သတင်း

နာဂ အဖွဲ့နှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် တွေ့ဆုံ ဆွေးနွေး

Want create site? Find Free WordPress Themes and plugins.

နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ (NSCN-K) လှုပ်ရှားသည့် ဒေသအတွင်း နယ်မြေ တည်ငြိမ် အေးချမ်းရေး ခိုင်မာ စေရန် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် NSCN-K၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီတို့ ယနေ့ ရန်ကုန် မြို့ ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်ဟု သတင်း ရရှိသည်။

PC နှင့် NSCN-K ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ တို့သည် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ၌ ယနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ တွေ့ဆုံ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

NSCN-K ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ ပြောရေး ဆိုခွင့်ရှိသူ ဦးကျော်ဝမ်းစိန်က “အခု လာရောက် တွေ့ဆုံ ခြင်း က ဒီနယ်မြေ ဒေသက ပုံမှန် Peace ဖြစ်နေရမယ်။ ဆိုတော့ ကော်မရှင်ကနေလည်း အမြဲတမ်း စောင့်ရှောက် ပေးပါ။ ကျနော် တို့ NSCN-K ဘက်ကနေလည်း အမြဲတမ်း စောင့်ရှောက်မယ် ဆိုပြီး အဲ့ဒီလိုမျိုး ပုံစံနဲ့ ဒီခေါင်းစဉ် တခုရဲ့ အောက် မှာ ပဲ ကျနော်တို့ ဆွေးနွေးကြတယ်”ဟု ပြောသည်။

PC နှင့် တွေ့ဆုံရန် NSCN-K ဘက်မှ စတင် ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်ဟုလည်း ဦးကျော်ဝမ်းစိန်က ဆိုသည်။

“ကျနော်တု့ိ ဘက်ကနေ စဆက်သွယ်တဲ့ အကြောင်းရင်းက ဒေသလည်း ဆက်လက်ပြီး တည်ငြိမ်အေးချမ်း ချင်တယ်။ အဓိကက တည်ငြိမ် အေးချမ်းချင်တယ်။ လူဆိုတာ တဖွဲ့နဲ့ တဖွဲ့ အမြဲဆက်ဆံမှု ရှိမှ ပိုပြီးတော့ ယုံကြည်စိတ်ချမှု ရှိမယ်။ အဲ့ဒီလို သဘောနဲ့ ချိတ်ဆက် တွေ့ဆုံခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

PC နှင့် NSCN-K တို့ကြား အဓိက အကြောင်းအရာ အဖြစ် ဆွေးနွေးခဲ့သည့် ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ပတ်သက်၍ မေးမြန်းရာ ဦးကျော်ဝမ်းစိန်က အသေးစိတ် ပြောဆိုခြင်း မရှိပါ။

PC အဖွဲ့ဝင် ဦးအောင်စိုးကလည်း “မတွေ့တာလည်း ကြာလို့ ဒီနေ့ ဆုံကြပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာလည်း ပါဖို့ ကျနော် တို့ ပြောကြပါတယ်။ အခြားကိစ္စကတော့ ဒေသဖွံ့ဖြိုးရေး ကိစ္စရယ် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ပေးဖို့ ရယ် အဓိက ပြောပါတယ်”ဟု ပြောသည်။

နာဂဒေသ တည်ငြိမ် အေးချမ်းရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုများလည်း ရှိပြီး ဖွံ့ဖြိုးမှု နောက်ကျနေသည့် နာဂ ဒေသ၏ မြေပြင် အခြေအနေများ ပြောဆိုကြောင်း ဦးအောင်စိုးက ဆိုသည်။

ဆက်လက်၍ ဦးအောင်စိုးက “နိုင်ငံ တည်ငြိမ်အေးချမ်းရေး အတွက် စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ နဲ့ရော ပြည်ထောင်စု အစိုးရ နဲ့ ရော NCA လမ်းကြောင်းပေါ်မှာ သွားဖို့ ကျနော်တို့ လုပ်တယ်။ ညှိနှိုင်းကြပါတယ်။ သီးသန့် သူတို့တောင်းဆိုတာ မရှိပါ ဘူး။ ကျနော်တို့က ငြိမ်းချမ်းရေး ညီလာခံတက်ဖို့ ဖိတ်ခေါ်ပါတယ်။ သူတို့က လက်ခံပါတယ်” ဟု ပြောဆိုသည်။

အစိုးရနှင့် NSCN-K သည် ၂၀၁၂ ခုနှစ်တွင် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု စာချုပ်ကို လက်မှတ် ထိုးထားပြီးနောက် တပ်မတော်နှင့် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားမှု မရှိပါ။

