သတင်း

ရခိုင်ပြည်နယ်ရှိ ကိုယ်ဝန်ဆောင်နှင့် ကလေးငယ် ၂၄၀၀၀ ခန့် အစိုးရ ထောက်ပံ့မှုပေးမည်

ရခိုင်ပြည်နယ်ရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် နှစ်နှစ်အောက် ကလေးငယ် ၂၄၀၀၀ ဝန်းကျင်ကို အစိုးရမှ လစဉ်ထောက်ပံ့မှုများ ၂၀၁၈ ဇန်နဝါရီလဆန်းပိုင်းတွင် စတင်တော့မည် ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။

လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က “အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ စခဲ့တာကတော့ ဘဏ္ဍာရေးနှစ်အစကတည်းက စခဲ့တာပဲ။ ဒါပေမယ့် ကျနော်တို့က အကြောင်းအမျိုးမျိုးကြောင့် အစီအစဉ် အကောင်အထည်ဖော်မှုက ရွှေ့လာတာပေါ့။ ဒါနဲ့ ဇန်နဝါရီလ စတုတ္ထအပတ်မှာ ငွေကြေးပေးတဲ့ လုပ်ငန်းကို စမယ်။ ဒါက ပထမဦးဆုံး အကြိမ်ပေးတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။

လစဉ်ထောက်ပံ့ငွေ ကျပ် ၁၅၀၀၀ နှုန်းဖြင့် စတင်မည်ဖြစ်ပြီး ဧပြီလမှစတင်၍လည်း ကျန်းမာရေးနှင့် အာဟာရဆိုင်ရာ အသိပညာ ပေးသည့် လုပ်ငန်းများလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ဦးကျော်လင်းထင်က ဆိုသည်။

အဆိုပါအစီအစဉ်တွင် ၂၀၁၇ ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ကိုယ်ဝန်ဆောင်သူနှင့် ဇူလိုင်လ ၁ ရက်နေ့တွင် စတင် မွေးဖွားသူများ အကျုံးဝင်ပြီး ကလေးငယ် နှစ်နှစ်ပြည့်သည် အထိ ထောက်ပ့ံ့မှုများ ပြုလုပ်သွားမည် ဖြစ်သည်။

ကလေးသူငယ်များအနေဖြင့် ဘဝတသက်တာ ဖွံ့ဖြိုးမှု၏ အရေးကြီးဆုံးကာလ ဖြစ်သော ရက် ၁၀၀၀အတွင်း အာဟာရဖွံ့ဖြိုးမှုနှင့် ကျန်းမာရေး ဆိုင်ရာ အသိပညာများ ၊ အလေ့အထကောင်းများ ရရှိစေရန် ၊ ကျန်းမာရေး၊ လူမှုရေးဝန်ဆောင်မှုများကို ပြည်သူများ ပိုမိုလက်လှမ်းမှီရယူနိုင်စေရန် ရည်ရွယ်ကြောင်း သိရသည်။

ထောက်ပံ့ကြေးပေးရုံ သာမက ရခိုင်ပြည်နယ်ရှိ ဆေးရုံများတွင်လည်း ကျန်းမာရေး စောင့်ရှောက်မှုများ အားနည်းနေသည် ကိုလည်း ဖြည့်စွက်ပေးရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် တောင်ကုတ်မြို့ဒေသခံ ဖြစ်သည့် ဒေါ်ခင်သန်းရီက ဧရာဝတီသို့ ပြောသည်။

“ကျန်းမာရေး ပြဿနာကတော့ ဆေးရုံတိုင်း မှာ လိုအပ်ချက်တွေ ရှိနေတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းဆိုရင် ပိုပြီးတော့ လိုအပ်နေတယ်။ ကျန်းမာရေး စောင့်ရှောက်မှု အားကတော့ ဆေးရုံတိုင်းမှာ အများကြီး နည်းနေတယ်”ဟု ၎င်းက ဆိုသည်။

ယင်းသို့ကိုယ်ဝန်ဆောင်နှင့် ကလေးမိခင်များ ထောက်ပံ့မှုကို ချင်းပြည်နယ်နှင့် နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတို့တွင်လည်း ပေးအပ်နေပြီး ချင်းပြည်နယ်တွင် သုံးကြိမ်နှင့် နာဂဒေသတွင် တကြိမ် ပေးအပ်ပြီး ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပေးအပ်ရာတွင် ချင်းပြည်နယ်ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီး နှင့် ကလေးငယ် ၁၃၃၈၃ ဦးနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင် ၁၁၈၉ ဦးကို ထောက်ပံ့လျက်ရှိကြောင်း သိရသည်

Loading