ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် ကျင်းပနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ လမ်းကြောင်းမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း နေပြည်တော်တွင် ကျင်းပနေသည့် အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်သို့ တက်ရောက်လာသူများက ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၃ ခု ရှိရာ ၁၉၄၇ ဖွဲ့စည်းပုံမှာ အာဏာသိမ်းခံခဲ့ရသဖြင့် ပျက်စီးခဲ့ရပြီး ၁၉၇၄ ဖွဲ့စည်းပုံမှာ လူထု လှုပ်ရှားမှုအသွင်ဖြင့် ဖျက်သိမ်းနိုင်ခဲ့ကြောင်း၊ ယခု ၂၀၀၈ ကိုမူ ၂၁ ရာစု ပင်လုံ လမ်းကြောင်းမှတဆင့် ပြင်ဆင်နိုင်ရေးအတွက် စာတမ်းများ တင်သွင်းကာ ကြိုးပမ်းနေကြောင်း ပြည်ထောင်စုအဆင့် အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဖိုရမ်ကော်မတီမှ ဦးစိုးဌေးက ပြောသည်။
ဦးစိုးဌေးက “ဗမာပြည်မှာ အကျပ်အတည်းကြီး ၂ ခု ရှိနေတယ်။ တခုကတော့ ငြိမ်းချမ်းရေးနဲ့ နောက်တခုကတော့ ဖွဲ့စည်းပုံဆိုင်ရာ အကျပ်အတည်းတွေပဲ။ အဲဒီ ၂ ခုကို ဖြေရှင်းဖို့အတွက် ပထမအဆင့် ၂၀၀၈ ကိုပြင်မယ်လို့ စဉ်းစားရင် (သို့မဟုတ်) အသစ်ရေးမယ်စဉ်းစားထားရင် ငြိမ်းချမ်းရေးဆိုတာ ကျနော်တို့ မေ့ထားလို့မရဘူး။ အဲဒီလိုပဲ ငြိမ်းချမ်းရေးကို သွားမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်ဘဲနဲ့ ငြိမ်းချမ်းရေးရဖို့ကလည်း အင်မတန်ခက်တယ်”ဟု ပြောသည်။
ယနေ့ နေပြည်တော်တွင် ပြုလုပ်နေသည့် အကြောင်းအရာအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတခုဖြစ်သည့် ပြည်ထောင်စု အဆင့် အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဖိုရမ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) ၏ လမ်းညွှန်ချက်ဖြင့် ပြုလုပ်၍ ရရှိလာသော စာတမ်းတခုဖြစ်သည့် ပြန်လည်နေရာ ချထားရေးနှင့် ပြန်လည် ထူထောင်ရေး ဆိုင်ရာ မူဝါဒ အကြံပြုချက်စာတမ်း၊ ပြည်ထောင်စုအဆင့် အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဖိုရမ်ကော်မတီ၏ လမ်းညွှန်ချက်ဖြင့် ပြုလုပ်သည့် ဖက်ဒရယ် အခြေခံ မူဝါဒဆိုင်ရာ အကြံပြုစာတမ်းတို့ကို တင်သွင်းမည် ဖြစ်သည်။
ယခု ဖိုရမ်ကို ၂ ရက်တာ ကျင်းပမည် ဖြစ်ပြီး ရရှိလာသည့် အကြံပြုစာတမ်းများကို UPDJC သို့တင်ပြသွားမည် ဖြစ်ရာ ယခု ဖိုရမ် မကျင်းပမီ အကြိုဖိုရမ်တခုကို မန္တလေးမြို့တွင် ကျင်းပခဲ့ပြီး သဘောတူညီချက်များ ရရှိခဲ့သော်လည်း အစိုးရက နိုင်ငံရေး ဆွေးနွေးခြင်းကို တရားဝင် ခွင့်ပြုထားခြင်း မရှိပါ။
“ဥပမာ နိုင်ငံရေးကို မဆွေးနွေးပါနဲ့လို့ ပြောတယ်။ လုံခြုံရေးကို မဆွေးနွေးပါနဲ့လို့ ပြောတယ်။ နိုင်ငံရေးက ကျနော်တို့ တကယ့် ပြည်သူလူထုတွေနဲ့ မဆိုင်ဘူးလား။ အမျိုးသမီးတယောက်က အပြင်ထွက်သွားတယ်။ သူ့ကိုယ်သူ မလုံခြုံဘူးလို့ ခံစားရတယ်။ လယ်သမားတယောက်က သူ့လယ်တွေ မတရား အသိမ်းခံရတယ်။ မလုံခြုံဘူးလို့ ခံစားရတယ်။ ကိုယ်အိမ်မှာကိုယ် နေရင်းနဲ့ သေနတ်ကျည်ဆံတွေ ကျလို့ ပြေးရတယ်။ မလုံခြုံဘူးလို့ ခံစားရတယ်။ အဲဒါကြောင့် ပြည်သူတွေကို အကုန်ဆွေးနွေးခွင့်ပေးခဲ့တယ်”ဟု ဖိုရမ်၏ ပြောခွင့်ရသူ ဦးစိုးဌေးက ပြောသည်။
လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီကိုယ်တိုင်သည်ပင် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး ကြိုးပမ်းမည်ဟု ပြောဆိုခဲ့သော်လည်း နောက်ပိုင်းတွင် ငြိမ်းချမ်းရေးရမှ ပြင်နိုင်မည်ဟု လေသံပြောင်း သွားခဲ့သည်။
၁၉၈၈ ခုနှစ်က ဒီမိုကရေစီ အရေးတော်ပုံကို အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့သည့် တပ်မတော် အစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံကို ၁၉၉၃ ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပြီး ၎င်းတို့ တည်ထောင်ပေးခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ၂၀၁၀ ရွေးကောက်ပွဲဖြင့် အာဏာ လွှဲပေးခဲ့သည်။
“ဖွဲ့စည်းပုံ ပြင်နိုင်ဖို့ လမ်းကြောင်းသည် ဒီ၂၁ ရာစု ပင်လုံကနေပြီးတော့ ပြည်ထောင်စုအဆင့် နိုင်ငံရေး သဘောတူညီချက် တွေကနေပဲ သွားနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ ဒီပင်လုံကနေ ပြည်ထောင်စုသဘောတူ စာချုပ်ပါအချက်တွေက ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်ရင် ဖွဲ့စည်းပုံကို ပြင်ပြီးသားဖြစ်သလို တဖက်ကလည်း အသစ်လည်း ဖြစ်သွားနိုင်တယ်”ဟု မလှိုင်မြို့နယ် ၈၈ ငြိမ်း/ပွင့်မှ ဦးသက်နိုင်ဝင်းက ပြောသည်။
အရပ်ဘက်အဖွဲ့များကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရေး၊ ဖျက်သိမ်းရေးတို့ထက် ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံ ဖြစ်ရေးကိုသာ ပို၍ အားသန်နေကြကြောင်း၊ ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်လာရန် ယခုလမ်းကြောင်းသာ ရှိ၍ ကြာမည်၊ မြန်မည်မှာမူ ပါဝင်ဆောင်ရွက်နေသူများ အပေါ်တွင် မူတည်ကြောင်း ၎င်းက သုံးသပ်သည်။
ကရင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းမှ ဦးစောကျော်စွာက “ကျနော်တဦးတည်း အမြင်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက အပေါ်ယံအားဖြင့်တော့ ဖက်ဒရယ် ဖွဲ့စည်းပုံနဲ့ တူသော်လည်း အနှစ်သာရ အားဖြင့်တော့ လုံးဝကင်းမဲ့နေတယ်လို့ ကျနော်တို့ ခံယူထားတယ်။ ဖွဲ့စည်းပုံက ဗဟိုချုပ်ကိုင်မှု အရမ်းများတယ်။ ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ၂၀၀၈ ကတော့ ပြင်ရမှာပဲ”ဟု ပြောသည်။
ငြိမ်းချမ်းရေး လိုလားသူများကွန်ရက်မှ ဦးအောင်မှိုင်းဆန်းကလည်း ၂၀၀၈ ဖွဲ့စည်းပုံကို အတည်မပြုခင်ကလည်း ကန့်ကွက်ခဲ့သလို ယခုလည်းပဲ ပြင်ဆင်နိုင်ရေး ကြိုးစားလျက်ရှိရာ ယခု NCA နောက်ဆက်တွဲအရ ဖြစ်ပေါ်လာသည့် ၂၁ ရာစု ပင်လုံ လမ်းကြောင်းသည် ဖွဲ့စည်းပုံ ပြင်နိုင်ရေး အကောင်းဆုံး လမ်းကြောင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“တခြားလမ်းကြောင်းတခုကို မစဉ်းစားနိုင်သေးခင် အရပ်ဘက် အဖွဲ့အစည်းတွေ အားလုံးကလည်း ဖွဲ့စည်းပုံ ပြင်ဆင် နိုင်ရေးအတွက် လတ်တလောမှာ ဒီလမ်းကြောင်းကိုပဲ ရွေးထားတယ်။ အဲဒီတော့ ၂၁ ပင်လုံမှာ စာတမ်းတွေ တင်နိုင် အောင် ကြိုးစားနေတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို သေချာလေ့လာကြည့်ရင် အပိုဒ်လိုက် ပြင်လိုက်၊ အခန်းလေး ကျော်ပြင်လိုက် လုပ်လို့ မရဘူး။ တခုနဲ့တခုက ချိတ်ဆက်နေတော့ ပြင်တယ်ဆိုပေမယ့် သဘောသဘာဝအရ တခုလုံးကို ပြောင်းလဲရမယ့် သဘော ဖြစ်ပါတယ်”ဟု ၎င်းက သုံးသပ်သည်။
၎င်းက ဆက်၍ ပြည်တွင်းစစ် ဖြစ်နေရသည့် အကြောင်းရင်းကို အဖြေရှာပါက ဖွဲ့စည်းပုံ အကျပ်အတည်း ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံကို ပြင်နိုင်ပါက တဖက်တွင် ငြိမ်းချမ်းရေး ရလာနိုင်ကြောင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်နေသည့် ကာလတွင် တိုက်ပွဲများ ဖြစ်နေနိုင်သော်လည်း စစ်ရပ်စဲရေး တပိုင်း လုပ်၍ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အောင်မြင်မှသာ တိုက်ပွဲများ ရပ်သွားနိုင်မည့် အနေအထားရှိကြောင်း ပြောသည်။