သတင်း

အစိုးရသစ် လက်ထက် ပြည်ပ ရင်းနှီးမြှုပ်နှံမှု ပို့ဆောင် ဆက်သွယ်ရေး ကဏ္ဍ အများဆုံးဖြစ်ဟု ဆို

Want create site? Find Free WordPress Themes and plugins.

အစိုးရသစ် လက်ထက်၌ ပို့ဆောင် ဆက်သွယ်ရေး ကဏ္ဍတွင် ပြည်ပ ရင်းနှီးမြှုပ်နှံမှု အများဆုံး ဝင်ရောက်ကြောင်း စီမံကိန်း နှင့် ဘဏ္ဍာရေး လက်အောက်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (ရန်ကုန်)မှ သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဒု ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော်က “အရင် အစိုးရ အဆက်ဆက်က စွမ်းအင်တို့၊ လျှပ်စစ်မှာ ရင်းနှီးမြှုပ်နှံတာ များတယ်။ ဒီအစိုးရ လက်ထက် ကျတော့ ပို့ဆောင် ဆက်သွယ်ရေး ကဏ္ဍက ဝင်တာများတယ်”ဟု ပြောသည်။

ဆက်လက်၍ ၎င်းက “ပို့ဆောင် ဆက်သွယ်ရေးမှာ ဝင်တာက ကျနော်တို့ အော်ပရေတာတွေ ဖြစ်တယ်။ အဓိကတော့ ရန်ကုန် လေဆိပ် တိုးချဲ့တာတွေမှာ ဝင်လာတာတွေရှိတယ်။ နောက်ပြီး အူရီဒူး၊ MPT၊ တယ်လီနော စတဲ့ ဆက်သွယ် ရေး ကဏ္ဍတွေမှာ အရင်ရှိပြီးသားထက် ရင်းနှီးမြှုပ်နှံမှု တိုးလာတာတွေ ရှိတယ်။ တိုးမြှင့် ပမာဏတွေ ဖြစ်တယ်”ဟု ပြောဆိုသည်။

ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နိုဝင်ဘာလအထိ ပို့ဆောင် ဆက်သွယ်ရေး ကဏ္ဍတွင် အမေရိကန် ဒေါ်လာ ၆၃၂ ဒသမ ၅၉၉ သန်း ရရှိခဲ့ကြောင်း သိရသည်။

ယင်းအပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရင်းနှီးမြှုုပ်နှံမှု ပြုလုပ်သော လုပ်ငန်းရှင်များသို့ ပိုမို အကာအကွယ် ပေး သောကြောင့် ဝင်ရောက်လာခြင်း ဖြစ်ပြီး ထူးခြားချက် အနေနှင့် ယခုအစိုးရ လက်ထက်တွင် စွမ်းအင်၊ လျှပ်စစ် ကဏ္ဍ တို့ထက် ပို့ဆောင် ဆက်သွယ်ရေး ကဏ္ဍတွင် ပို၍ ရင်းနှီးမြှုပ်နှံမှု များလာခြင်း ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စာရင်းဇယား၊ ကိန်းဂဏန်း အချက်အလက် ဆိုင်ရာကိစ္စများ ဌာနမှ ညွှန်ကြားရေးမှူး က“ဒီပို့ဆောင် ဆက်သွယ်ရေးမှာက နိုင်ငံသားထက် နိုင်ငံခြားသားက ရင်းနှီးမြှုပ်နှံမှု ပိုများတယ်။ အရင် ရှိထားတဲ့ ရင်းနှီးမြှုပ်နှံမှုကို ထပ်တိုးပြီး ဒီနှစ်မှာ ရင်းနှီးမြှုုပ်နှံလာတာ ဖြစ်တယ်။ ဒါပေမယ့် နိုင်ငံခြားသားက ဘယ်လောက် နိုင်ငံသားက ဘယ်လောက်ဆိုတာတော့ ခွဲဖို့ခက်တယ်”ဟု ဧရာဝတီသို့ ပြောသည်။

ပို့ဆောင် ဆက်သွယ်ရေး ကဏ္ဍအပြင် စက်မှုကဏ္ဍ၊ ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍ၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍတို့တွင် လည်း ယခင်၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် ရင်းနှီးမြှုပ်နှံမှု ပို၍ ဝင်ရောက်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန စာရင်းများတွင် ဖော်ပြထားသည်။

အိမ်ရာ အဆောက်အအုံ တည်ဆောက်ဖွံ့ဖြိုးမှု ကဏ္ဍ၊ အခြား ဝန်ဆောင်မှုကဏ္ဍ၊ လျှပ်စစ်စွမ်းအား ကဏ္ဍ၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးကဏ္ဍ၊ လယ်ယာကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွား ကဏ္ဍ၊ စက်မှုဇုန် တည်ဆောက်ရေး ကဏ္ဍနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ တို့တွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

သို့သော် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊ သတ္တုနှင့် ဆောက်လုပ်ရေးကဏ္ဍတို့တွင် ဝင်ရောက်ရင်နှီးမြှုပ်နှံခဲ့ခြင်း မရှိပေ။

၂၀၁၆ မှ ၂၀၂၀ အထိ နှစ်များတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နှစ်စဉ် ဒေါ်လာ ၆ ဘီလီယံ ဝင်ရောက်ရန်နှင့် ၂၀၂၁ မှ ၂၀၂၅ နှစ်များတွင် နှစ်စဉ် ဒေါ်လာ ၈ ဘီလီယံ ဝင်ရောက်ရန် မျှော်မှန်းထားကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading