ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံ အခြေစိုက် ရိုက်တာ (Reuters) သတင်းဌာနမှ သတင်းသမားနှစ်ဦးအား အမြန်ဆုံးပြန်လွှတ်ပေးရေး ပူလစ်ဇာဆုရှင် ၅၀ ဦးက လက်မှတ် ရေးထိုးကာ မြန်မာအစိုးရထံ တောင်းဆိုလိုက်သည်။
ရိုက်တာ၊ နယူးယောက်တိုင်း၊ အေပီ စသည့် နိုင်ငံတကာသတင်းဌာနများမှ ပူလစ်ဇာဆုရှင် ၅၀ ဦး၏ ဒီဇင်ဘာ ၂၇ ရက်နေ့ ထုတ်ပြန် တောင်းဆိုချက်တွင် သတင်းသမား နှစ်ဦးအနေဖြင့် ၎င်းတို့အလုပ်ကို လုပ်ဆောင်ခြင်းသာဖြစ်ပြီး စွဲဆိုထားသည့် အမှုများအား အမြန်ဆုံးပြန်လည် ရုတ်သိမ်းပေးရန် ပြောဆိုထားသည်။
ပူလစ်ဇာဆုရှင်များက “၎င်းတို့နှစ်ဦးကို ဖမ်းဆီးမှုသည် မီဒီယာလွတ်လပ်ခွင့်အား လက်ခံနိုင်ဖွယ်မရှိသော တိုက်ခိုက်မှုပင် ဖြစ်သည်”ဟု ဆိုသည်။
ရိုက်တာသတင်းထောက် ကိုသက်ဦးမောင်(ခ) ဝလုံးနှင့် ကိုကျော်စိုးဦး(ခ)မိုးအောင်တို့သည် ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်မှုများနှင့် ပတ်သက်သည့် အစီအရင်ခံစာများ လက်ဝယ်တွေ့ရှိသည်ဟု ဆိုကာ ထောက်ကြန့် နယ်မြေ ရဲစခန်းတွင် ဒီဇင်ဘာ ၁၂ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့အနေဖြင့် သတင်းသမားနှစ်ဦးအား ဖမ်းဆီးချိန်မှစတင်၍ အောင်သပြေစစ်ကြောရေးစခန်းတွင် ၁၄ ရက် ကြာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့သည့်အပြင် မိသားစု၊ ရှေ့နေများနှင့် တွေ့ဆုံခွင့်မပေးခဲ့ဘဲ ဒီဇင်ဘာ ၂၇ ရက် နေ့တွင် မင်္ဂလာဒုံမြို့နယ်တရားရုံး၌ ရုံးထုတ်ချုပ်ရမန် ထပ်ယူသည့်အချိန်မှသာ မိသားစုအနေဖြင့် တွေ့ဆုံခွင့် ရရှိခဲ့သည်။
ယမန်နေ့ မင်္ဂလာဒုံမြို့နယ်တရားရုံးထုတ်တွင် သတင်းထောက်နှစ်ဦးအား အမှုနှင့်ပတ်သက်၍ တရားသူကြီးမှ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ခြင်းမရှိခဲ့ဘဲ ရုံးချိန်းအား ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့တွင် မြောက်ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်စစ်ဆေးရန်သာ ထပ်မံချိန်းဆိုခဲ့ပြီး ၎င်းတို့နှစ်ဦးအား အင်းစိန်အကျဉ်းထောင်အချုပ်သို့ ပို့ဆောင်ခဲ့သည်။
ရိုက်တာသတင်းထောက်နှစ်ဦးအား ဖမ်းဆီးမှုတွင် နိုင်ငံတော်သမ္မတရုံးမှ ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သမ္မတ ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ထုတ်ဖော်ပြောကြားခဲ့ပြီး သတင်းသမားနှစ်ဦးအနေဖြင့် အရေးကြီးလုံခြုံရေး စာရွက်စာတမ်းအထောက်အထားများအား ပြည်ပသတင်းဌာနများသို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမဝင်သတင်းရယူ ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။
အစိုးရသစ်လက်ထက်တွင် သတင်းသမားများအား ဖမ်းဆီးတရားစွဲဆိုထားမှုအပေါ် အမှုများပြန်လည် ရုတ်သိမ်းပေးရေးနှင့် သတင်းလွတ်လပ်ခွင့် ရရှိရေးတို့အတွက် မြေလတ်သတင်းသမားများအဖွဲ့နှင့် မြန်မာသတင်းသမားများ ကာကွယ်ရေး ကော်မတီ(PCMJ) တို့ပူးပေါင်းကာ ဒီဇင်ဘာ ၂၇ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် စုရုံးတောင်းဆိုခဲ့ကြသည်။
ဖမ်းဆီးခံရသည့် သတင်းထောက်နှစ်ဦးနှင့်အတူ ပူးပေါင်းပါဝင်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အနေဖြင့် ပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။
ရိုက်တာသတင်းထောက်နှစ်ဦးအား အစိုးရမှ စွဲဆိုထားသည့် မြန်မာနိုင်ငံတော်အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃ အရ ထောင်ဒဏ် ၁၄ နှစ်အထိ ကျခံရနိုင်သည့်အတွက် အမှုအားရုတ်သိမ်းပေးရန် အမေရိကန်၊ ဗြိတိန်စ သည့် နိုင်ငံများမှ အစိုးရအား တိုက်တွန်းမှုများပြုလုပ်ထားသည်။
ပူလစ်ဇာဆုသည် နှစ်စဉ် ကမ္ဘာ့တဝှမ်းမှ အဖြစ်အပျက်များအား အကောင်းဆုံးဖော်ထုတ်ရေးသားနိုင်ခဲ့ကြသည့် သတင်းသမားများအား ပေးအပ်သည့် ဆုတခုဖြစ်ပြီး သတင်းသမားများအပေါ် ပေးအပ်သည့် အမြင့်ဆုံးဆုလည်း ဖြစ်သည်။