သတင်း

ကြေးမုံ သတင်းထောက် တဦးနှင့် မွတ်စလင် ၆ ဦး ဖမ်းဆီးခံထားရ

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှ မွတ်စလင် ၆ ဦးကို အခကြေးငွေယူ၍ ကားဖြင့် တင်ခေါ်လာသော ကြေးမုံ သတင်းစာ သတင်းထောက် တဦးကို ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲတွင် ဒီဇင်ဘာ ၂၈ ရက်နေ့က ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။

ကြေးမုံသတင်းထောက်ကတ် ကိုင်ဆောင်ထားသော ရခိုင်တိုင်းရင်းသား စောမိုးကျော် သည် မွတ်စလင် ၆ ဦးကို တင်ဆောင်၍ ပြည်-တောင်ကုတ် ကားလမ်းအတိုင်း မောင်းနှင်လာစဉ် ပန်းတောင်းမြို့နယ် ညောင်ကျိုး စစ်ဆေးရေးဂိတ်မှ တားဆီး စစ်ဆေးမှုကို လက်မခံဘဲ မောင်းနှင်ထွက်ပြေးခဲ့သည်ဟု ရဲက ဆိုသည်။

ယင်းသို့ ထွက်ပြေးခြင်းကြောင့် ရဲတပ်ဖွဲ့အချင်းချင်း ဆက်သွယ်၍ ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ရာ ပန်းတောင်းမြို့နယ် ညောင်ခြေထောက် ကျေးရွာ အနီးတွင် စောမိုးကျော်နှင့် မွတ်စလင် ၆ ဦးကို တားဆီး စစ်ဆေး၍ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဥသျှစ်ပင် ရဲစခန်းမှူး ရဲအုပ် ဝင်းဆန်းက ပြောသည်။

ရဲအုပ် ဝင်းဆန်း က “အမှုဖွင့်ထားတာ ဟုတ်ပါတယ်။ ဒီလိုပဲကားနဲ့ လာတယ် ဆိုတာကို သတင်းရလို့ ပိတ်ဆို့ ဖမ်းဆီးခဲ့တာပါ။ လောလောဆယ် တရားခံတွေ အကုန်လုံး ပန်းတောင်းမြို့ ရဲစခန်းမှာပဲ ထားတယ်ခင်ဗျ” ဟု ဧရာဝတီသို့ ပြောသည်။

စောမိုးကျော်သည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် နေထိုင်သူ ဖြစ်ပြီး ကျောက်ဖြူမြို့နယ် ကျောက်တလုံး ကယ်ဆယ်ရေး စခန်းမှ မွတ်စလင် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၄ ဦးတို့အား ကျပ် သိန်း ၂၀ အခ ကြေးငွေယူ၍ ၎င်း၏ကားဖြင့် ပြည်မြို့အထိ လိုက်လံ ပို့ဆောင်ပေးခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကားဖြင့် လိုက်ပါပို့ဆောင်ပေးသူ စောမိုးကျော် အား ဥသျှစ်ပင် ရဲစခန်းမှ ရဲအုပ် ဝင်းဆန်း က ကျွန်ပြုစေရန် လူခိုးမှု ရာဇသတ်ကြီး ပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ထို့အတူ မွတ်ဆလင် ၆ ဦးကိုလည်း ပန်းတောင်းမြို့နယ် လဝက ဦးစီးမှူး ဦးတွန်ခန့်ဒါးလ်က တရားလိုပြုလုပ်၍ ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံ အတွင်း နေထိုင်သူများ မှတ်ပုံတင်ရေး အက်ဥပဒေ ၆ (၂)၊ ၆ (၃) တို့ဖြင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

ဦးစောမိုးကျော်မှာ ကျောက်ဖြူမြို့နယ် သတင်းထောက်အဖြစ် ၂၀၁၆ ခုနှစ်အထိသာ ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် သတင်းပေးပို့ခြင်း မရှိတော့သဖြင့် ၇-၇-၂၀၁၇ နေ့မှစ၍ မြို့နယ်သတင်းထောက်အဖြစ်မှ ရပ်ဆိုင်းထားသူဖြစ်ကြောင်း ကြေးမုံ နေ့စဉ်သတင်းစာ၏ လူမှုဆက်သွယ်ရေးကွန်ရက် Facebook စာမျက်နှာမှ တဆင့် ဒီဇင်ဘာ ၂၈ ရက်နေ့က သတင်းထုတ်ပြန် ထားသည်။

ထို့အတူ ဦးစောမိုးကျော် ကိုင်ဆောင်ထားသည့် မြို့နယ်သတင်းထောက် အသိအမှတ်ပြုကတ်ကို သတင်းစာတိုက်မှ ပြန်လည် သိမ်းထားပြီး ၎င်းထံတွင် တွေ့ရှိသောကတ်မှာ မိတ္တူသာဖြစ်သည်ဟု ထိုသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading