သတင်း

တပ်ဖွဲ့ဝင်များ သတ်ဖြတ်ခံရပြီးနောက် NCA ထိုးရန် ယုံကြည်မှု ကျဆင်းနေဟု KNPP ပြော

အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရန် ယုံကြည်မှု ကျဆင်းနေကြောင်း ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) က ပြောသည်။

KNPP သည် NCA ထိုးနိုင်ရေး ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစုမှ တဆင့် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် (PC) နှင့် ဆွေးနွေးနေသည့် အဖွဲ့ဖြစ်ပြီး ထိုသို့ ဆွေးနွေးနေသည့် ကာလအတွင်း ၎င်းတို့၏ တပ်ဖွဲ့ဝင်များအား တပ်မတော်က သတ်ဖြတ်မှုများ ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ ပြောဆိုလာခြင်း ဖြစ်သည်။

KNPP အထွေထွေအတွင်းရေးမှူး ဦးရွှေမျိုးသန့် က “ကျနော်တို့ အဖွဲ့ထဲမှာလည်း ဆွေးနွေးကြပါတယ်။ ဒါပေမယ့် NCA ထိုးချင်လောက်အောင် ဘာမှ မတွေ့ရဘူး။ မတွေ့ရတော့ ကျနော်တို့ ယုံကြည်မှု မရှိဘူးဖြစ်နေတာပေါ့။ အဲ့လို ဖြစ်နေတယ်။ မထိုးဘူးဆိုတာကို ထိုးချင်အောင် လုပ်ပေးရမယ့်အပြင် ပြောင်းပြန် အပျက်ပုံစံတွေ လုပ်နေတယ်။ ဒီတော့ ကျနော်တို့ ရဲဘော်တွေကို ပြောရ ဆိုရ ဝေးသွားတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပါလောင်းကျေးရွာနှင့် ဒေါတခြား ကျေးရွာ အကြား ၇ မိုင်ရှိ KNPP ၏ ယာယီစစ်ဆေးရေးဂိတ် တခုကို ဒီဇင်ဘာ ၂၀ ရက်နေ့က လွိုင်ကော် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) လက်အောက်ခံတပ်က ဝင်ရောက်စီးနင်းပြီး တာဝန် ထမ်းဆောင်နေသော KNPP တပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား ၁ ဦး ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ဟု ဆိုသည်။

ထိုဖြစ်စဉ်သည် KNPP တပ်အတွင်း ရဲဘော်များအကြား ရိုက်ခတ်မှု ရှိနေပြီး NCA လက်မှတ်ထိုးရေး စည်းရုံး တိုက်တွန်းရန် လတ်တလော အခြေအနေတွင် ခက်ခဲနေသည်ဟု ဆိုသည်။

“အခု လောလောဆယ်တော့ သိပ် အဆင်မပြေလောက်ဘူး ထင်တယ်။ ရဲဘော်တွေလည်း ခံစားချက် သိပ်မကောင်းဘူး ဖြစ်နေတယ်” ဟု ဦးရွှေမျိုးသန့် က ပြောသည်။

ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) က အဆိုပါ ဖြစ်စဉ်တွင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်သည့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းသာ ဖြစ်ပြီး KNPP တပ်ဖွဲ့ဝင်များကို ဖမ်းဆီးခေါ်ဆောင်ခြင်း ဥပဒေမဲ့ လူမဆန်စွာ ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှု ပြုလုပ်ခြင်း မရှိကြောင်း ကြေညာချက် ထုတ်ပြန်ထားသည်။

UNFC က ယင်းဖြစ်ရပ်သည် လက်ရှိ ဖော်ဆောင်နေသော ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းကို နှောင့်နှေး စေနိုင်ပြီး၊ နှစ်ဖက် တွေ့ဆုံ ဆွေးနွေးရေးမှ တဆင့် ရရှိထားသော ယုံကြည်မှုကိုလည်း ထိခိုက် စေနိုင်ပါကြောင်း၊ ထို့အတွက် ကြောင့် ပွင့်လင်းမြင်သာမှုရှိသော စုံစမ်း စစ်ဆေးရေးနှင့် တရားမျှတမှု ပေါ်ပေါက် ရေးတို့အတွက် အစိုးရတပ်မတော်က အမြန်ဆုံး ဖော်ဆောင်ပေးရန် ဒီဇင်ဘာ ၂၆ ရက်တွင် ထုတ်ပြန် တောင်းဆိုခဲ့သည်။

KNPP သည် မွန်ပြည်သစ်ပါတီ(NMSP) ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ရခိုင်ပြည် အမျိုးသား ကောင်စီ(ANC)တို့ ပါဝင်သော UNFC အဖွဲ့ဝင် ဖြစ်ပြီး NCA လက်မှတ်ထိုးနိုင်ရေး အစိုးရနှင့် ဆွေးနွေးလျက်ရှိ သည်။

လက်ရှိတွင် UNFC က အဆိုပြုထားသော အချက် ၈ ချက်မှာ သဘောတူညီမှု အားလုံး မရသေးပဲ နံပါတ် ၂ အချက်က တစ်ဆို့နေခြင်းကြောင့် NCA လက်မှတ်ထိုးရေး မသွားနိုင်သေးဘဲ ဖြစ်နေစဉ် ဒီဇင်ဘာ ၂၀ ရက်က KNPP တပ်ဖွဲ့ဝင်များ သတ်ဖြတ်ခံမှု ဖြစ်ပွားခဲ့သည်။

သို့သော် UNFC အဖွဲ့ဝင် NMSP ကမူ NCA လက်မှတ်ထိုးရန် ဆုံးဖြတ်ထားကြောင်း၊ KNPP ကို ပါဝင်စေလိုကြောင်း သိရသည်။

KNPP သည် ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ တပ်မတော်အစိုးရနှင့် ၁၉၉၅ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးခဲ့သော်လည်း ၃ လ အကြာတွင် တိုက်ပွဲများပြန်ဖြစ်ကာ သဘောတူညီချက် ပျက်ပြားသွားခဲ့သည်။

သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ဆွေးနွေးမှုများ ပြန်လည် စတင်ခဲ့ပြီး လက်ရှိ NLD နှင့်လည်း ညှိနှိုင်းနေဆဲ အခြေအနေမှာပင်ရှိနေသည်။

Loading