ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့၊ ကောင်းမူတုန် ရပ်ကွက်ရှိ လောင်းကစားရုံ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့က ဖမ်းဆီး ထားသည့် ပလောင် (တအာင်း) ရှေ့နေ မိုင်းမျိုးအောင် သည် တရားခံ အစစ်မဟုတ်ဘဲ ရဲတပ်ဖွဲ့၏ ဖမ်းဆီးနှိပ်စက်ခြင်း ခံနေရကြောင်း ပလောင် (တအာင်း) ဥပဒေ အထောက် အကူအဖွဲ့ (TLA) က ပြောသည်။
TLA ၏ သတင်းထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၂၂ ရက်နေ့က ကောင်းမှုတုန် ရပ်ကွက်ရှိ လောင်းကစားရုံလုံခြုံရေး တာဝန် ယူထားသော ပြည်သူစစ်နှင့် သေနတ်ကိုင်ဆောင်သူ တရားခံတို့ အကြား အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားရာမှ ပြည်သူစစ် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိ သွားကြောင်း ရဲတပ်ဖွဲ့က ထိုပစ်ခတ်မှုတွင် မိုင်းမျိုးအောင် ပါဝင်သည်ဟု ယူဆကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
မိုင်းမျိုးအောင် အမှုကို လိုက်ပါဆောင်ရွက်ပေးနေသော TLA ကော်မတီဝင် မိုင်းရှိန်ထွန်း က “ရဲတွေက သူ့ကို စစ်မေးရင်း ဘိနပ်နဲ့ကန်ကြတယ်။ သေနတ်ဒင်နဲ့ ရိုက်တယ်လို့သူ (မိုင်းမျိုးအောင်) ပြောတယ်” ဟု ပြောသည်။
ရဲတပ်ဖွဲ့က မိုင်းမျိုးအောင်ကို လောင်းကစားရုံကို တိုက်ခိုက်သောအုပ်စုနှင့် ပတ်သက်သည့် သတင်းများကိုပေးရန် ပြောဆိုသည်ဟု ဆိုသည်။
မိုင်းမျိုးအောင်ကို မူဆယ်ရှိ ကာင်းမှုတုန် ရဲစခန်းတွင် ထိန်းသိမ်းထားပြီး မိုင်းမျိုးအောင်နှင့် ရဲစခန်း၌ ခနတာ တွေ့ဆုံခွင့် ရချိန်တွင်လည်း မျက်နှာတွင် ဖူးရောင်ဒဏ်ရာများ တွေ့ရကြောင်း၊ ပြစ်မှု ကျူးလွန်ထားသူ မဟုတ်ဘဲ တရားခံ တဦးကဲ့သို့ ရိုက်နှက်စစ်ဆေးနေခြင်းသည် မဖြစ်သင့်ကြောင်းTLA ကထောက်ပြသည်။
မိုင်ရှိန်ထွန်းက “ပစ်ခတ်တဲ့နေရာမှာ၊ သူမရှိခဲ့ဘူး။ ပစ်ခတ်မှုဖြစ်တာကို တောင်မှသူမသိဘူး။ သူကသူ့ကိုယ်ရေးကိုယ်တာ အတွက် တခြားနေရာမှာ ရောက်နေတာ။ ဒါပေမယ့် ရဲတွေက သူလည်းပါတယ်လို့ပြောတယ်” ဟု ပြောသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် လူ ၃ ဦးသည်လအထက်ပါ လောင်းကစားရုံသို့ ရောက်လာပြီး လုံခြုံရေးများနှင့် ကတောက် ကဆဖြစ်ကြောင်း၊ ထိုသူ ၃ ဦးသည် ကားဖြင့်ပြန်ထွက်သွားသော်လည်း ဆိုင်ကယ်များဖြင့်ပြန်လာကာ လုံခြုံရေး အစောင့်များကို ပစ်ခတ်ခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။
