ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဌာန ဝန်ကြီး ဦးဘဟိန်းသည် ကျန်းမာရေးမကောင်းသဖြင့်ဟုဆိုကာ ရာထူးက နှုတ်ထွက်တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
“ရာထူးက နှုတ်ထွက်မယ်ဆိုတာ အမှန်ပါပဲ။ ကျနော့် ကျန်းမာရေးက သိပ်မကောင်းတော့ဘူး။ ရုပ်ခံ ဓာတ်ခံတွေလည်း ကျလာတော့ ကျနော့်တာဝန်တွေ မကျေပွန်မှာစိုးတယ်။ ဒါကြောင့် ရာထူးက နှုတ်ထွက်စာ တင်တော့မှာ ဖြစ်ပါတယ်”ဟု ဝန်ကြီး ဦးဘဟိန်းက ဧရာဝတီကို ပြောသည်။
စိုက်ပျိုးရေး ပညာရှင်တဦး ဖြစ်ပြီး စိုက်ပျိုးရေးနည်းပညာဆိုင်ရာစာပေများ ရေးသားထုတ်ဝေနေသူ ဦးဘဟိန်းမှာ အရပ်သားပညာရှင်အဖြစ် ဝန်ကြီးချုပ် မန်းဂျော်နီဦးဆောင်သည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစတင်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရပြီး ဧရာဝတီတိုင်း အစိုးရအဖွဲ့သက်တမ်း ၂ နှစ်ပြည့်ခါနီး ကာလတွင် ရာထူးမှ နှုတ်ထွက်ရန် စီစဉ်နေခြင်းဖြစ်သည်။
ဝန်ကြီး ဦးဘဟိန်းမှာ ၎င်းတာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေလုပ်သားငယ်များ အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိရေး ကြိုးပမ်း ဆောင်ရွက်ခဲ့သည့်အတွက် ယခင်က ငွေကြေးချမ်းသာသည့် အင်းသားကြီးများ နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ် လုပ်ကိုင်ခဲ့သည့် အင်းတချို့အား ရေလုပ်သား အစုအဖွဲ့များအနေဖြင့် ကြမ်းခင်းဈေးဖြင့် လုပ်ကိုင်စားသောက်ခွင့်ရရှိခဲ့သည်။
အဆိုပါဆောင်ရွက်ချက်များကြောင့် ဧရာဝတီတိုင်းရှိ လုပ်ငန်းရှင် အင်းသားကြီးများက ဝန်ကြီး ဦးဘဟိန်းအား နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင် သူရဦးရွှေမန်းတို့ထံ ၂၀၁၆ ခုနှစ်အတွင်းက တိုင်ကြားခဲ့သည့်အတွက် ဝန်ကြီး ဦးဘဟိန်းက ပြန်လည်ရှင်းလင်း ချေပမှုများ ပြုလုပ်ခဲ့ရသည်။
ထို့ပြင် ယခင်အစိုးရမှ စည်းကမ်းနှင့်ညီညွတ်၍ ရောင်းချပေးခဲ့သည့် ကြေးတိုင်အင်းများကို ဖျက်သိမ်းခြင်း၊ တရားမဝင် အစုအဖွဲ့များကို အင်းများတိုက်ရိုက် ရောင်းချပေးခြင်းနှင့် ဥပဒေမဲ့ လုပ်ဆောင်နေခြင်းများအတွက် ဝန်ကြီး ဦးဘဟိန်းအား တာဝန်မှ ရုတ်သိမ်းပေးရန် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မေလ ၃၁ ရက်နေ့က အင်းသားကြီး ၃၀၀ ခန့် ပုသိမ်မြို့တွင်စုဝေး၍ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်။
ဝန်ကြီး ဦးဘဟိန်းမှာ ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်လိုသည့် ဝန်ကြီးတဦး ဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ရန် လုပ်ပိုင်ခွင့် မရသည့်အတွက် နှုတ်ထွက်ခြင်းဖြစ်သည်ဟု ထင်မြင်ကြောင်း ပုသိမ်မြို့အခြေစိုက် တောင်သူဖွံ့ဖြိုးရေး သင်တန်းကျောင်း – GPI ဒါရိုက်တာ ဦးတင်လင်းအောင်က ပြောသည်။
“ဝန်ကြီး ဦးဘဟိန်းအနေနဲ့ အင်းတွေကိုလည်း ရေလုပ်သားငယ်တွေ လုပ်ကိုင်ခွင့်ရအောင် သူကြိုးပမ်းတယ်။ လယ်သိမ်းခံရမှု ကိစ္စတွေ၊ သစ်တောဌာနကိစ္စတွေ ရှင်းချင်တယ်။ ဒါပေမယ့် ဥပဒေ အားနည်းချက်တွေ အများကြီးရှိနေသလို လုပ်ပိုင်ခွင့်က ဝန်ကြီးလက်ထဲမှာ မရှိဘဲ ဝန်ကြီးချုပ်လက်ထဲမှာပဲ ဖြစ်နေတယ်။ အဲဒီတော့ အလုပ်လုပ်ရတဲ့ နေရာမှာ အခက်အခဲတွေ အများကြီးရှိနေပြီး လုပ်ချင်ပေမယ့် လုပ်မရတာတွေ ရှိနေတယ်။ အဲဒီတော့ ကျန်းမာရေးအရ နှုတ်ထွက်တယ်ဆိုတာက ဘယ်သူ့ကိုမှ မထိခိုက်အောင် ပြောတာလို့ ထင်တယ်။ အဓိကက ဂုဏ်သိက္ခာရှိစွာ နှုတ်ထွက်သွားတာလို့ပဲ မြင်ပါတယ်”ဟု GPI ဒါရိုက်တာ ဦးတင်လင်းအောင်က ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက်က ဝန်ကြီးချုပ် ဦးသိန်းအောင် ဦးဆောင်သည့် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့တွင် သစ်တော၊ သဘာဝပတ်ဝန်းကျင်နှင့် သတ္ထုတွင်းဝန်ကြီးဌာနနှင့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီးဌာနဟူ၍ ဌာန ၂ ခု ထားရှိခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရပြီး NLD အစိုးရလက်ထက်တွင် အဆိုပါ ဌာန ၂ ခုစလုံးကို ပေါင်းစည်း၍ ဝန်ကြီးဌာန တခုတည်း အဖြစ်ထားရှိကာ ဦးဘဟိန်းက ဝန်ကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။