ ရက်နေ့ထက် နောက်မကျစေပဲ ရခိုင်ပြည်နယ် လွှတ်တော်ရုံးသို့ အကြောင်းကြား ရမည် ဖြစ်ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက စစ်တွေ ၊ ကျောက်တော်၊ ရမ်းဗြဲ၊ တောင်ကုတ် နှင့် ဂွ စသည့်မြို့နယ်များတွင် ဈေးသစ် ၅ ခုအား ဆောက် လုပ် ရန် လွှတ်တော်သို့ အသိပေးခြင်း မရှိဘဲ တင်ဒါခေါ်ယူပြီး ကုမ္ပဏီများအား ပေးသည်ဆိုသည့် ကိစ္စ၊ မင်းပြားမြို့နယ်အတွင်းက ကူးတို့ ကိစ္စ ၊ စစ်တွေမြို့နယ်အတွင်းရှိ ပါဒလိတ် ကူးတို့ အရှုပ်အထွေးကိစ္စရပ်များ စသည့် ကိစ္စရပ်များ စသည်တို့နှင့် ပတ်သက်၍ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

လွှတ်တော်စုံစမ်း စစ်ဆေးရေး အဖွဲ့အနေဖြင့် ဦးမင်းအောင်အား စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ခေါ်ယူစစ်ဆေးခဲ့ရာတွင် ၎င်းအနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကိုချိုးဖောက်မှုမရှိကြောင်း တခုသာ ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို မေးမြန်းရန် ဖုန်းခေါ်ဆိုခဲ့သော်လည်း ဖြေကြားခြင်းမရှိခဲ့ပါ။

Did you find apk for android? You can find new Free Android Games and apps.
Loading