မိုင်းမျိုးအောင်သည် ထိုသူ ၃ ဦးတွင်ပါဝင်ပြီး အခြား ၂ ဦးလွတ်မြောက်နေသည်ဟု ရဲတပ်ဖွဲ့ကစွပ်စွဲသည်။ မူဆယ် ရဲတပ်ဖွဲ့သည် မိုင်းမျိုးအောင်နှင့် အခြား သံသယရှိခံရသူ ၂ ဦးဖြစ်သည့် မိုင်ကျော်ဟိန်းနှင့် မိုင်အိုက်အုန်းတို့ ကားတစီးတွင် ရှိနေသော CCTV ကင်မရာ ဗီဒီယို ရှိသည်ဟု ဒုရဲမှူး အေးမြင့်က ဧရာဝတီသို့ပြောသည်။
ဒုရဲမှူး အေးမြင့်က “ပထမ သူတို့ ၃ ယောက်က အခင်းဖြစ်တဲ့နေရာနားမှာ လုံခြုံရေးတွေနဲ့ ကတောက်ကဆ ဖြစ်တာကို တွေ့ရတယ်။ သူတို့ ၃ ယောက်က လုံခြုံရေး အစောင့်တွေကို စိတ်ဆိုးပြီး ပြန်သွားတယ်။ ပြီးတော့ ဆိုင်ကယ်တွေနဲ့ ပြန်လာပြီး ပစ်ခတ်ခဲ့တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို CCTV မှတ်တမ်းအရ မိုင်မျိုးအောင်ကိုဖမ်းခဲ့သည် ဆိုသော်လည်း ရဲတပ်ဖွဲ့သည် မိုင်မျိုးအောင်၏ မိသားစု နှင့် TLA မှ သူ၏ ရှေ့နေကို ထိုရုပ်သံ အထောက်အထား ပေးအပ်ခြင်း၊ ပြသခြင်းမရှိဟုဆိုသည်။
မိုင်မျိုးအောင်သည် မန္တလေး – ရတနာပုံ သက္ကသိုလ်မှ B.A (L.L.B) ဘွဲ့ရပြီး ရှေ့နေလိုင်စင် ကိုင်ဆောင်ထားသည့် ရှေ့နေ တဦးဖြစ်ပြီး ဥပဒေ အကြောင်းအရ အခက်အခဲနှင့် ငွေကြေးမတတ်နိုင်သူများကို ကူညီပေးနိုင်ရန်အတွက် ဥပဒေ အထောက် အကူပြုအဖွဲ့ကို ဖွဲ့စည်း၍ ဒုက္ခရောက်သူ ဒေသခံလူထုများအား စေတနာထက်သန်စွာ ကူညီနေသူဖြစ်ကြောင်း သိရသည်။
မိုင်းမျိုးအောင်၏ ဇနီးဖြစ်သူက ရဲစခန်းတွင် ခင်ပွန်းနှင့် တွေ့ဆုံချိန်တွင် သူမအား ပလောင် စကားမသုံးဘဲ ဗမာစကားနှင့်သာ ဆက်သွယ်ရန် အတင်းအကျပ် တောင်းဆိုခဲ့ပြီး ယင်းသို့ တွေ့ဆုံခွင့် ရချိန်၌ အနီးတွင် ရဲတပ်ဖွဲ့က စောင့်ကြည့်နေသဖြင့် အဖမ်းခံရမှုနှင့် ပတ်သက်၍ အခြေအနေကို မေးခွင့်မရခဲ့ဟု ဆိုသည်။
မိုင်းမျိုးအောင်၏ ဇနီးဖြစ်သူ က “သူဘာစားချင်လဲပဲ မေးခွင့်ပေးတာ။ တခြားကိစ္စတွေ မေးခွင့်မပေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ တွေ့ဆုံခွင့် ရချိန်တွင် မိုင်မျိုးအောင်၏ ဝဲဘက် မျက်လုံးအောက်တွင် ဖူးရာင်နေသည်ကို တွေ့ကြောင်းနှင့် အခြားနေရာ များတွင်လည် ဒဏ်ရာများ ရှိနေနိုင်ကြောင်းလည်း သူပြောသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Palaung Lawyer Detained After Gambling Den Shooting ကိုဘာသာပြန်ဆိုသည်။