နိုင်ငံတော်နှင့် အများပြည်သူအကျိုးစီးပွားကို ထိခိုက်နစ်နာဆုံးရှုံးမှုများ ရှိနေသည်ဟုဆိုကာ တိုင်ကြား ခံထားရသည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးမင်းအောင်အား ယနေ့ ဇန်နဝါရီလ ၂ ရက်က ကျင်းပသည့် ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးက တာဝန်မှ ရပ်စဲရန် ဆုံးဖြတ် လိုက်သည်။
စည်ပင်ဝန်ကြီး ဦးမင်းအောင် ကိစ္စနှင့်ပတ်သက်၍ ယနေ့ ရခိုင်ပြည်လွှတ်တော် အရေးပေါ်အစည်း အဝေးကျင်းပရာ ကိုယ်စားလှယ် ၄၆ ဦး တက်ရောက်ခဲ့ပြီး လွှတ်တော်တွင် လျို့ဝှက်မဲခွဲရာ ထောက်ခံ မဲ ၃၇ မဲ ၊ ကန့်ကွက်မဲ ၈ မဲတို့ဖြင့် ၎င်းအား ဆက်လက်တာဝန်ထမ်းဆောင်ရန် မသင့်ဟု ဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။
“ပြည်နယ် လွှတ်တော်က လုပ်တဲ့ကိစ္စဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ လုပ်တာဆိုတော့ ကျနော့် အနေနဲ့လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေအရပဲ ဆက်ပြီး လုပ်သွားရမှာပါ” ဟု ဦးမင်းအောင် က ပြော သည်။
၎င်းနှင့် ပတ်သက်၍ စွပ်စွဲချက်များမှာ မှန်ကန်မှုမရှိသလို စွပ်စွဲချက် ၉ ချက်ပါအကြောင်းအရာများကို လွှတ်တော်၌ အသေးစိတ်ချပြခွင့် တောင်းဆိုခဲ့သော်လည်း အခွင့်အရေးမရရှိ၍ သတင်း စာရှင်းလင်းပွဲ လုပ်ဆောင်ကာ ပြည်သူသိအောင် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက လွှတ်တော်သို့ စွပ်စွဲပြစ်တင် ဆုံးဖြတ်မည့်ကိစ္စ ဆိုင်းငံ့ထားပါရန် ညှိနှိုင်းစာပေးပို့ခဲ့ရာ လွှတ်တော်ဥက္ကဌက လွှတ်တော်တွင် ဆိုင်းငံ့သင့် မသင့်ကို မဲခွဲဆုံးဖြတ်ခဲ့ပြီး ထောက်ခံမဲ ၃၃ မဲ ၊ ကန့်ကွက်မဲ ၁၁ မဲ ရရှိသောကြောင့် မဆိုင်းငံတော့ဘဲ လွှတ်တော်ဆက်လက် ကျင်းပကာ စည်ပင်ဝန်ကြီး ဦးမင်းအောင်၏ကိစ္စကို ထပ်မံမဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
ပြည်နယ်လွှတ်တော်သည် အစိုးရအဖွဲ့အား အပြန်အလှန်ထိန်းကျောင်းခွင့်ရှိရာ မေးခွန်းများ မေးမြန်း ခြင်း၊ အဆိုများတင်သွင်းခြင်း စသည့်တို့ဖြင့် ထိန်းကျောင်းခဲ့သော်လည်း ဝန်ကြီးဦမင်းအောင်မှာ လွှတ်တော်အား အလေးထားခြင်း မရှိသဖြင့် ယခုကဲ့သို့ ဖွဲ့စည်းပုံပါ ဥပဒေအတိုင်း ထိန်းကျောင်းခြင်း လုပ်ငန်းများကို ဝမ်းနည်းစွာဖြင့် လုပ်ဆောင်ခဲ့ရကြောင်း လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက လွှတ်တော်တွင် ပြောကြားခဲ့သည်။
စည်ပင်ဝန်ကြီး ဦးမင်းအောင်အပေါ် လွှတ်တော်ကိုယ်စားလှယ် ၁၇ဦး၏ စွပ်စွဲပြစ်တင်ချက် ၉ချက် တွင် စစ်တွေ၊ ကျောက်တော်၊ ရမ်းဗြဲ၊ တောင်ကုတ်၊ ဂွ စသည့်မြို့နယ်များတွင် ဈေးသစ် ၅ ခု ဆောက် လုပ်ရန် လွှတ်တော်သို့ အသိမပေးဘဲ တင်ဒါခေါ်ယူကာ ကုမ္ပဏီများအား ချပေးခြင်း၊ မောင်တောဒေသ ဖွံဖြိုးရေးအတွက် ပြည်ထောင်စုမှ ချပေးသော ဘဏ္ဍာငွေများအား မောင်တောဒေသတွင် အနည်း ငယ်မျှသုံးကာ တောင်ကုတ်မြိုနယ်အတွင်း ပြောင်းရွေ့ပြီး တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ကိုင် ခြင်း ၊ မင်းပြားမြို့နယ်ရှိ ကူးတို့ကိစ္စများ၊ စစ်တွေမြိုနယ်အတွင်းက ပါဒလိတ် ကူးတို့ အရှုပ်အထွေး ကိစ္စရပ်များ စသည်တို့ ပါဝင်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
