သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တပ်မတော်နှင့် SSPP တို့ တိုက်ပွဲဖြစ်

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် မြောက်ပိုင်း မိုင်းရူးမြို့နယ်ရှိ စိန်ကျော့ပြည်သူ့စစ်နယ်မြေ ဆိုင်းလျဲန်ဒေသတွင် တပ်မတော်နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) တို့ အကြား ဇန်နဝါရီလ ၁ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ထိုဒေသသည် စိန့်ကျော့ပြည်သူ့စစ်များ အခြေစိုက်သော ဒေသဖြစ်ပြီး SSPP/SSA တပ်များ ဝင်ရောက်လာရာမှ နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းများနှင့် တိုးကာ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း မိုင်းရူးမြို့နယ် မဲဆန္ဒနယ်မှ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် နန်းကောင်ခမ်းက ပြောသည်။

“မိုင်ရူး မြို့နယ်နဲ့ ၁၅ မိုင်၊ ၁၆ မိုင်လောက်က ဆိုင်းလျဲန်မှာ ဖြစ်တာ။ တောင်ပေါ် ကျောက်ထွက်တဲ့ နေရာမှာ ဖြစ်ပါတယ်။ ခဏလေး ရင်ဆိုင် တိုက်ပွဲပေါ့နော်။ မြေပြင်အနေအထားအရ နည်းနည်း အလှမ်းဝေးတယ်။ သံလွင်မြစ် ကမ်းခြေရဲ့ အနားလေးမှာ အဲဒါကြောင့် နည်းနည်း အလှမ်းဝေးတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ထိုတိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်သူလည်း မရှိ ကြောင်း၊ လက်ရှိ ကာလသည် ငြိမ်းချမ်းရေး တည်ဆောက်နေသည့် အချိန်ဖြစ်သည့်အတွက် ယခုကဲ့သို့ ထိတွေ့ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလာပါက ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ အဟန့်အတား တခု ဖြစ်သွားမှာကို စိုးရိမ်ကြောင်း နန်းကောင်ခမ်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး တပ်မတော်ဘက်မှ သတင်း ထုတ်ပြန်ခြင်း မရှိသကဲ့သို့ SSPP ဘက်မှ တာဝန်ရှိသူများကိုလည်း ဆက်သွယ်၍ မရပေ။

SSPP/SSA အဖွဲ့သည် မိုင်းရှုးမြို့နယ်အတွင်းတွင် တပ်မတော်နှင့် မကြာခဏ စစ်ရေး တင်းမာမှုများ ဖြစ်ပွားလေ့ရှိပြီး ၂၀၁၇ သြဂုတ်လ အတွင်းကလည်း မိုင်းရှုးမြို့နယ်၊ လွယ်နိုင်းကျေးရွာအနီး လွယ်နိုင်း-ဝမ်ဝိန်း- ဝမ်လွယ် ကားလမ်းပြုပြင်ရေးနှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲကာ စစ်ရေး တင်းမာမှုများ ဖြစ်ပွားခဲ့သေးသည်။

တိုက်ပွဲဖြစ်ပွားရာနေရာတွင် လှုပ်ရှားလျှက် ရှိသော စိန်ကျော့ပြည်သူ့စစ် အဖွဲ့သည် SSPP/SSA မှ အသွင်ပြောင်းသွားသော အဖွဲ့ဖြစ်ပြီး လက်ရှိတွင်လည်း ရှမ်းပြည် ညီညွတ်ရေးကော်မတီ (CSSU) အဖွဲ့ဝင်လည်းဖြစ်သည်။

CSSU တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA)၊ SSA အသွင်ပြောင်း စိန်ကျော့ပြည်သူ့စစ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ (SNDP) နှင့် ရှမ်းလူထုအခြေပြု အဖွဲ့အစည်းများ ပါဝင်သည်။

SSPP သည် သမ္မတဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် အပစ် အခတ် ရပ်စဲရေး လက်မှတ်ထိုးထားသော လက်နက်ကိုင် အဖွဲ့ဖြစ်ကာ တနိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးနိုင်ရေးအတွက်လည်း ယခင်က ညီညွတ်သောတိုင်းရင်းသား လူမျိုး များ ဖက်ဒရယ်ကောင်စီ(UNFC)တွင် ပါဝင် ဆောင်ရွက်ခဲ့သည်။

သို့သော် UNFC မှ နှုတ်ထွက်ခဲ့ပြီး တရုတ်-မြန်မာနယ်စပ် အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) တွင် အဖွဲ့ဝင် အဖြစ် ပါဝင်လျှက်ရှိသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading