သတင်း

အနည်းဆုံး အခကြေးငွေ ၄၈၀၀ ကျပ်သတ် မှတ်

အလုပ်သမား ၁၀ ဦးနှင့် အထက် ရှိသည့် လုပ်ငန်းများကို အနည်းဆုံးလုပ်ခလစာ တရက်ကို ၄၈၀၀ ကျပ် နှုန်း ပေးရန် ရွေးချယ် သတ်မှတ်လိုက်ကြောင်း သိရသည်။

အလုပ်သမား၊ လူဝန်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနမှ၊ ပြည်ထောင်စု ဝန်ကြီးဦးသိန်းဆွေက “အနိမ့်ဆုံး လုပ်ခလစာကို ၄၈၀၀ ကျပ် သတ်မှတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အနည်းဆုံး အလုပ်သမား အရေအတွက်က တော့ ဆယ်ဦးနဲ့ အထက်သတ်မှတ် လိုက်ပါ တယ်။ တိုင်းနဲ့ပြည်နယ်မခွဲခြားပဲနဲ့ တပြေးညီ သတ်မှတ်တာ ဖြစ်ပါတယ်။ အရင်က ၃၆၀၀ ဆိုတော့ ၁၂၀၀ လောက်တိုးသွားတဲ့ အနေအထား ဖြစ်ပါတယ်´´ ဟု ပြောသည်။

သတ်မှတ်နှုန်းထား သစ်ကို ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက်မည့်သူ အဆိုပြုချက်များ မရှိပါက ပြည်ထောင်စု အစိုးရ အဖွဲ့ကို တင်ပြသွားပြီး၊ အဆိုပါ နှုန်းထား ၄၈၀၀ အား အတည်ပြု သွားမည်ဟု ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

ဒီဇင်ဘာ ၂၉ ရက်နေ့က နေပြည်တော်ရှိ အလုပ်သမား၊ လူဝန်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန တွင် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးရာ အမျိုးသားကော်မတီ၏ လေးကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ရာ ၄၈၀၀ ကျပ် နှုန်းထားကို သတ်မှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

စက်မှု လက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂ အဖွဲ့ချူပ် ဒုတိယဥက္ကဋ္ဌ ဦးနော်အောင်က “၄၈၀၀ သတ်မှတ်လိုက်တယ်။ အလုပ်သမားတွေ လိုချင်တဲ့ နှုန်းထား မဟုတ်ဘူးဆိုတာ ပြောချင်တာပေါ့။ အလုပ်သမားတွေက ၅၆၀၀ တောင်းကြတာလေ။ ဒါပေမယ့် အဆိုတင်သွင်း ဆွေးနွေးခဲ့တာ ရှိတယ်။ နှစ်တိုးကြေးကို ငါးရာခိုင်နှုန်း၊ လုပ်ခလစာရဲ့ ငါးရာခိုင်နှုန်းနဲ့ နှစ်တိုးကြေးတိုးပေးပါလို့ နောက်ပြီးတော့ နှစ်တိုးကြေးအပြင် ကျွမ်းကျင်ကြေး ကိုလည်း ထည့်ပေးရမယ်လို့ တောင်းဆိုခဲ့ပါတယ်။” ဟုဆိုသည်။

အဆိုပါ အစည်းအဝေးတွင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရကိုယ်စားလှယ်၊ ကျွမ်းကျင် ပညာရှင်များ၊ အလုပ်ရှင်၊ အလုပ် သမား အဖွဲ့ အစည်း ကိုယ်စားလှယ်များ၊ ILO နှင့် အနည်းဆုံး အခကြေးငွေ နှင့် အလုပ်သမား အခွင့် အရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကော်မတီများမှ ညှိနှိုင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ယခု သတ်မှတ် နှုန်းထားကို အလုပ်ရှင်ဘက်မှ ကန့်ကွက်ဆွေးနွေးခဲ့သလို၊ အလုပ်သမား ဘက်မှလည်း ယခင်တောင်းဆိုထားသည့် ၅၆၀၀ နှုန်း မရရှိသဖြင့် အကြေအလည် ညှိနှိုင်းဆွေးနွေးခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံ အထည်ချူပ်လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး၊ ကုန်ထုတ်လုပ်ငန်း ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်နွယ်က “ကျမတို့ရဲ့ ဝင်ငွေတခုက ဒီကုန်ထုတ်လုပ်မှု တခုနဲ့ ရပ်တည်နေတာ မဟုတ်ဘူးလေ၊ ဝင်ငွေက ကုန်ထုတ်လုပ်မှုက ရတာမှန်တယ်။ သို့သော် အသုံးစရိတ်မှာ အခြားစရိတ်တွေက အရမ်းကြီးများ သေးတယ်။ အဲဒီစရိတ်တွေက အမှန်တိုင်းပြောရင် ကုန်ထုတ်လုပ်ဖို့ ကဏ္ဍတခုထဲကျန်တဲ့ စရိတ်တွေများတာ မဖြေလျော့ ပေးနိုင်ဘူးဆိုရင် လုပ်ငန်းရှင်တွေဘက်က ရှင်သန်ဖို့ တော်တော်လေး ခက်ခဲမယ်လို့ တင်ပြခဲ့ပါတယ်။ လုပ်ငန်းရှင်ဘက်က ကန့်ကွက်ခဲ့ပါတယ်။ “ ဟု ပြောသည်။

လုပ်ငန်းရှင်များဘက်မှ ပြည်တွင်းထုတ်လုပ်မှုစရိတ် မြင့်မားကြောင်း၊ လျှပ်စစ်မီး အပြည့်အဝမရခြင်းကြောင့် ပြင်ပ စွမ်းအင် ဝယ်ယူ အသုံးပြုရခြင်းကြောင့် စရိတ် ပိုမိုမြှင့်တက်ကြောင်း၊ ဘဏ်တိုးနှုန်းကြီးမြင့် ကြောင်း၊ သယ်ယူ ပို့ဆောင်စရိတ် မြင့်တက်သဖြင့် ယခု သတ်မှတ်လိုက်သည့် ၄၈၀၀ နှုန်းထားကို အလုပ်ရှင်များနှင့် ရက်ပေါင်း ၆၀ အတွင်း ပြန်လည် တိုင်ပင်သွားမည်ဖြစ်ကြောင်း ကန့်ကွက်ဆွေးနွေးခဲ့သူ ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

အနည်းဆုံး လုပ်ခလစာ နှုန်းထားကို ၂၀၁၅ စက်တင်ဘာ ၁ ရက်တွင် ပထမဆုံး အကြိမ် ဖြစ် သတ်မှတ် နိုင်ခဲ့ ပြီး၊ နေရာဒေသ နှင့် လုပ်ငန်း အမျိုးစား မခွဲခြားဘဲ၊ ၁ ရက်လျှင် အလုပ်ချိန် ၈ နာရီ အတွက် ကျပ် ၃၆၀၀ နှုန်း သတ်မှတ် ထုတ်ပြန်ခဲ့ပြီး၊ နှစ်နှစ် ကို ၁ကြိမ်ပြောင်းလဲ သတ်မှတ်ရမည့် ဥပဒေအရ ၄၈၀၀ ကျပ်နှုန်းကို ဒုတိယ အကြိမ် ပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

Loading