NSCN-K သည် စစ်ကိုင်းတိုင်း ဒေသကြီးရှိ လေရှီး၊ ခန္တီး၊ လဟယ်နှင့် နန်းယွန်း ဒေသများတွင် လှုပ်ရှားကြောင်း သိရသည်။

ယခင် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) တွင် ပါဝင်ဆွေးနွေးပြီး လက်မှတ် ထိုးရန် ဖိတ်ခေါ်သော်လည်း NSCN-K အဖွဲ့က လေ့လာသူ အဖြစ်သာ တက်ရောက်ပြီး NCA ထိုးရန်လည်း ငြင်းဆိုထားသည်။

NSCN-K ကို ဦးဆောင်ခဲ့သူ ဦး SS ကပ်ပလန်က NSCN-K အဖွဲ့၏ နိုင်ငံရေး ရည်မှန်းချက်သည် ကိုလိုနီ အစိုးရ က လွတ်လပ် ရေး ပေးစဉ် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နယ်နိမိတ်ထဲတွင် နှစ်ခြမ်းဖြစ်သွားသည့် နာဂလူမျိုးများ တစုတစည်း တည်း ပြန်လည် ပေါင်းစည်းရန်၊ အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ်များနှင့် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ နာဂ လူမျိုးများ ပေါင်းစည်းပြီး နာဂ ကွန်ဖက်ဒရေးရှင်း ပြည်ထောင်စုတခု ပြန်လည် ထူထောင်ရန် ဖြစ်သည်ဟု ကြွေးကြော် ထား သည်။

အိန္ဒိယ- မြန်မာ နယ်စပ် တလျှောက်တွင် နာဂလူမျိုးများ အရေး အတွက် လှုပ်ရှားနေကြသည့် နာဂ လက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့ခန့် ရှိပြီး တဖွဲ့နှင့် တဖွဲ့ကြား မူဝါဒများ၊ ရပ်တည်ချက်များ အနည်းငယ် ကွဲလွဲကြ သည်။

NSCN-K သည် မြန်မာ အစိုးရနှင့် ငြိမ်းချမ်းရေး၊ နယ်မြေဒေသ အရေးများ ဆွေးနွေးနေသော်လည်း တဖက်တွင် အိန္ဒိယ အစိုးရက ၎င်းတို့ကို တော်လှန်ပုန်ကန်နေသည့် အဖွဲ့တခုဟု ယူဆထားပြီး အိန္ဒိယ တပ်မတော် နှင့် လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားမှုများ ရှိသည်။

၂၀၁၇ ခုနှစ် ဇွန်လတွင် ဦး SS ကပ်ပလန် ကွယ်လွန်သွားပြီး နောက်တွင် နိုင်ငံရေး အယူအဆများ ပြောင်းလဲခြင်း ရှိမရှိ နိုင်ငံရေး အသိုင်းအဝိုင်းတွင် မေးခွန်းထုတ်မှုများ ရှိနေသဖြင့် ဧရာဝတီက မေးမြန်းကြည့်ရာ ဦးကျော်ဝမ်းစိန်က ၎င်းတို့ အဖွဲ့အစည်း အနေဖြင့် ထိုရည်မှန်းချက်ကို ဆက်လက် ဆုပ်ကိုင်ထားဆဲ ဖြစ်ကြောင်း၊ မြန်မာ အစိုးရကိုလည်း နာဂ လူမျိုး တို့၏ လိုအပ်ချက်နှင့် နိုင်ငံရေး အခြေအနေများကို အကြိမ်ကြိမ် ရှင်းပြထားပြီး ဖြစ်သဖြင့် NCA လက်မှတ် မထိုးနိုင်သည်ကို အစိုးရဘက်မှ နားလည်လိမ့်မည်ဟု ယူဆထားကြောင်း ပြောဆိုသည်။

PC နှင့် NSCN-K တွေ့ဆုံ ဆွေးနွေးပွဲတွင် PC ဘက်မှ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒုဥက္ကဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ အကြံပေးနှင့် အထောက်အကူပြု အဖွဲ့ဝင်များ ပါဝင်ပြီး NSCN-K ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီဘက်မှ ဥက္ကဌ ဦးအမ်ကန့်၊ ဗဟိုကောင်စီဝင် ဦးကျော်ဝမ်းစိန်နှင့် ရုံးအဖွဲ့ဝင်များ တတ်ရောက် ခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading