ချေးငွေအပေါ် ကောက်ခံသည့် ဘဏ်အတိုးနှုန်း (Maximum Bank Lending Rate) ကို သင့်တင့်သော နှုန်းထားတခု အထိ လျှော့ချပေးရန် ဗဟိုဘဏ်သို့ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) က တောင်းဆိုခဲ့ကြောင်း သတင်း ရရှိသည်။
ရန်ကုန်မြို့ UMFCCI တွင် ဒီဇင်ဘာလ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သော နိုင်ငံတော်ဒုသမ္မတ ၁ ဦးမြင့်ဆွေနှင့် မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များအကြား ၁၃ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲတွင် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း UMFCCI တွဲဖက် အထွေထွေ အတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုး က သတင်းထောက်များကို ပြောသည်။
ပုဂ္ဂလိကကဏ္ဍတွင် လက်ရှိဖြစ်ပေါ်နေသော အခက်အခဲများကို ဖြေရှင်းနိုင်ရန် အတွက် လုပ်ငန်းရှင်များမှ ချေးယူသည့် ချေးငွေပေါ် ကောက်ခံသည့် ဘဏ်အတိုးနှုန်းကို ယခုလက်ရှိ ၁၃ ရာခိုင်နှုန်း အတိုးနှုန်းမှ ၁၀ ရာခိုင်နှုန်း အထိ လျှော့ချပေးရန်နှင့် Deposit Rate (အပ်ငွေအတိုးနှုန်း) ကိုလည်း ယခု ၈ ရာခိုင်နှုန်းမှ ၅ ရာခိုင်နူန်းသို့ လျှော့ချပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်ကြာင်းသိရသည်။
ဦးအောင်ကြည်စိုး က “စီးပွားရေး အခြေအနေ နည်းနည်း ပိုတိုးတက်လာအောင်လို့ အတိုးနှုန်းကို ဥပမာလက်ရှိ အတိုးနှုန်းက ၁၃ ရာခိုင်နှုန်း ဖြစ်နေတယ်။ ဒါကို ၁၀ လောက်ထားလို့ ရမလား။ အဲဒီလိုပဲ deposit Rate ဘဏ်က ပြန်ပေးတဲ့ နှုန်းကို ၅ ရာခိုင်နှုန်းလောက် ထားလို့ရမလားလို့ အန်ကယ်တို့ဘက်က တင်တာဖြစ်ပါတယ်” ဟု ပြောသည်။
ချေးငွေအပေါ် ကောက်ခံသည့် ဘဏ်အတိုးနှုန်း (Maximum Bank Lending Rate) သည် ဘဏ်မှသုံးစွဲသူ (Customer) ကိုချေးပေးသည့်နှုန်းဖြစ်ပြီး deposit Rate သည် အပ်ငွေအတိုးနှုန်းကို ခေါ်ခြင်းဖြစ်သည်။
“လောလောဆယ် ဗဟိုဘဏ်ဘက်က အစီစဉ်ရှိတာ Maximum Lending Rate ကိုတော့ သူတို့ ပြင်လိမ့်မယ်။ Lending Rate ဆိုတာက အခုအတိုးနူန်း ၁၃ ရာခိုင်နှုန်းကနေမှ နောက်ပိုင်းရာခိုင်နှုန်း ဘယ်လောက်ဆိုပြီး ပြင်မယ်ဆိုတာတော့ သမ္မတရုံးကို တင်ထားပြီးပြီ။ ဒီကနေ နှုန်းတခု ပြန်ကျလာမှ သူတို့ ပြန်ဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ဦးအောင်ကြည်စိုး က ပြောသည်။
ယင်းတို့ကို အချိန်နှင့် တပြေးညီ လုပ်ကိုင်ရမည် ဖြစ်သော်လည်းယခု မြန်မာ့စီးပွားရေး အခြေအနေအရ အတိုးနှုန်း လျှော့ချရန်သင့်ကြောင်း ဘဏ်နှင့်ပတ်သက်သော လုပ်ငန်းရှင်များ၊ ပညာရှင်များကလည်း UMFCCI သို့ တင်ပြထားကြောင်းသိရသည်။
ဘဏ်ချေးငွေ အတိုးနှုန်းနှင့် ပတ်သက်၍ နိုင်ငံတော်ဗဟိုဘဏ်၏ လုပ်ထုံးလုပ်နည်းများကို နားလည်သော်လည်း လက်ရှိ နှောင့်နှေးနေသည့် စီးပွားရေး အခြေအနေအရ ဘဏ်အတိုးနှုန်း များနေခြင်းမှာ လုပ်ငန်းရှင်များအတွက် အခက်အခဲ ဖြစ်နေကြောင်း UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က ပြောသည်။
ဦးဇော်မင်းဝင်း က “အတိုးနှုန်းတွေကို လျှော့ချပေးဖို့ လုပ်ငန်းရှင်တွေက တော်တော်လေး ပြောလာကြတယ်။ အတိုးနှုန်းကိစ္စ ကတော့ Inflation Rate (ငွေကြေးဖောင်းပွမှုနှုန်း) ကိုပြန်ကြည့်ရမယ်။ နောက်တစ်ခုကလည်း Lending Rate တခုတည်းကို ကြည့်လို့လည်းမရဘူး။ လျှော့ချလို့လည်းမရဘူး။ အောက်က deposite Rate လည်းကျမှဖြစ်မယ်။ ဒါတွေက အများကြီး ဟန်ချက်ညီအောင် လုပ်ရမယ်” ဟု ပြောသည်။
UMFCCI တွင်ပြုလုပ်ခဲ့သော နိုင်ငံတော်ဒုသမ္မတ ၁ ဦးမြင့်ဆွေနှင့် မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များအကြား ၁၃ ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းအား ချေးငွေ အတိုးနှုန်း လျှော့ချရေးနှင့် ပတ်သက်၍ မေးမြန်းရာတွင် “ဒီအကြောင်းအရာက Sensitive Issue (ထိလွယ်ရှလွယ် အကြောင်းအရာ) ဖြစ်နေလို့ ဖြေကြားလို့မရပါဘူး” ဟု ဧရာဝတီသို့ ပြောကြားခဲ့သည်။