ရခိုင်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးမင်းအောင်အား လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက လက်မှတ်ရေးထိုးပြီး စွပ်စွဲပြစ်တင်ခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ စုံစမ်းစစ်ဆေး ရေးအဖွဲ့၏ အပြီးသတ်အစီရင်ခံစာကို ဒီဇင်ဘာလ ၁၉ ရက်နေ့က လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှထံ တင်ပြခဲ့သည့်အတွက် လွတ်တော်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၃ ( င ) အရ အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၃ ( င ) ၊ ( ၁ )တွင် တိုင်းဒေသကြီး သိုမဟုတ် ပြည်နယ်ဝန်ကြီး ချုပ် သို့မဟုတ် ပြည်နယ် ဝန်ကြီး တဦးဦး အပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်၏ စွပ်စွဲပြစ်တင်မှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံစမ်း စစ်ဆေးတွေ့ရှိ ချက်များကို တင်ပြလာပါက လွှတ်တော်ဥက္ကဋ္ဌသည် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လွှတ်တော်သို့ တင်ပြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းအပြင် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ဦးရေ အနည်းဆုံး သုံးပုံ နှစ်ပုံက စွပ်စွဲ ပြစ်တင်မှု မှန်ကန်၍ စွပ်စွဲခံရသူသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ် ဝန်ကြီးရာထူး တွင် ဆက်လက် ထမ်းရွက်စေရန် မသင့်ကြောင့် ဆုံးဖြတ်လျှင် ဥက္ကဋ္ဌသည် ထိုဆုံးဖြတ်ချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြအစီရင်စာခံရမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော် သမ္မတသည် တင်ပြချက်ရရှိလျှင် စွပ်စွဲပြစ်တင်ခံရသည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ် သို့မဟုတ် ပြည်နယ်ဝန်ကြီးအား ရာထူးမှ ရပ်စဲရမည် ဖြစ်ကြောင်း ၎င်းပုဒ်မတွင် ဖော်ပြပါရှိသည်။
ရခိုင်ပြည်နယ် လွှတ်တော်ကို ရွေးကောက်ခံကိုယ်စားလှယ် ၃၅ဦး နှင့် တပ်မတော်သား ကိုယ်စား လှယ် ၁၂ ဦး စုစုပေါင်း ကိုယ်စားလှယ် ၄၇ ဦးတို့ဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ရခိုင်အမျိူးသားပါတီ ( ANP ) ပါတီမှ ကိုယ်စားလှယ် ၂၃ ဦး ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ( NLD ) ပါတီမှ ချင်းတိုင်းရင်းသား ရေးရာဝန်ကြီး အပါအဝင် ၉ ဦး ၊ ပြည်ခိုင်ဖြိုးပါတီမှ ၃ ဦး အသီးသီး အနိုင်ရရှိခဲ့သည်။
ယနေ့ ကျင်းပသော လွှတ်တော်အစည်းအဝေးတွင် ခွင့်တိုင်ကြားသူ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၁ ဦးရှိပြီး ရခိုင်အမျိုးသားပါတီမှ ကိုယ်စားလှယ် ၁ ဦး ကွယ်လွန်သွားပြီ ဖြစ်၍ လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးသာ တက်ရောက်ခဲ့ကြောင်း သိရသည်။